နိဒါန်း
“ငြိမ်းချမ်းရေး” ဟုဆိုရာတွင် မြန်မာစာပေအားဖြင့် ဗျည်းအက္ခရာ သုံးလုံး ဖြစ်သော “ငခရ” ဖြင့် ပေါင်းစုထားသော စကားစုကလေးဖြစ်ပါသည်။ စာရေးသူအနေဖြင့် ထို “ငခရ” ကို ငါ့ခရီး ဟု ရေးသားရမည်ဆိုပါကလည်း “ငါ့ခရီး” – “ငါသွားရမယ့်ခရီး ၊ အဲ့ဒီ ငါ့ခရီး ဘေးကင်းဖို့လိုတယ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုပါသည်။ ငြိမ်းချမ်းရေးဆိုသည်မှာလည်း ထို့အတူပင်၊ “ငြိမ်းချမ်းခြင်းကို ဘေးအန္တရာယ် ကင်းခြင်းဟုတစ်မျိုး၊ လုံခြုံခြင်းဟုတစ်ဖုံ၊ အေးမြခြင်းဟုတစ်လီ၊ ပျော်ရွှင်စေခြင်းဟုလည်း တစ်သွယ်” ဆက်စပ် အဓိပ္ပါယ်များ ဖွင့်ဆိုနိုင်ပေလိမ့်မည်။ မြန်မာလို “ငြိမ်းချမ်းရေး”၊ အင်္ဂလိပ်ဘာသာဖြင့် “Peace” ကို ဖော်ပြသော စကားစုများ၏ အဓိပ္ပါယ်များသည် စင်စစ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော အချက်များသာ ဖြစ်နေပေရာ၊ အနုတ်လက္ခဏာဆောင်သော မငြိမ်းချမ်းမှု၊ မလုံခြုံမှု၊ အန္တရာယ်ရှိမှု၊ မအေးမြမှု စသည် တို့သည်လည်း ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရှိနေပေသည်။
တကယ်တမ်းဆိုလျှင် ငြိမ်းချမ်းရေးဆိုသည်မှာ လူသားတို့ လိုလားတောင်းတတဲ့ အရာတွေ များစွာထဲက တန်ဘိုးဖြတ်လို့မရနိုင်သည့် မြင့်မြတ်သည့် အရာတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ ရမည်ဆိုလျှင် လူသားမျိုးနွယ်စု တစ်ခုကစပြီး နိုင်ငံတစ်ခု၊ နယ်ပယ်တစ်ခုမှ တစ်ကမ္ဘာလုံးတိုင်အောင် မဆုံးနိုင်သည့် ပျော်ရွှင်မှုများနှင့်ပြည့်ဝပြီး လှပသည့် အနာဂါတ်ပေါင်းများစွာကို ဖန်တီးတည်ဆောက်နိုင်ကြောင်း မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းများတွင် သာဓကပေါင်းများစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိဖို့သည် လူ့အဖွဲ့အစည်း တစ်ခုအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဟု အခိုင်အမာ ဆိုရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးမရှိရင် တိုင်းပြည်တစ်ပြည်သည် စည်ပင်သာယာ ဝပြောမှုများ မရရှိနိုင်သည့်အပြင် တိုင်းရင်သား ပြည်သူများ၏ လူမှုစီးပွား ဘဝ (Socioeconomic Situation)များ အားလုံးသည်လည်း ပြိုလဲပျက်စီး သွားနိုင်သည်ဆိုသည်ကို သမိုင်းသင်ခန်းစာ များက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။
"ငြိမ်းချမ်းရေးရှိဖို့ဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု"
ဤသို့ဆိုလျှင် မိမိတို့ မှီတင်းနေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနေနှင့် ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနဲ့ပတ်သက်ပြီး မည်သို့ မည်မျှ တန်ဖိုးသတ်မှတ် နှိုင်းယှဉ် ချိန်ထိုးကြည့်နိုင်မည်နည်း ဆိုသည့် မေးခွန်း ရှိလာမည် ဖြစ်ပါသည်။ တချိန်က မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု ပေါင်းစုံသည် အေးအတူပူအမျှ လွတ်လပ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြရာမှ ဗြိတိသျှနယ်ချဲ့ တို့၏ ကျူးကျော်မှု များကြောင့် ရာစုနှစ်တစ်ခုနီးပါး သူ့ကျွန်ဘဝကျရောက်ခဲ့ရပါသည်။
"၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်းမြန်မာနိုင်ငံသမိုင်းကြောင်းဟာ အကောင်းအဆိုးတွေနဲ့ရောပြွန်းရှုပ်ထွေးခဲ့တာကြောင့် အရှေ့တောင်အာရှမှာ ပြည်တွင်းပဋိပက္ခဖြစ်ပွားမှု သက်ဆိုး အရှည်ဆုံးနိုင်ငံဟု ပြောစမှတ်ပြုခံနေရပါတယ်"
စင်စစ် မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခ အရှည်ကြာဆုံးနိုင်ငံအဖြစ် ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရောက်ရှိနေခဲ့သည်မှာ ဗြိတိသျှတို့ ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ စတင်ရေတွက်လျှင် ၇၅ နှစ်ပင်ရှိခဲ့ပေပြီ။
တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်မှာ “စိန်ရတု”ပင် တိုင်လေပြီဟု ဆိုရပေတော့မည်။ အမှန်တော့ ဒီလိုစိန်ရတုသည် ဂုဏ်ယူစရာမဟုတ်။ ၇၅နှစ်တည်း ဟူသော အချိန်ကာလသည် ငြိမ်းချမ်းရေးသာ ရနေမည်ဆိုပါက ကိုယ့်နိုင်ငံရေမြေသဘာဝ သယံဇာတများနှင့်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးရေးသည် အတိုင်းအတာ တစ်ခုထိ ခရီးပေါက်နေမည်ဆိုသည်ကို မှန်းဆကြည့်လျှင် မြင်နိုင်မည်ဖြစ်သည်။ အဓိက အချက်မှာ ကိုလိုနီအမွေဆိုး အနေအဖြစ် လွတ်လပ်ရေး မရမီကတည်းက ပြည်တွင်းသောင်းကျန်းမှုများ စတင်ခဲ့ပြီး ရောင်စုံသူပုန်များဟု ခေါ်တွင်ရလောက်အောင် လူများစွဲ၊ ဝါဒစွဲများဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပေါ််ပေါက်လာခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးခရီးစဉ်မှာ ထင်သလိုမပေါက်ခဲ့ရကြောင်း နိဒါန်းအနေဖြင့်ဦးစွာ တင်ပြလိုခြင်းဖြစ်ပါသည်။
"ငြိမ်းချမ်းရေးဆိုသည်မှာ"
မြန်မာအဘိဓာန်၌ “ငြိမ်းချမ်းရေးဆိုသည်မှာ ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ကင်းမဲ့ သောအဖြစ်” ဟူ၍ ဖော်ပြထားပြီး အောက်(စ်)ဖို့ဒ်အဘိဓာန် (၇)ကြိမ်မြောက် ရိုက်နှိပ်မှုတွင်မူ “A situation or a period of time in which there is no war or violence in a country or an area” ဟူ၍ အနက် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
“ငြိမ်းချမ်းရေးဟူသည် ဆူပူလှုပ်ရှားမှုများ၊ ပုန်ကန်ထကြွမှုများမရှိသော၊ အကြမ်းဖက်ရက်စက်မှုများ မရှိသော၊ စစ်ပွဲများမရှိသော၊ ပဋိပက္ခကင်းသောကာလ (သို့မဟုတ်) အခြေအနေ” ဟု မြန်မာဘာသာပြန်ဆိုနိုင်ပါမည်။
မြန်မာ့ငြိမ်းချမ်းရေးပျက်စီးရခြင်း
မိမိတို့မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်လှန်လေ့လာကြည့်မည်ဆိုပါက နှစ်ပေါင်း ၁၀၀ ကျော် တိုင်အောင် ကိုလိုနီ စနစ်ဆိုးအောက် ကျရောက်နေခဲ့ရသည့်ဘဝမှ တိုင်းရင်းသားများအားလုံး၏ သွေးစည်းညီညွတ်မှုဖြင့် တွန်းလှန်ခဲ့ကြပြီး၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်တို့၏ ခေတ်ဆိုးများကို ခါးစည်းခံပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကိုအခြေခံပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာ နိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာ ရပ်တည်နိုင်ခဲ့လေသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ရခြင်းကြောင့် ငြိမ်းချမ်းရေး၏ အနှစ်အရသာကို ကောင်းမွန်စွာ ခံစားခဲ့ရခြင်းမရှိခဲ့ဘဲ လွတ်လပ်ရေးရပြီးနောက် ငြိမ်းချမ်းရေးကို တည်ဆောက်မည် ကြံစည်ဆဲ တိုင်းတစ်ပါးတို့၏ သွေးခွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုပျက်ပြားကာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တဖန်ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုသွားသည်မှအစပြု၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ သည်လည်း ရှေ့ဆင့် နောက်ဆင့်လိုက်၍ ခါးသီးခြင်း အရသာများအဖြစ် အရသာ ပေးစွမ်းကြလေတော့သည်။ မညီညွတ်မှု၊ မရိုးသားမှု၊ အာဃာတ တရားထားရှိမှုများဖြင့် ပြည့်ဝနေသော ပဋိပက္ခကြီးသည် ၁၉၄၈ ဧပြီ ၂ ရက်နေ့တွင် ပဲခူးခရိုင်ပေါက်ကုန်းကြီး တိုက်ပွဲမှ စတင်၍ လက်နက်စွဲကိုင်ပြီး ငြိမ်းချမ်းရေးကို စတင်ဖျက်ဆီး ခဲ့လေတော့သည်။
ဝန်ကြီးချုပ်ဦးနုလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
ဖဆပလ အစိုးရလက်ထက်မှစ၍ လေ့လာကြည့်လျှင် ၁၉၅၅ ခုနှစ် ဗကပနှင့် ဖဆပလအစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်ပင် ညှိနှိုင်း၍ မရရှိနိုင်ခဲ့။ ဝန်ကြီးချုပ်ဦးနု၏ သင်ပုန်းချေရေးဥပဒေကြောင့် ၁၉၅၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့ရဲဘော်အဖွဲ့၊ မွန်ပြည်သူ့ တပ်ဦးအဖွဲ့၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ သထုံဦးလှဖေနှင့် ဗိုလ်ချန်ဇုံအဖွဲ့တို့ အလင်း ဝင်ရောက်လာခဲ့ကြပြီး အခြားပါတီ အချို့လည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုများရှိခဲ့လေသည်။
သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးသမားများ၏ ဂိုဏ်းဂဏစွဲပဋိပက္ခများ ပေါ်ပေါက်လာမှု၊ နိုင်ငံရေးပါတီများအကြား စည်းလုံးညီညွတ်မှု ပြိုကွဲလာမှုတို့နှင့်အတူ နိုင်ငံရေးအာဏာ အပြောင်း အလဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရာမရောက်ဘဲ အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။
တော်လှန်ရေးကောင်စီအစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ပေရာ ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုထုတ်ပြန်ပြီး တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတော်ထူထောင်ရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်နိုင်ရန် ဥပဒေဘောင်အတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ တော်လှန်ရေးကောင်စီက ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံအရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသားစုစုပေါင်း ၁၂၀၀၀ ခန့် လွတ်ငြိမ်း ချမ်းသာခွင့်ကို ခံစားခဲ့ကြရသည်။ ထိုလွတ်ငြိမ်းချမ်း သာခွင့်အမိန့်ကို ယုံကြည် လက်ခံသော တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများမှ သောင်းကျန်းသူ အများ အပြားမှာလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ကြိုးပမ်း ခဲ့ကြသော်လည်း အခါးအရသာ မပျောက်နိုင်သေးသည့် ဟင်းတစ်ခွက်အလား ပဋိပက္ခများဖြစ်ပွားဆဲ ခါးသီးမြဲပင်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် (၂/၈၀)ကို ၁၉၈၀ ပြည့်နှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ပြေးအဖွဲ့များကို ဥပဒေဘောင်အတွင်း ဝင်ရောက်စေခဲ့ပြီး ပြည်ပြေးအဖွဲ့၏ လှုပ်ရှားမှုများလည်း ချုပ်ငြိမ်းသွားခဲ့လေသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
ထို့နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်၌ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တောတွင်းလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် လက်မှတ် မရေးထိုးနိုင်ခဲ့သော်လည်း အဖွဲ့ပေါင်း (၁၇)ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ခဲ့သော ကြောင့် တစ်နိုင်ငံ လုံးနီးပါး အေးချမ်းမှုရရှိခဲ့လေသည်။
ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် စိတ်ရင်းစေတနာများကြောင့် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာကြသော အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ထိရှိလာခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ် ဧပြီလမှ စပြီး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ နယ်ခြားစောင့်တပ် (BGF) နဲ့ ပြည်သူ့စစ် အဖွဲ့များအဖြစ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို အသွင်ကူးပြောင်းရေး ဆောင်ရွက်ပေးခဲ့ပြီး နယ်ခြားစောင့်တပ် ၂၃ တပ်နှင့် ပြည်သူ့စစ် ၈၃ ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။ လက်နက် အပြီးအပိုင် စွန့်လွှတ်ခဲ့သည့် အဖွဲ့များလည်း (၁၀)ဖွဲ့အထိ ရှိခဲ့ပါသည်။ ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် “ငြိမ်းချမ်းရေးမရရှိဘဲ ဒီမိုကရေစီစနစ် မထွန်းကားနိုင်သလို ငြိမ်းချမ်းရေးမရရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်”ဟုခံယူကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်းလုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့ဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ် ခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ မတ်လမှစပြီး NCA သဘောတူညီမှု မူကြမ်း ရရှိရေးအတွက် အလွတ်သဘော ဆွေးနွေးမှု (၂၂) ကြိမ်၊ တရားဝင်ဆွေးနွေးမှု (၇) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NCA သဘောတူစာချုပ် အတည်ပြု မူကြမ်းကို နှစ်ဖက်သဘောတူညီမှုရရှိကာ သမိုင်းဝင် (NCA) စာချုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ ဖြစ်သည့် ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KNU၊ KNU/ KNLA-PC ၊ PNLO ၊ RCSS/SSA တို့သည် နိုင်ငံတကာအသိသက်သေများ၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ NCA တွင်ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဆင့်(၃)ဆင့် ပါဝင်သော လမ်းပြမြေပုံ (Road Map) ပါဝင်နေပါသည်။ NCA စာချုပ်သည်လွယ်လွယ်နှင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ ၎င်းစာချုပ်ရရှိဖြစ်ထွန်းလာစေဖို့ ငြိမ်းချမ်းရေး စတင် ဖိတ်ခေါ်ခဲ့သည့်နေ့ကစပြီး NCA သဘောတူစာချုပ် အပြီးသတ် ရရှိတဲ့နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပေသည်။ ၎င်းကာလအတွင်းမှာ အစည်းအဝေးငယ်များ၊ တွေ့ဆုံ ညှိနှိုင်းမှုများ အကြိမ်ပေါင်း ၅၀၀၀ ထက်မနည်း ဆောင်ရွက်ခဲ့ကြရပါသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် အုတ်မြစ်ချနေသည့်အတိုင်းအတာမှ အနည်းငယ် ရုပ်လုံးပေါ်ပေါက် လာခဲ့လေပြီဟု ဆိုနိုင်ပါသည်။
NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံဟူသော အမည်ဖြင့် လေးကြိမ်တိုင် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့ ဖြစ်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြင့်သာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် ထပ်မံသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း ယခင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သဘော တူညီချက်များ၊ ၎င်းတို့နဲ့ ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် ဆက်လက်ဖော် ဆောင်လျက်ရှိပါသည်။
ထို့ကြောင့် ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကို တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လည်းကောင်း ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ (၃)ရပ်ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့လေသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မိဘပြည်သူများသို့ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော် နိုင်ရေး မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ခေါင်းဆောင်များအား ရိုးသားပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ် ခဲ့လေသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် (NCA) လက်မှတ်ရေးထိုးထားပြီးသော အဖွဲ့များ ထဲမှ အဖွဲ့ (၇) ဖွဲ့နှင့် လက်မှတ်မရေးထိုးရသေးသော အဖွဲ့များမှ (၃)ဖွဲ့ တို့သည် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြလေသည်။ အဖွဲ့အစည်းအသီးသီးနှင့် (၁၂၃)ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး သဘောတူညီချက်များအား ဆက်လက်လက်မှတ် ရေးနိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့လေသည်။ ထိုမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း တစ်ဆက်တည်း လုပ်ဆောင်နိုင်ခဲ့ပြီး ထိုဆွေးနွေးပွဲများမှ ရရှိလာသည့် သဘောထားအကြံပြုချက်များကို အခြေခံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံ
NCA နှင့် အနာဂတ်မြန်မာ့ငြိမ်းချမ်းရေးခရီး
NCA တွင် အခန်း (၇) ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါဝင်ပြီး၊ နိုင်ငံရေးဆိုင်ရာ အချက် ၃၅ ချက်၊ စစ်ဘက်ဆိုင်ရာအချက် ၅၅ ချက်၊ လူမှုစီးပွားဘဝနှင့်သက်ဆိုင်သောအချက် (၂၃) ချက်တို့ ပါဝင်ပါသည်။ NCA ၏ အနှစ်သာရများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရန်နှင့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ရပ် ထူထောင်ရန် အဓိကရည်ရွယ်ရေးဆွဲထားပါသည်။
NCA သည် နိုင်ငံရေးပဋိပက္ခ များကို နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရေး ဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများဖြင့် နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင် ပြေလည်မှုမရရှိခဲ့သော ဖြေရှင်းမှု နည်းလမ်းများအစား ပြည်သူလူထု အားထိခိုက်မှုမရှိစေဘဲ အထိရောက်ဆုံးဖြေရှင်းနိုင်သည့် နည်းလမ်း မှာ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာဖြစ်ကြောင်း သတိပြုရပါမည်။ အထူးသဖြင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကတစ်ဆင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများကို အုတ်မြစ်ချပေးထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပေသည်။
လက်ရှိ ကမ္ဘာတစ်လွှားနှင့် မြန်မာပြည်တွင်းရေးတို့တွင် ပဋိပက္ခများ၊ တင်းမာမှုများနှင့် စစ်ပွဲ များကြောင့် စွမ်းအင်ပြတ်လပ်ခြင်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းများ ရင်ဆိုင်နေကြရပါသည်။ ပြည်သူများအနေဖြင့်လည်း စီးပွားရေးအကျပ် အတည်းများ ဖြစ်ပေါ်နေပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများ၏ သွေးထိုး၍ ကူညီပေးမှုကို ရယူထားသော အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များ၏ အဘက်ဘက်မှတိုက်ခိုက်မှုများကို နိုင်ငံတော်အနေဖြင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် အချိန်ဖြစ်နေပါသည်။ ယင်းအခြေအနေသည် မည်မျှ ကြာမြင့်၍ မည်သည့် အတိုင်းအတာအထိ ကြီးမားကျယ်ပြန့်မည်ကို ခန့်မှန်းရန်ခက်ခဲသည့် အခြေအနေ ဖြစ်နေပေသည်။ ထိုသို့သောအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေးအကြပ်အတည်းများ ပြေလည်စေရေးအတွက် လက်နက်ကိုင် လမ်းကြောင်းအစား ငြိမ်းချမ်းရေး ညှိနိုင်းဆွေးနွေးရေး လမ်းကြောင်းပေါ် တွင်လျှောက်လှမ်းနိုင်ရန် ဖိတ်ခေါ်မှုများ ဆက်တိုက် လုပ်ဆောင်ကြရမည့် အချိန် ဖြစ်ပါသည်။
ပြည်တွင်း ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲ အကျပ်အတည်းများစွာရှိကြစမြဲဖြစ်ပါသည်။ NCA သည် ငြိမ်းချမ်းရေးအတွက် ပင်မတံခါးပေါက်တစ်ချက် ဖြစ်သော်လည်း ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့်ဆန္ဒ၊ နည်းလမ်း မှန်ကန်မှု၊ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှု၊ ခိုင်မာအောင် ထိန်းသိမ်းမှုများရှိမှသာ ငြိမ်းချမ်းရေး၏ လိုရာခရီးပေါက်မည် ဖြစ်ပေသည်။ ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခု မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင် ရပေမည်။ သို့မှသာ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
ငြိမ်းချမ်းရေးရရှိမှုသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် များစွာသက်ဆိုင်နေသည်။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မရှိလျှင် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲခြင်းဆိုသည်မှာ မဖြစ်နိုင်တော့သည့်အလျှောက် တို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းစောင့်ရှောက်နိုင်မည်မဟုတ်။ ပြည်ထောင်စု ကြီးလည်း တနေ့ ပြိုကွဲသွားနိုင် မည်သာတည်း။ နိုင်ငံတော်တိုးတက်ရေးဆိုသည်မှာလည်း ရွှေပြည်တော် မျှော်တိုင်းဝေး၊ ငြိမ်းချမ်းရေး ပျက်သုဉ်း၍ စစ်ပွဲများ၊ မီးလောင်ပြင်ကြား မြို့ပျက်ကြီးများဖြင့် တိုင်းသူပြည်သားအားလုံး စစ်ဘေးဒုက္ခ၊ အငတ်ဘေးဒုက္ခ စသည့် ဒုက္ခအတိဖြင့် ကြုံတွေ့ကြရမည် သာဖြစ်ပေသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ရိုးရှင်းသည့်အရာမဟုတ်၊ နက်နဲ သိမ်မွေ့လှသည့် ပညာရပ် တစ်ခုဟုဆိုနိုင်သည်။ တိုင်းရင်းသားအချင်းချင်း သဘောထားကွဲလွဲမှုများအပေါ်တွင် အခြေတည် ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောထားကြီးစွာဖြင့် သည်းခံ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသား ပြည်သူများ အားလုံး မှန်မှန်ကန်ကန်သိရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ ရည်မှန်းချက်ထား ဦးတည်ရမည်ဖြစ်သည်။ အထူးသဖြင့် လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အကျိုးစီးပွားစွဲဟူသော အစွန်းရောက်မှုများကို ရှောင်ကြဉ်ကာ တိုင်းရင်းသားပြည်သူများ၏ အန္တိမ ရည်မှန်းချက် ဖြစ်သည့် ရေရှည်တည်တံခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် အားလုံးပါဝင်မှုဖြင့် အဖြေရှာနိုင်ရန် ဆက်လက်ကြိုးပမ်းသွားရမည်ဖြစ်ပါသည်။
နိဂုံး
ငြိမ်းချမ်းရေးသည် ထိရှလွယ်သည့်အရာတစ်ခုဖြစ်သည်။ သို့သော် ကိုင်တွယ်ထိန်းသိမ်းတတ်မည် ဆိုပါက ရေရှည်တည့်ခိုင်မြဲအောင် ပြုလုပ်နိုင်ကြောင်း သက်သေ၊ သာဓကများစွာလည်း ကမ္ဘာ့သမိုင်းများတွင်ရှိနေပြန်သည်။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းနေပြီးသောနိုင်ငံအများအပြားတွင် နည်းပညာ အသစ်အဆန်းများဖြင့် လူနေမှုဘဝများ တိုးတက်ဖွံ့ဖြိုးနေချိန်တွင် မြန်မာနိုင်ငံသည် ဗုံးသံ သေနတ်သံ များကြား စစ်နွံထဲမှ မရုန်းထွက်နိုင်သေးဘဲ ခေတ်နောက်ကျကျန်နေခဲ့မည်ဆိုလျှင် အမှန်စင်စစ် ရှက်ဖွယ်အတိပင် ဖြစ်သည်။ လက်တွေ့မှာတော့ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင် ငြိမ်းချမ်းရေး ခရီးသည် ခက်ခဲကြမ်းတမ်းဆဲ ဖြစ်နေသည်မှာဝမ်းနည်းစရာ ကောင်းလှသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိသရွေ့ တိုးတက် ဖွံ့ဖြိုးမှုများမှာ လည်း တိုက်ရိုက်အချိုးကျကာ ခေတ်နောက်ကျ နေဦးမည်သာဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရေးထက် ပိုပြီးအရေးကြီးသော လုပ်ငန်း မရှိတော့ဘူးဆိုသည်ကို တိုင်းရင်းသားပြည်သူအားလုံးက ခြွင်းချက်မရှိ နားလည်လက်ခံကြရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းနှင့် အဖြေတစ်ခုကို ဝိုင်းဝန်းကူညီ ရှာဖွေအကြံပြုကြရင်း ရှိပြီးသား သဘောတူပြီးသား NCA လမ်းကြောင်းကို တိုးတက်ခိုင်မာအောင် ပြုလုပ်ကြရမည်မှာ အစိုးရနှင့် တိုင်းရင်းသား ပြည်သူအဆင့်အတန်းအားလုံးကြား တာဝန်တစ်ခုပင်ဖြစ်ပါသည်။
ဆောင်းပါးအား download ရယူရန်
အကိုးအကား အထောက်အထား
၁။ ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ဆောင်းပါး၊ ဇာနည်ဘွား၊ ကြေးမုံ နေ့စဉ်သတင်းစာ (၁၃-၅-၂၀၂၂ )။
၂။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး မျှော်လင့်ချက်၊ စလင်း-စည်သူကျော်ထင်၊ မြန်မာ့အလင်းသတင်းစာ (၁၄-၁၁-၂၀၂၃)။
၃။ NCA မှသည် စဉ်ဆက်မပြတ်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကျဉ်း ချဉ်းကပ် လေ့လာခြင်းစာတမ်း – ရန်ကျော် (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)။
၄။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း- ရဲဘော်သစ်မောင်၊ အပိုင်း(၁၊ ၂၊ ၃၊ ၄၊ ၅)။
၅။ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရေးဖြင့်ငြိမ်းချမ်းရေး (၁၉၆၃-၁၉၈၈)၊ ဒေါက်တာစိန်မြင့်။
၆။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်-၁၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။
၇။ ငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံ့အနာဂတ်ခရီးအတွက် အခြေခံလိုအပ်ချက်၊ ဇင်ဦး၊ MOI.GOV.MM။
စာရေးသူ၏ကိုယ်ရေးအကျဉ်း
- ကြည်း ၁၈၂၇၂ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မင်းနိုင်သည် OTS အပတ်စဉ် ၆၆ မှ စံပြထူးချွန်ဆု ရရှိခဲ့သည့် သင်တန်းဆင်းအရာရှိတစ်ဦးဖြစ်ပါသည်။
- ၂၀၁၀ ခုနှစ်တွင် တပ်မ (၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ အထိ တွဲဖက်စစ်ထောက်ချုပ်၊ ဗိုလ်ချုပ် တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။
- ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းထံမှ လွှဲပြောင်းဆက်ခံခဲ့ပါ သည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “ဇေယျကျော်ထင်” ဘွဲ့ကို ရရှိခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ချီမြှင့်သည့် “ စည်သူ” ဘွဲ့ကို ရရှိခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၃ ခုနှစ်တွင် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတွင် အတွင်းရေးမှူး တာဝန် ထမ်းဆောင်လျက်ရှိပါသည်။