တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခတ်မှု
ရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၈)နှစ်မြောက်
နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း
ကောက်နုတ်ချက်
“လက်ရှိကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ် ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးခါစ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်နေတာ ကိုလည်း တွေ့ရရှိပါတယ်။ ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင်က မမဲသမာမှုတွေဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်း လမ်းကျဖြေရှင်းခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့က လည်းဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေး တာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာ ပြည်သူ လူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေတာ၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတာပဲဖြစ်ပါတယ်။ ဒါတွေကို အားလုံးက သတိပြုမိစေလို ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက် လှမ်းသွားမှာပဲ ဖြစ်ပါတယ်။ ဒီလို လျှောက်လှမ်းနိုင်ဖို့လွတ်လပ် ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးလိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အခင်းအကျင်း တွေကို ဆက်လက်ဆောင်ရွက်လျက် ရှိနေပါတယ်။”
” ဒီမိုကရေစီစနစ်ဆိုရာမှာ အမျိုးမျိုးရှိပါတယ်။ ယနေ့ ကျွန်တော်တို့နိုင်ငံကျင့်သုံး နေတာက ပါတီစုံဒီမိုကရေစီ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာအထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ပြည်သူတွေအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းအရ အထွေထွေ ရွေးကောက်ပွဲ အတွေ့အကြုံ တွေလည်းရှိကြပြီးဖြစ်ပါတယ်။ ဖဆပလ ခေတ်က ပါလီမန် ဒီမိုကရေစီစနစ်နဲ့ ယနေ့ခေတ် ပါတီစုံဒီမိုကရေစီစနစ်ရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအထိဟာ “အနိုင်ရသူ အကုန်ယူ” စနစ်ဖြစ်တာကြောင့် နိုင်ငံရေး ချိန်ခွင်လျှာညီမျှမှုမရှိခဲ့ဘဲ တိုင်းရင်းသားလူမျိုးစုပါတီများအနေနဲ့ နိုင်ငံရေးမှာပါဝင်ခွင့် အခွင့်အရေးနည်းပါးခဲ့တာကို တွေ့ရမှာဖြစ် ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုကြီး ၈ စုရှိပြီး လူမျိုးစု ၁၃၀ ကျော် ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးကို ခိုင်မာတဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း” လို့လည်း အနက်အဓိပ္ပာယ ်ရှိပါတယ်။ မျှဝေခံစားဖို့ဆိုရင်တော့ ရွေးကောက်ပွဲစနစ်မှာ ယခင်ကျင့်သုံးခဲ့တဲ့ အင်အားကြီး ပါတီတစ်ခုတည်းက “အနိုင်ရသူ အကုန်ယူ” ဆိုတဲ့ စနစ်အစား တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဖို့ “အချိုးကျကိုယ်စားပြု စနစ်” PR စနစ်ကိုကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဆန္ဒတစ်ခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဆိုပြု ချက်တွေနဲ့ ဖြစ်ပေါ်လာတဲ့ NCA စာချုပ်ထဲကဘုံသဘော ဆန္ဒလည်းဖြစ်ပါတယ်။ NCAစာချုပ်ပါအခန်း(၁) အခြေခံမူများမှာ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်သွားရန်”၊ “နိုင်ငံသား အားလုံး တန်းတူရည်တူ အခွင့်အရေးများရရှိစေရန်” ဆိုတဲ့ အချက်ပါရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် PR စနစ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ အသင့်လျော်ဆုံးဆိုတာ ပြောကြားလိုပါတယ်။”