CBMs ဆိုတာဘာလဲ?
ယုံကြည်မှုတည်ဆောက်ခြင်းလုပ်ငန်းစဉ်များ Confidence Building Measures (CBMs) ဆိုသည်မှာ ယုံကြည်မှုတည်ဆောက်ရန်အတွက် ပဋိပက္ခဖြစ်ရသည့် မူလ အကြောင်းရင်းများကို အထူးအလေးပေး စဉ်းစားမနေတော့ဘဲ ပဋိပက္ခဖြစ်နေကြသည့် အဖွဲ့အစည်းများအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး ရရှိလာသည့် သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်သည်။
ဘာကြောင့် CBMs ကို အသုံးပြုကြတာလဲ?
CBMs ကို ယုံကြည်မှုတည်ဆောက်ရန်အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ကြခြင်းပင် ဖြစ်သည်။ ယုံကြည်မှုဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ပြီး ထိုဖြစ်စဉ်အတွင်း CBMs လုပ်ဆောင်ကြသူများသည် ၎င်းတို့ကိုယ်တိုင် ထိခိုက်နိုင်သော်လည်း တွဲဖက်လုပ် ဆောင်ကြမည့်သူများထံမှ စိတ်ကောင်းစေတနာမှန်နှင့် အပြုသဘောဆောင်သော အပြုအမူများအပေါ် မျှော်လင့်ပြီး လုပ်ဆောင်ရန်အသင့်ဖြစ်နေကြသည်။
CBMs အသုံးပြုရခြင်း ရည်ရွယ်ချက်
CBMs ကို အောက်ပါ ရည်ရွယ်ချက် ၃ ခု ဖြင့် အသုံးပြုကြသည်-
- မြင့်တက်လာသည့် ထိပ်တိုက်တွေ့မှုများကို ကာကွယ်ရန်။
- စေ့စပ်ညှိနှိုင်းမှုများ စတင်ရန်နှင့် ပိုမိုထိရောက်သော ဆွေးနွေးပွဲများ ဖြစ်လာ စေရန်။
- လုပ်ငန်းစဉ်နှင့် ၎င်း၏ရလဒ်များကို စုစည်းရန်။
CBMs တွင် မည်သူပါဝင်သင့်သနည်း?
CBMs တွင် အောက်ပါအတိုင်း လူတန်းစား (၃) မျိုး ပါဝင်နိုင်သည်-
- စေ့စပ်ညှိနှိုင်းသူများ၊
- ဆုံးဖြတ်ချက်ချမှတ်သူများနှင့်
- သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များ
CBM အမျိုးအစားများ
CBMs ကို နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် ဆက်စပ် ပတ်သက်နေသော အမျိုးအစားများအဖြစ် ခွဲခြားနိုင်သည်။
- နိုင်ငံရေးနှင့်ဆိုင်သော CBMs
- လုံခြုံရေးကဏ္ဍရှိ CBMs
- စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ CBMs
- လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုနှင့်ဆိုင်သော CBMs
CBMs ကို မည်သည့်အချိန်တွင် အသုံးပြုသင့်သနည်း?
အောက်ပါ အချိန်အခါမျိုးတွင် CBMs ကို အသုံးပြုသင့်ပါသည်-
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မစတင်မီနှင့် အကြိုညှိနှိုင်းမှုများ ပြုလုပ်နေစဉ် ကာလ အတွင်း
- ညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်နေစဉ်ကာလအတွင်း
- အကောင်အထည်ဖော်နေစဉ်ကာလအတွင်း
CBMs ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဆင့်အားလုံးတွင် အသုံးပြုနိုင်သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမတိုင်မီ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ်ကာလ အတွင်း သို့မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပြီးတွင် အသုံးပြုပါက ၎င်းတို့၏ သဘော သဘာဝ နှင့် လုပ်ဆောင်ချက်များမှာ ပြောင်းလဲသွားမည်ဖြစ်သည်။
စိန်ခေါ်မှုများ (Challenges)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် CBMs အသုံးပြုလျှင် အောက်ပါစိန်ခေါ်မှု (Challenges) ၅ ခုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်-
(၁) “ယုံကြည်မှုမရှိခြင်း”က အဓိကပြဿနာမဟုတ်သည့် အခြေအနေမျိုးတွင် CBMs အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
(၂) CBMs ကို အချိန်ဆွဲရန် သို့မဟုတ် တစ်ခုခုကို ဖုံးကွယ်ရန်အတွက် နည်းဗျူဟာ အဖြစ် အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
(၃) စစ်မှန်သောစေ့စပ်ညှိနှိုင်းမှုများမှ အာရုံလွှဲစေနိုင်လောက်သည်အထိ “လွန်စွာအောင်မြင်သော” CBMs ကို သတိထားပါ။
(၄) တစ်ဖက်သတ်ဖြစ်နေသော၊ အချိုးမညီဖြစ်နေသော၊ “အတုအယောင်” ဖြစ်နိုင် သည့် CBMs ကို သတိထားစောင့်ကြည့်ပါ။
(၅) လက်တွေ့မကျသည့်၊ ပဟေဠိဆန်သည့်၊ အတည်မပြုနိုင်သည့် CBMs နှင့် အကောင်အထည်မဖော်နိုင်သော CBMs ကို ရှောင်ကြဉ်ပါ။
CBMs အတွက် လမ်းညွှန်ချက် ၁၀ ချက်
(၁) အံဝင်ခွင်ကျဖြစ်ခြင်း (Tailor-made) ။ CBMs သည် ဖြစ်စဉ်များနှင့် ကိုက်ညီ ရမည်ဖြစ်ပြီး တောင်းဆိုမှုလွန်ကဲခြင်း သို့မဟုတ် ရှုပ်ထွေးလွန်းခြင်းမျိုး မဖြစ်သင့်ပေ။ CBMs အများစုသည် ရည်မှန်းချက် ကြီးလွန်းသောကြောင့် ကျရှုံးကြရသည်။ ထို့အပြင် CBMs ၏ ရည်ရွယ်ချက်ကိုလည်း ရှင်းရှင်း လင်းလင်း ဖော်ပြသင့်ပါသည်။
(၂) ရိုးရှင်းခြင်း (Simple) ။ CBMs ပြုလုပ်မည့် အဖွဲ့အစည်းများအနေဖြင့် CBMs သည် ရိုးရှင်းသည်ဟု ထင်မြင်သင့်ပါသည်။ အစောပိုင်းတွင်ပင် ရှုပ်ထွေးမှုများ ကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် မယုံကြည်မှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် အထူးသဖြင့် အစောပိုင်းတွင် ရိုးရှင်းသော CBMs များဖြင့် ဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ CBMs သည် ကြာရှည်သော ညှိနှိုင်းဆွေးနွေးမှုများ ဆီသို့ ဦးတည်မသွားသင့်ပါ။
(၃) မြင်နိုင်စွမ်းရှိခြင်း(Visible) ။ CBMs လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်များ သည် သတ်မှတ်ရည်ရွယ်ထားသည့် ပရိသတ်များ (ပဋိပက္ခပါတီများနှင့် ၎င်းတို့၏ မဲဆန္ဒနယ်များ) အကြားတွင် ရှင်းလင်းထင်ရှားသော မြင်နိုင်စွမ်း ရှိသင့်ပါသည်။
(၄) အတည်ပြုပေးနိုင်ခြင်း (Verifiable) ။ CBMs သည် ထိန်းချုပ်ရန် သို့မဟုတ် စောင့်ကြည့်ရန် လွယ်ကူသင့်သည်။ အကောင်အထည်ဖော်မှု မရှိခြင်းသည် ကြီးမားသည့် ယုံမှားသံသယကို ဖြစ်ပေါ်စေသဖြင့် စိစစ်ရေးယန္တရားများ အပေါ်တွင် ရှင်းလင်းပြတ်သားမှုသည် မရှိမဖြစ် လိုအပ်ပါသည်။
(၅) တကယ်လို့သာမဖြစ်ရင် ဘာလုပ်မလဲဆိုသည့်အခြေအနေမျိုးအတွက် ရှင်းရှင်း လင်းလင်းရှိခြင်း (Clear about “what if” scenarios) ။ CBMs လုပ်ဆောင် ရာတွင် သဘောတူညီချက်များကို ချိုးဖောက်ပါက မည်သို့ဖြစ်မည် စသည် တို့ကို ရှင်းရှင်းလင်းလင်း ရှိရပါမည်။ ထိုသို့ ရှင်းရှင်းလင်းလင်း မရှိပါက CBMs သည် ထိရောက်မှု မရှိနိုင်ပါ။
(၆) လုပ်ငန်းစဉ်တစ်ခုနှင့် ချိတ်ဆက်မှုရှိခြင်း (Linked to a process) ။ CBMs လုပ်ခြင်းသည် အဆုံးသတ်လုပ်ငန်းစဉ်တစ်ခုမဟုတ်ဘဲ ရှေ့ဆက်လုပ်ရမည့် အခြားလုပ်ငန်းအတွက် နည်းလမ်းတစ်ခုဖြစ်ရမည်။ CBMs သည် နောက်ထပ် CBMs သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့သို့ တွန်းပို့နိုင်သည့် ပိုမိုခိုင်မာသော စေ့စပ်ညှိနှိုင်းမှုများနှင့် ချိတ်ဆက်သင့်သည်။
(၇) ကဏ္ဍများစွာတွင် အသုံးပြုခြင်း (Applied in several sectors) ။ CBMs သည် ကဏ္ဍတစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက် အလေးပေးပြီး လုပ်ဆောင်ခြင်း မျိုး မပြုသင့်ပေ (ဥပမာ – စစ်ရေးဆိုင်ရာကဏ္ဍ)။ ဖြစ်နိုင်ပါက ၎င်းတို့အား နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ၊ ထိရှလွယ်သည့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင်လည်း လုပ်ဆောင်သင့်ပါသည်။
(၈) ကုန်ကျစရိတ်သက်သာခြင်း (Low-cost) ။ CBMs လုပ်ငန်းစဉ်များသည် လွယ်ကူရမည်ဖြစ်ပြီး ငွေကြေးအကုန်အကျ မများသင့်ပေ။ ထိုသို့မဟုတ်ဘဲ ကုန်ကျစရိတ် ကြီးမားပါက ၎င်းတို့ကို အကောင်အထည်ဖော်ရန် အခက်အခဲ၊ အတားအဆီးဖြစ်နေပေလိမ့်မည်။
(၉) အနာဂတ်အတွက် ကြိုတင်သတ်မှတ်မထားခြင်း (Not predetermine the future) ။ CBMs လုပ်ခြင်းဖြင့် ယုံကြည်မှုတည်ဆောက်သင့်သော်လည်း စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်၏ အနာဂတ်ခြေလှမ်းများကို ကြိုတင်ဆုံးဖြတ် ခြင်းမျိုး မပြုလုပ်သင့်ပေ။ စေ့စပ်ညှိနှိုင်းရေး နယ်ပယ်ကို ကန့်သတ်ခြင်းမျိုး မပြုလုပ်သင့်ပေ။
(၁၀) တူညီသောအကျိုးသက်ရောက်မှုရှိခြင်း (Have equal impact) ။ CBMs ပြုလုပ်သည့် နှစ်ဖက်အဖွဲ့အစည်းအပေါ်တွင် အဆင့်ရှိပြီး တူညီသည့် အကျိုး သက်ရောက်မှု ရှိရမည်။ တစ်ဖက်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကိုသာ တောင်းဆိုနေလျှင် နှစ်ဖက်အဖွဲ့အကြား ယုံကြည်မှု တည်ဆောက်နိုင်မည် မဟုတ်ပေ။
ယုံကြည်မှုတည်ဆောက်ခြင်း(Confidence Building Measures) သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လုပ်ဆောင်ရန် လိုအပ်ပြီး လှေကားထစ်တက်သကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကာ ရရှိထားသော ယုံကြည်မှုကို ခိုင်မာအောင်တည်ဆောက်ပြီး ယုံကြည်မှု ဆက်လက် တိုးပွားအောင် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
Reference: Simon J.A. Mason “Confidence Building Measures (CBMs) in Peace Processes”