ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်း (၅)မျိုးရှိပြီး အောက်ပါအတိုင်း ဖြစ်ပါသည်-
- ယှဉ်ပြိုင်သည့်နည်းဖြင့် အနိုင်ယူခြင်း (Competing)
- ရှောင်လွှဲခြင်း(Avoiding)
- အလိုက်အထိုက်ပြုမူနေထိုင်ခြင်း(Accommodating)
- အပေးအယူလုပ်သည့်နည်းဖြင့် ညှိနှိုင်းခြင်း(Compromising)
- ပူးပေါင်းအဖြေရှာခြင်း(Collaborating)
ယှဉ်ပြိုင်သည့်နည်းဖြင့် အနိုင်ယူခြင်း (Competing)
အကျိုးစီးပွားတစ်ခုအတွက် ထိပ်တိုက်တွေ့သည့်အချိန်တွင် ထိပ်တိုက်ရင်ဆိုင်ပြီး မိမိ လိုချင်သည်ကိုသာ အတင်းလုပ်ယူသည့်နည်း ဖြစ်ပါသည်။ ညှိနှိုင်းဖြေရှင်းခြင်းမပြုဘဲ နိုင်သူ အကုန်ယူပုံစံဖြစ်ပြီး အများအားဖြင့် အင်အားကြီးသည့်ဘက်က ၎င်း၏နည်းဗျူဟာများအတိုင်း တစ်ဖက်အဖွဲ့အစည်းအတွက် ထည့်သွင်းစဉ်းစားမှုနည်းပါးကာ အတင်းဖိအားပေးထိန်းချုပ်ပြီး လိုက်လျောလာစေရန် အကျပ်ကိုင်လုပ်ဆောင်သည့်ပုံစံ ဖြစ်ပါသည်။ တစ်ဖက်က အနိုင်ရသော် လည်း တစ်ဖက်အတွက် အရှုံးသာကျန်ခဲ့သည့် Win-Lose ပုံစံလည်းဖြစ်ပါသည်။
ရှောင်လွှဲခြင်း(Avoiding)
မည်သည့်အခြေအနေမျိုးတွင်မဆို ဖြေရှင်းရန်မကြိုးစားဘဲ ပဋိပက္ခကို ရှောင်ပြေးသည့် ပုံစံဖြစ်ပါသည်။ ထိုသို့ ရှောင်ပြေးလိုက်ခြင်းဖြင့် ရှိပြီးသား ပြဿနာများက ပြီးဆုံးသွားမည် မဟုတ်သည့်အပြင် ဖွဲမီးကဲ့သို့ အတွင်းကနေ တငွေ့ငွေ့ လှိုက်စားနေမည်ဖြစ်သည့်အတွက် ထိုသို့ ရှောင်လွှဲသည့်နည်းလမ်းကို အသုံးပြုခြင်းသည် နှစ်ဖက်လုံးအတွက် အရှုံးကိုသာ ရရှိစေမည် ဖြစ်ပါသည်။
အလိုက်အထိုက်ပြုမူနေထိုင်ခြင်း(Accommodating)
ယခုနည်းလမ်းသည် ပြဿနာကို ဖြေရှင်းရမယ်မှန်းသိပြီး တစ်ဖက်ကပြောသမျှ ခေါင်းညိတ်ပေးလိုက်ခြင်းဖြင့် စကားနည်း ရန်စဲသဘောမျိုးဖြစ်သော်လည်း မိမိဘက်တွင် အရှုံး နှင့်သာ ရင်ဆိုင်လိုက်ရသည့် အခြေအနေဖြစ်ပါသည်။ မိမိဘက်မှ အင်အားနည်းပါး၍ဖြစ်စေ၊ ရင်ဆိုင်ရန် အရည်အသွေး၊ အရည်အချင်း မပြည့်စုံ၍ဖြစ်စေ တစ်ဖက်အဖွဲ့အစည်း၏ အလို အတိုင်း အလိုက်အထိုက် ပြုမူနေလိုက်ခြင်းဖြင့် လက်ရှိပြဿနာက လျော့ပါးသွားမည် မှန်သော် လည်း နောက်ပိုင်း ဆက်လက်ကြုံတွေ့ရမည့် တင်းမာသည့်အခြေအနေမျိုးတွင်လည်း ယခုကဲ့သို့ မိမိဘက်ကနေ အနိုင်ရယူနိုင်ခြင်းမရှိဘဲ ဆက်လက်အလျော့ပေးရမည့်နည်းဖြစ်ပါသည်။ တစ်ဖက် ကနိုင်ပြီး မိမိဘက်ကရှုံးသည့် (lose-Win) ပုံစံ ဖြစ်ပါသည်။
အပေးအယူလုပ်သည့်နည်းဖြင့် ညှိနှိုင်းခြင်း (Compromising)
နှစ်ဖက် အပေးအယူလုပ်ခြင်းဖြင့် ညှိနှိုင်သည့်နည်းလမ်းသည် နှစ်ဖက်လုံးအတွက် အရှုံး မရှိနိုင်ပေ။ တစ်ဖက်ကလည်း မရှုံးသကဲ့သို့ တစ်ဖက်ကလည်း အနိုင်သာရယူနေခြင်း မဟုတ်ပေ။ ထိုသို့ ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် တစ်ဖက်တည်းက အနိုင်ရယူမည့်သဘောထက် နှစ်ဖက်လုံးအတွက် အဆင်ပြေစေမည့်နည်းလမ်းများကို အပေးအယူ၊ အလျော့အတင်း ပြုလုပ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နှစ်ဖက်လုံးက လက်ခံနိုင်သည့် အခြေအနေတစ်ရပ်ကို ရရှိလာ ပြီး အဆင်ပြေစေမည်ဖြစ်ပါသည်။ ယခုပုံစံတွင် Give and Take သဘောတရားများ၊ Negotiation Skill များသည် အလွန် အသုံးဝင်လှပေသည်။
ပူးပေါင်းအဖြေရှာခြင်း(Collaborating)
ပူးပေါင်းအဖြေရှာခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း ရှေ့တွင်ဖြစ်ခဲ့သည့် ပဋိပက္ခအရှိန်များကြောင့် နှစ်ဖက်အဖွဲ့များအနေဖြင့် ထိုနည်းလမ်းအတိုင်း စတင်လုပ်ဆောင်နိုင် ရန် အခွင့်အလမ်း နည်းပါးလှပါသည်။ နှစ်ဖက်လုံးက ပဋိပက္ခကို အဆုံးသတ်လိုသည့်စိတ်ဖြင့် ပူးပေါင်းအဖြေရှာရန်အတွက် ပဋိပက္ခဖြစ်ရသည့် နောက်ခံအကြောင်းတရားများ၊ ပါဝင်ပတ်သက် သူများ၊ ပဋိပက္ခတွင်ပါဝင်သည့် အကြောင်းအရာများကို စုဆောင်းပြီး ညှိနှိုင်းဆွေးနွေးကာ ပဋိပက္ခကို ဖြေရှင်းနိုင်မည့် ဖြစ်နိုင်သည့်နည်းလမ်းများအား စဉ်းစားဖော်ထုတ်ပြီး နှစ်ဖက်လုံး အတွက် အကျိုးရှိစေမည့် Win-Win situation ရစေရန် ဆောင်ရွက်သည့်နည်းလမ်းဖြစ်ပါသည်။
အထက်ပါ နည်းလမ်း ၅ ခု ၏ တစ်ခုစီတိုင်းတွင် အားသာချက်၊ အားနည်းချက်များ ရှိနေ မည်ဖြစ်ပြီး အခြေအနေ အချိန်အခါကိုလိုက်ကာ ဖြေရှင်းနိုင်မှသာ ပဋိပက္ခကို ကျေလည်စေနိုင် မည် ဖြစ်သည့်အတွက် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ရန် လိုအပ်ပါသည်။ ဉပမာအနေဖြင့် ချက်ချင်း ဖြေရှင်းရမည့်ကိစ္စမျိုးကို ပူးပေါင်းအဖြေရှာခြင်း(Collaborating) နည်းဖြင့် အချိန်ယူ ပြီး ဖြေရှင်း၍ မရနိုင်သကဲ့သို့ အခြေအနေအချိန်အခါအရ အလိုလိုပြေလည်သွားနိုင်သည့် ကိစ္စမျိုး တွင်လည်း ယှဉ်ပြိုင်သည့်နည်းဖြင့် အနိုင်ယူခြင်း (Competing)၊ အပေးအယူလုပ်သည့်နည်းဖြင့် ညှိနှိုင်းခြင်း (Compromising) တို့ဖြင့် ဆောင်ရွက်လျှင်လည်း ပဋိပက္ခဖြေရှင်းရေးထက် အခြား မလိုအပ်သည့် အရင်းအမြစ်များ ပိုမို ဆုံးရှုံးရနိုင်ပါသည်။ ။
မှီငြမ်းကိုးကား။ Thomas-kilmann model