အားလုံးဟာတိုင်းရင်းသားချင်း ညီရင်းအစ်ကိုမောင်ရင်းနှမတွေပါပဲ။ ပြည်ထောင်စုဖွားသွေးရင်းသားရင်းတွေပါ။ ပြည်ထောင်စုစိတ်ဓာတ်မှာ ဘယ်လူမျိုး၊ ဘယ်မျိုးစုကမှ မကြီးစိုး၊ ကြီးစိုးခွင့်လည်းမရှိ။ လူမျိုးကြီးဝါဒဟူ၍လည်း မကျင့်သုံး၊ မိသားစုလို သဘောထား၊ မိတ်ဆွေလိုချစ်ခင်ကြသလို အားလုံးကချစ်ချစ်ခင်ခင် သဘောထားပါတယ်။ အသိုက်အမြုံတစ်ခုတည်းကမို့ အနိုင်ကျင့်လိုတဲ့စိတ်မရှိ၊ အားနည်းသူကို အကူအညီပေးဖေးမ၊ အေးအတူပူအမျှ သဘောထားတန်းတူရည်တူရှိအောင် ဆောင်ရွက်ပေးတာပဲရှိပါတယ်။
ယခုလိုအချိန်မှာ အခြေခံဥပဒေ ဘောင်အတွင်းကသာ
အားလုံးက ညီညွတ်ကြ၊ စည်းလုံးကြရင် ခရီးရောက်မှာပဲပေါ့။ ယခုအချိန်အခါ၊ ယခုလိုအခြေအနေမှာ အမျှတဆုံး အသင့်တော်ဆုံးဟူ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး တစ်ခုကိုပဲ အားကိုးနေရမှာ။ ပြည်ထောင်စုကြီး မပြိုကွဲအောင်လည်း ဒီ ၂၀၀၈ ပဲ။ တို့ တိုင်းရင်းသားအချင်းချင်း စည်းလုံးကြဖို့ကလည်း ဒီဖွဲ့စည်းပုံပဲ။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ မကျိုးပျက်အောင်လည်း ဒီပင်မဥပဒေကြီးကပဲ ထိန်းထားပေးတာ။ ဒီစာအုပ်ကြီးထဲမှာပဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အားလုံးပါတယ်။
တိုင်းရင်းသား တန်းတူရည်တူ အခွင့်အရေးတွေပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အားလုံးအတူတူ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်တယ်။ ထိထိရောက်ရောက် မကျင့်သုံးနိုင်ကြလို့သာ၊ ဒါကြောင့်လည်းအနာခံပြီး ဒီဥပဒေကြီးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေရတာ၊ ဘာမှမမြဲတဲ့ သဘောတရားတစ်ခုမို့ အတိုင်းအတာတစ်ခုအထိပေါ့။ ကိုယ်လိုချင်တာ ကိုယ်ပြင်ချင်တာရှိရင် နိုင်ငံရေးပါတီထောင်၊ လူထုကြိုက်အောင်လုပ်၊ ရွေးကောက်ခံဖြစ်အောင်လုပ်၊ လွှတ်တော်ထဲဝင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် အများကြီးလုပ်လို့ရပါတယ်။ ပေးထားချက်ကိုယူ၊ ဖွင့်ထားတဲ့လမ်းမှာ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းလေး ညင်ညင်သာသာလေး လျှောက်လှမ်းရုံသာ။ ဘာဖြစ်လို့သွေးညှီနံ့ တသင်းသင်းနဲ့ သွေးခင်းတဲ့လမ်းကို လျှောက်ကြမလဲ။ သွေးစွန်းတဲ့လမ်းကို ဘာလို့ရွေးမလဲ၊ လက်နက်ကိုင်တယ်ဆိုတာ ပြည်သူကို ကာကွယ်ဖို့မဟုတ်ရင် အဖျက်သက်သက်ပဲဆောင်မယ်။ ဒါဆို လူမိုက်ဖြစ်သွားပြီ။ လူမိုက်နဲ့လက်နက်ကိုင်လမ်းစဉ် ဘယ်ပြည်သူ ဘယ်တိုင်းရင်းသားကမှ မကြိုက်၊ စဉ်းစားပါ။ အားလုံး နစ်နာစရာ၊ ရွံစရာမို့ ဘယ်သူမှမကြိုက်ပါဘူး။
ဩဇာအာဏာဟူသည် ခေါင်းဆောင်မှုနှင့်သာ တည်ဆောက်၍ရ
ဩဇာအာဏာဆိုတာ လက်နက်ကိုင်အဖျက် လုပ်ရပ်နဲ့ထူထောင်လို့မရပါဘူး၊ မိမိရဲ့ ခေါင်းဆောင်မှုနဲ့သာ တည်ဆောက်လို့ရပါတယ်။ ခေါင်းဆောင်မှုဆိုရာမှာ စေတနာ၊ တာဝန်ယူမှု၊ ပညာဉာဏ်နဲ့တကွ အမြော်အမြင်ရှိမှုတွေ ပါဝင်နေတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသတိုးတက်စေလိုတဲ့စေတနာက မရှိ၊ ဖြစ်လာသမျှအားလုံး တာဝန်ယူမှုမရှိ၊ အကြောက်တရားနဲ့ လက်နက်ကိုင်ခြိမ်းခြောက်တတ်ရုံလောက်နဲ့ လူပီသတဲ့ခေါင်းဆောင်ဘယ်ဖြစ်နိုင်ပါ့မလဲ။ ပညာဉာဏ်ကြီးတဲ့သူဆို ဒီလောက်တော့သိဖို့ ကောင်းပါတယ်။
ကိုယ့်ဒေသအကျိုး၊ ကိုယ့်လူမျိုးအကျိုး အမှန်လိုလား၊ တကယ်စေတနာထားတဲ့သူဆို လက်နက်ပြ၊ အတင်းအဓမ္မ လိုက်လံစည်းရုံးနေစရာမလို၊ ခြိမ်းခြောက်စရာမလို အလိုလို ကိုယ့်နောက်ပါလာမှာပါ။ ကိုယ့်တိုင်းရင်းသားပိုင်၊ ကိုယ့်ပြည်သူပိုင်ဥစ္စာပစ္စည်း ခိုးဆိုးလုယက်ယူဆောင်နေတာ ဘယ်သူကကြိုက်မလဲ၊ မူးယစ်ဆေးထုတ်နေရာအနှံ့ဖြန့် ဘယ်နိုင်ငံကကြိုက်မလဲ၊ အပြစ်မဲ့ပြည်သူ၊ ဝန်ထမ်း၊ သံဃာတွေသတ်ဖြတ်နေတဲ့ လုပ်ရပ်ဆိုးဘယ်သူကြိုက်မလဲ။ စစ်ဖြစ်လို့ ကိုယ့်ရပ်ရွာ ကိုယ့်နေအိမ်ကနေ စွန့်ခွာရတာ ဘယ်သူနှစ်သက်မလဲ၊ အိမ်တွေ၊ ရွာတွေ၊ ကျောင်းတွေ၊ ဈေးတွေ၊ ဘုရားတွေ စေတီပုထိုးတွေဖြိုချ ဖျက်ဆီးမီးရှို့လုပ်ရပ်တွေ စဉ်းစားကြည့်ပါ၊ တော်ရုံတန်ရုံစိတ်ဓာတ်နဲ့တော့ ဘယ်သူမှမလုပ်နိုင်ပါဘူး။
အဖျက်နှင့်အပြုအကြား အစဉ်ပေးဆပ်နေသူ ဟူသည်
ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူတွေရဲ့ တောက်ပတဲ့မျှော်လင့်ချက်တွေနေရာမှာ ယခုလို စိုးရိမ်သောကပူပန်မှုတွေက နေရာယူလာနိုင်တာဟာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ သမိုင်းဝင် နေ့ထူးနေ့မြတ်များ ရောက်တိုင်းလည်း ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ မျှော်လင့်ချက်တွေနဲ့ မျှဝေဖြစ်တယ်၊ ကိုယ့်နိုင်ငံကိုယ်တန်ဖိုးထား၊ ကိုယ့်တိုင်းရင်းသားကို အစဉ်လေးစားချစ်ခင်စိတ်နဲ့ ယုံကြည်မှုမပျက် တောင်းဆိုဖြစ်တာတွေလည်းရှိပါတယ်။ အားလုံးနည်းတူ ငြိမ်းချမ်းရေးကိုလိုချင်လို့ပါ။ ပြည်ထောင်စုကြီးအတွင်း ဥမကွဲသိုက်မပျက် အတူနေချင်ကြလို့ပါ။
ဖျက်နေတဲ့သူနဲ့ တည်ဆောက်နေတဲ့သူကိုတော့ ကွဲကွဲပြားပြားသိကြတယ်။ နယ်စွန်နယ်ဖျားမကျန် ပဋိပက္ခအတွင်း ရောက်ရတဲ့ဒေသခံတွေဆို ပိုသိကြတာပေါ့။ အဖျက်ဆီးခံရပြီး အိုးမဲ့အိမ်မဲ့ တိုင်းရင်းသားတွေကို အစားအသောက် ဆေးဝါးရိက္ခာတတ်နိုင်သမျှ လှူဒါန်းနေကြသူတွေ၊ ပြန်လည်ထူထောင်ပေးသူတွေဟာ ဘယ်သူတွေဆိုတာ ကိုယ်တိုင်ဒုက္ခခံစားရတဲ့ တိုင်းရင်းသားတွေက ပိုသိကြတယ်၊ ပိုနားလည်ကြတယ်။ ဒီလိုဒုက္ခရောက်တဲ့ တိုင်းရင်းသားတွေကို စာနာလို့လည်း တပ်မတော်ကဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို မပျက်အောင်ကာကွယ်နေတာပေါ့၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကနေ မယိမ်းယိုင်အောင်စောင့်ရှောက်၊ ဖက်ဒရယ်အိပ်မက်မျှော်လင့်ချက်ကို ပေးနေတာပဲပေါ့၊၊ ဒီစနစ်၊ ဒီလမ်းကြောင်း၊ ဒီအတိုင်းသွားချင်နေတဲ့ ပြည်သူစစ်စစ်တွေရဲ့ မျှော်လင့်ချက်ကို တပ်မတော်ကပိုသိလို့ ပေးဆပ်မှုတွေနဲ့ ပေးအပ်နေတာပဲဖြစ်တယ်။
အကြမ်းဖက်နှင့် အလုံးစုံပျက်သုဉ်းရေးသို့သာ
ယခုလို ပြည်သူနဲ့တပ်မတော်ရဲ့လိုလားချက်ကို မသိတာ၊ သိလျှက်နဲ့ မသိချင်ယောင်ဆောင်တာ၊ သိသိကြီးနဲ့ တမင်ဖျက်ဆီးတာ စတဲ့အကြမ်းဖက်အဖျက်အားလုံးရဲ့ နောက်ကွယ်ကရှိပြီး တကယ့်အစီအမံကိုလည်း ချပြလိုပါတယ်။ အလုံးစုံပျက်သုဉ်း ရေးဆိုတဲ့အစီအမံပါပဲ။ အဖျက်သမားတွေအတွက် ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာဖြင့် သူတို့ရဲ့ပျက်သုဉ်းရေးအစီအမံမှာ အဓိကအဟန့်အတားကြီး ဖြစ်နေပါတယ်။ တိုင်းပြည်မှာ မျှမျှတတဖြစ်သွားမှာကို မလိုလားတာကြောင့် ဖျက်ချင်ကြတယ်။ ပါတီစုံလည်းမလိုလား၊ ဒီမိုကရေစီလည်း မဟုတ်ပြန်၊ ဖက်ဒရယ်ဖြစ်လာမှာလည်း ကြောက်နေကြတယ်။
ယနေ့ တပ်မတော်က ဦးဆောင်ဖောက်လုပ်နေတဲ့လမ်းကြောင်းမှာ ငြိမ်းချမ်းရေးအတွက် အာမခံချက်တွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတာတွေက သူတို့ အတွက် ခလုတ်တံသင်းတွေပါပဲ။ သူတို့ကျင့်သုံးမှာက အချင်းချင်းနယ်မြေလု၊ အားနည်းသူဆို အနိုင်ကျင့်၊ စစ်ဘုရင်၊ စစ်အာဏာရှင်ဝါဒ ထူထောင်ရန်သာ၊ ဒီလိုကျင့်သုံးနေကြောင်းလည်း လက်တွေ့ဖြစ်ရပ်တွေက ပြသနေတယ်။ လက်နက်အားကိုးနယ်မြေလုပြီး သူတို့စိုးမိုးတဲ့နေရာမှာ ဗမာမလာရ၊ ဗမာမရှိရ၊ ရှမ်းမလာရစသဖြင့် မင်းမဲ့စရိုက်ဆန်ဆန်၊ သူတို့ကျင့်သုံးချင်တာက အကြမ်းဖက်အဓမ္မ၊ စီးပွားရေးက ဘိန်း/မူးယစ် ကုန်ကူးလုပ်ငန်းနဲ့ မူးယစ်ရာဇာဘဝ၊ ဆက်ကြေးကောက်၊ အွန်လိုင်းငွေလိမ် လက်နက်ဝယ်ရောင်းဖြန့် ဒီလုပ်ငန်းတွေပဲလုပ်တတ်တဲ့ ဘဝတွေမို့ ဒီလမ်းကြောင်းပဲ ရွေးတတ်ကြတာမဆန်းပါ။
အရေးသုံးပါးအောက်မှာ အားလုံးဘုံရည်မှန်းချက် တစ်ခုသာ
ပြည်ထောင်စုနေ့ အခါသမယရောက်ပြန်တော့လည်း ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီအစ်ကို မောင်နှမ၊ မိသားစုစိတ်လေးနဲ့ လမ်းလွဲနေသူတွကို ပြန်လာစေချင်တယ်၊ သွေးပေတဲ့လက်နက်တွေ စွန့်ခဲ့စေချင်တယ်။ တချို့တိုင်းရင်းသားခေါင်းဆောင်တွေဆိုရင် အသက်တွေလည်းကြီးနေပါပြီ။ အဖျက်လုပ်ရပ်တွေကို တားရဆီးရမယ့် အရွယ်တွေရောက်နေပါပြီ၊ အနာဂတ်မျိုးဆက်အတွက် စဉ်းစားရမယ့်အရွယ်တွေဖြစ်နေပါပြီ။ ငြိမ်းချမ်းရေးရဖို့ ငါတို့မှာတာဝန်ရှိတယ်ဆိုတဲ့ မှန်ကန်တဲ့အမြင်လေးနဲ့ ယခုမျိုးဆက်မှာ ပြတ်အောင်ဖြတ်ရင်ရပါတယ်။ စေတနာနဲ့ တာဝန်ယူစိတ်လေးရှိဖို့တစ်ခုသာလိုပါတယ်။ အခြေအနေမတူလို့၊ သမိုင်းကြောင်းတွေမတူလို့ မတူကွဲပြားမှုဆိုတာ ဘယ်နေရာ၊ ဘယ်ဝန်းကျင်မှာမဆိုရှိစမြဲပါ၊၊ ဒီအချက်ကို လက်ခံပြီးသားပါ။ တူညီရမှာက အရေးသုံးပါးအောက်မှာ ငြိမ်းချမ်းရေးရကိုရရမယ်ဆိုတဲ့ ဘုံရည်မှန်းချက်တစ်ခုပါပဲ၊ လုံးဝပြည်ထောင်စုကြီးပြိုကွဲသွားလို့မဖြစ်ပါဘူး၊ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညွတ်နေကြရမယ်၊ အချုပ်အခြာအာဏာကိုလည်း တစ်စွန်းတစ်စမျှ အပွန်းပဲ့ခံလို့မဖြစ်ပါ၊ အားလုံးအတွက်စဉ်းစားပြီး ဒီတာဝန်တွေမှာတူကို တူညီရပါမယ်။
သဘောသဘာဝချင်းမတူတာကို လက်ခံပြီး ဘုံရည်မှန်းချက်ချင်းတူကြရင်.. အချင်းချင်းတွေပဲ ယုံကြည်ပေးလို့ရ၊ နားလည်မှုပေးလို့ရပါတယ်၊၊ အားလုံးငြိမ်းချမ်းဖို့ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒနဲ့အတူ အမုန်းတွေ၊ အာဃာတတွေကို ဖြေဖျောက်ပေးလို့လည်း ရပါတယ်။ ငြိမ်းချမ်းရေးရယူလိုတဲ့ ပြင်းပြတဲ့ဆန္ဒအပေါ်မှာ ဘာသာ၊ သာသနာနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကိုချစ်တဲ့ ထက်သန် စစ်မှန်တဲ့မျိုးချစ်စိတ်၊ မပြတ်အားထုတ်လိုတဲ့ ဝီရိယစွမ်းအား၊ ပညာဉာဏ်ပါတဲ့ညှိနှိုင်းပူးပေါင်းမှုတွေသည် ငြိမ်းချမ်းခြင်းရဲ့ အဓိပတိတွေပါပဲ။
ဒီမောင်းနှင်အားတွေကို စွဲမြဲစွာဆွဲကိုင်ထားရင် တိုင်းရင်းသားတွေအကြား ခိုင်မာတဲ့သံယောဇဉ် ဖြစ်လာပြီး ငြိမ်းချမ်းခြင်းရဲ့ရန်သူဖြစ်တဲ့ အတ္တနဲ့မာန်မာန အဆိုးသံသရာကိုလည်း ဖြတ်တောက်ပစ် နိုင်ပါလိမ့်မယ်။
ပညာဉာဏ်ပါသော စေ့စပ်ညှိနှိုင်းမှုဖြင့်သာ
အမုန်းတွေလျော့၊ ယုံကြည်မှုတွေတိုးလာရင် တန်ဖိုးထားလေးစားမှုတွေ ပိုလာတာ လူ့သဘာဝပဲလေ၊ တန်ဖိုးထားလေလေ ပို၍လေးစားမှု ရှိလေလေပါ။ ထိုအခါ သူ့အယူအဆ၊ ကိုယ့်အယူအဆ၊ သူ့မူကိုယ့်မူ အပြန်အလှန်လက်ခံနိုင်စွမ်းရှိလာကြမယ်။ အပြန်အလှန် အသိအမှတ်ပြုလာနိုင်မယ်။ ဒီလိုရလဒ်မျိုးက အချိန်တော့ယူရမယ်၊ အခါမလပ် စားပွဲဝိုင်းကတစ်ဆင့်ပဲရနိုင်မယ်။ ဒါကြောင့်လည်း NCA ကို အပျက်မခံ၊ ငြိမ်းချမ်းရေး လေသံတစ်စက်ကလေးမှမလျှော့၊ အကြိမ်ကြိမ်အခါခါ စားပွဲဝိုင်းဆီ ဖိတ်ခေါ်နေတာပေါ့။
ငြိမ်းချမ်းရေးစားပွဲဝိုင်းဆိုတာမှာလည်း ပညာနဲ့ယဉ်ကျေးမှုအပေါ် တည်နေပြန်တယ်၊ ပညာဆိုတာ ညှိနှိုင်းမှုပညာ၊ မဖြစ်နိုင်ဖွယ်ရာတွေကနေ ဖြစ်နိုင်တာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့အဖြေရှာနိုင် တဲ့စွမ်းရည်၊ လူမိုက်မဆန်တဲ့ ယဉ်ကျေးသူတွေရဲ့အလုပ်ဆိုတော့ အများကြီးအချိန်ယူရပါတယ်။ တာဝန်ယူတာဝန်ခံမှုတွေရှိလာမယ်၊ သည်းခံခြင်း၊ ကိုယ်ချင်းစာခြင်းတွေနဲ့ အပေးအယူ၊ အလျှော့အတင်းတွေရှိမယ်၊ အတ္တထက်ပရစိတ်ထားကို အခြေခံမယ်၊ ကိုယ်ဘာရမယ်ဆိုတာထက် ကိုယ့်ဘက်က ဘာပေးရမလဲဆိုတဲ့ တန်းတူညီမျှ စိတ်ထားအားလုံးရှိကြမှသာ အဆင်ပြေနိုင်မှာဖြစ်တယ်၊ ဒါကြောင့်လည်း စေ့စပ်ညှိနှိုင်းမှုတစ်ခုကို ဉာဏ်ပညာနဲ့ယှဉ်ပြီး အားလုံးအတွက် မျှတတဲ့သူလည်းအနိုင် ကိုယ်လည်းအနိုင်ဖြစ်စေတဲ့ ငြိမ်းချမ်းရေးကို အောင်ပွဲတစ်ခုအနေနဲ့ သမုတ်ကြတာပေါ့။
အထက်ပါ ဆန္ဒ၊ စိတ်ဓာတ်၊ ဝီရိယ၊ ပညာဆိုတဲ့ အဓိပတိလေးပါး မခိုင်ရင် ပြည်ထောင်စုကြီးလည်း ယိုင်နဲ့ပါတယ်။ အဖျက်နဲ့အပြုအကြား တည်ငြိမ်အေးချမ်းရေး ဦးစားပေးပြီး အပြုသဘောနဲ့ ထိန်းသိမ်းကာကွယ်ရင်း အရှိန်မပျက် တည်ဆောက်ပြုပြင်နေရပါတယ်။ အပျက်သဘောတွေကြောင့် ပျက်စီးသွားတဲ့အရာအားလုံး ပြန်လည်ထူထောင်ဆဲပါ။ အားလုံးလက်တွဲကြရင်တော့ ပိုပြီးလွယ်လွယ် ကူကူပြီးမြောက်မှာပေါ့။ အားလုံးညီညွတ်ကြရင်တော့ အောင်အောင်မြင်မြင်ဖြစ်မှာ မလွဲပါဘူး။ မညီညွတ်ရင်တော့ နိုင်ငံနဲ့လူမျိုးအကျိုးစီးပွားပျက်မယ်၊ တစ်ပါးနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဩဇာလွှမ်းခံရမယ်၊ အချုပ်အခြာချိုးဖောက်ခံရမယ်၊ ဘာသာ၊ ယဉ်ကျေးမှု၊ လူမျိုး ဝါးမြိုခံရမယ်။
လိုရင်းက အမျိုးသားအကျိုးစီးပွားပါပဲ။ အမျိုးသားအကျိုးစီးပွားရှင်သန်မှ နိုင်ငံနဲ့လူမျိုးလည်း အဓွန့်ရှည်တည်တံ့မှာ။ ဖိအားဒဏ်ခံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရေးမိပါတယ်၊ အခက်အခဲများကြားက ငြိမ်းချမ်းရေး ခေါ်သံတစ်ခုအဖြစ်ခံယူဖြစ်မယ်ဆိုရင်တော့ ရေးရကျိုးလည်းနပ်မှာပါ၊၊ ဘာပဲဖြစ်ဖြစ် တစ်ထောင့်တစ်နေရာက ပါဝင်လိုက်ရတာကိုပဲ တာဝန်ကျေပွန်တယ်လို့ ခံစားမိပါတယ်။
မှီငြမ်း။ ၇-၂-၂၀၂၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မိုးမြင့် ရေးသားသောဆောင်းပါး