၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၇၆ နှစ် ရှိခဲ့ပြီ ဖြစ်ပေသည်။ မြန်မာနိုင်ငံ ပြည်တွင်းသောင်းကျန်းမှုဖြစ်စဉ်သည်လည်း လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် သခင်သန်းထွန်းခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုကာ ပြည်တွင်းသောင်းကျန်းမှုကို စတင်ခဲ့သည့်အတွက် ၇၅ နှစ်ကျော်ခဲ့ပြီ ဖြစ်ပေသည်။ ပြည်တွင်းသောင်းကျန်းမှုဖြစ်စဉ်ကြောင့် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ တိုးတက်မှုနှောင့်နှေးခဲ့ရပါသည်။
“တောခိုအဖွဲ့အစည်းအား လက်နက်ကိုင်တိုက်ပွဲကို စွန့်လွှတ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ တရားဝင်အဖွဲ့အစည်းအဖြစ်ဝင်ရောက်ဆောင်ရွက်ရန်၊ လက်နက်များကို စစ်အာဏာပိုင်များထံ အပ်နှံရန်၊ အတိုက်အခံ ပမညတ များကလည်း အစိုးရက ပေးထားသော သင်ပုန်းချေခွင့်နှင့် တရားဝင်အဖွဲ့အစည်းအဖြစ် ရပ်တည်ခွင့်ဟူသည့် အခွင့်အရေးနှစ်ရပ်ကို လက်မလွတ်ဘဲ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်၊ လက်နက်ကိုင်တိုက်ပွဲမှ လူထုတိုက်ပွဲသို့ ပြောင်းလဲပါ”
ခေတ်အဆက်ဆက်အစိုးရများသည် ပြည်တွင်းသောင်းကျန်းမှုများ ချုပ်ငြိမ်းရန် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့ကြပါသည်။ ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလ အစိုးရသည် ကွန်မြူနစ်များနှင့် ဖြစ်ပွားနေသော စစ်ကိုရပ်စဲရန်အတွက် လက်ဝဲညီညွတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊ မေလ ၁၅ ရက်တွင် အချက် ၁၄ ချက်ပါဝင်သည့် “နု” မူကို ထုတ်ပြန်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ဖဆပလအစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးကို ရလိုသောစေတနာဖြင့် ဆူပူသောင်းကျန်းသူများအား အပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း အမိန့် ပြန်တမ်းတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဥက္ကဋ္ဌ အဖြစ်ပါဝင်သော လက်ဝဲညီညွတ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် “ညီညွတ်ရေးအရတည်ဆောက်ကြလော့” ဟူသောစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဖဆပလ အစိုးရသည် ၁၉၄၉ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် လက်နက်ချ အပ်နှံခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်၊ မေလ ၁၀ ရက်တွင် ပြင်ဆင်သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ဖျာပုံခရိုင်အတွက် သီးသန့်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ခဲ့ ပါသည်။ ၁၉၅၂ ခုနှစ်၊ ဧပြီ ၂၆ ရက်အထိ လက်နက်ချအလင်းဝင်ခဲ့သော သောင်းကျန်းသူစုစုပေါင်းမှာ ၁၁၅၇၂ ယောက်ဖြစ်ပါသည်။ ဖဆပလ အစိုးရသည် ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါသည်။ ဝန်ကြီးချုပ် ဦးနုက ၁၉၅၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် “တောခိုအဖွဲ့အစည်းအား လက်နက်ကိုင်တိုက်ပွဲကို စွန့်လွှတ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ တရားဝင်အဖွဲ့အစည်းအဖြစ် ဝင်ရောက်ဆောင်ရွက်ရန်၊ လက်နက်များကို စစ်အာဏာပိုင်များထံ အပ်နှံရန်၊ အတိုက်အခံ ပမညတ များကလည်း အစိုးရက ပေးထားသော သင်ပုန်းချေခွင့်နှင့် တရားဝင်အဖွဲ့အစည်းအဖြစ် ရပ်တည်ခွင့်ဟူသည့် အခွင့်အရေးနှစ်ရပ်ကို လက်မလွတ်ဘဲ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်၊ လက်နက်ကိုင်တိုက်ပွဲမှ လူထုတိုက်ပွဲသို့ ပြောင်းလဲပါ” ဟူ၍ တိုင်းပြည်သို့ အသံလွှင့်ကြေညာခဲ့ပါသည်။ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ကြေညာခဲ့ပါသည်။
တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်လည်တည်ဆောက်နိုင်ရန်အတွက် ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် “တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်”ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် ပြည်တွင်းငြိမ်းချမ်းရေးကို လက်တွေ့တည်ဆောက်ရန် ကမ်းလှမ်းချက် စာတမ်းများကို ကချင်၊ ကရင်၊ ဂုံ၊ မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် စာရွက်စာတမ်းသုံးသိန်း ရိုက်နှိပ်၍ လက်ကမ်းဝေငှခြင်း၊ လေယာဉ်မှကြဲချခြင်းတို့ ပြုလုပ်ခဲ့သည်။ တော်လှန်ရေးကောင်စီသည် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များနှင့် ၁၉၆၃ ခုနှစ်တွင် စုစုပေါင်း ၈ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တော်လှန်ရေးကောင်စီသည် မဒညတ ကိုယ်စားလှယ်အဖွဲ့နှင့် ၁၉၆၃ ခုနှစ်တွင် ၆ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် ၁၉၆၇ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဖြည့်စွက်သည့်အမိန့် ထုတ်ပြန်ကြေညာခဲ့ ပါသည်။ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ပြည်တွင်းညီညွတ်ရေးအဖွဲ့ကို နိုင်ငံရေးခေါင်းဆောင် ၃၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် နိုင်ငံတော်ကောင်စီက ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၈ ရက်တွင် နိုင်ငံတော်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ အောက်တိုဘာလ ၂၁ ရက်အထိ ပထမအကြိမ်၊ နိုဝင်ဘာလ ၁၇ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အထိ ဒုတိယအကြိမ်၊ ဒီဇင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၂၄ ရက်အထိ တတိယအကြိမ်၊ ၁၉၈၁ ခုနှစ်၊ မတ်လ ၃ ရက်မှ ၁၀ ရက်အထိ စတုတ္ထအကြိမ်၊ ၁၉၈၁ ခုနှစ်၊ မေလလ ၂၅ ရက်တွင် ပဉ္စမအကြိမ် KIO အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါ သည်။ ၁၉၈၁ ခုနှစ်၊ မေလ ၅ ရက်မှ ၉ ရက်အထိ မြန်မာအရာရှိကြီးများနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် “အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး” ရည်မှန်းချက်အရ လက်နက်ကိုင် တိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တရားဥပဒေဘောင်အတွင်း ပြည်လည်ရောက်ရှိစေရေးအတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖိတ်ခေါ်ခြင်း၊ တွေ့ဆုံဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်နှင့် တပ်မတော်၏လုပ်ရပ်နှင့် စေတနာအမှန်ကို သိမြင် လာကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီး ၁၇ ဖွဲ့နှင့် အဖွဲ့ငယ် ၂၃ ဖွဲ့တို့သည် ၁၉၈၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ ငြိမ်းချမ်းရေးရယူ တည်ဆောက် နိုင်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါသည်။
ဒီမိုကရေစီပထမအစိုးရလက်ထက်တွင် ဒီမိုကရေစီရှင်သန်ရေးအတွက် အဓိကလိုအပ်ချက် ၂ ရပ် ဖြစ်သည့် တည်ငြိမ်းအေးချမ်းမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်အဖြစ်ထား ရှိ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရမှ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် တွင် ကြေညာချက်အမှတ် (၁/၂၀၁၁) ဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ဦးရွက် ပြုနိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်တွင် နိုင်ငံတော်သမ္မတမှ ဥက္ကဋ္ဌ အဖြစ် ပါဝင်သော အဖွဲ့ဝင် ၁၁ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (Union Peace Central Committee – UPCC)၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သော အဖွဲ့ဝင် ၅၂ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace and Work Committee – UPWC) တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်အမှတ် (၁၁/၂၀၁၂) နှင့် (၁၂/၂၀၁၂) တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Center – MPC) ကို အမိန့်အမှတ် (၃၈/၂၀၁၂) ဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါသည်။
ဒီမိုကရေစီဒုတိယအစိုးရလက်ထက်တွင် ၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre – NRPC) ကို ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးကို ၃၁-၈-၂၀၁၆ မှ ၃-၉-၂၀၁၆ ထိ ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို ၂၄-၅-၂၀၁၇ မှ ၂၉-၅-၂၀၁၇ ထိ ကျင်းပခဲ့ ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ၁၁-၇-၂၀၁၈ မှ ၁၆-၇-၂၀၁၈ ထိ ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကို ၁၉-၈-၂၀၂၀ ရက်တွင် ကျင်းပခဲ့ပါသည်။ ၃-၂-၂၀၁၈ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် NMSP နှင့် LDU တို့က ထပ်မံ၍ လက်မှတ်ရေးထိုးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆာင်မှုဗဟိုကော်မတီ (National Solidarity and Peacemaking Central Committee – NSPCC)၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (National Solidarity and Peacemaking Working Committee – NSPWC) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (National Solidarity and Peacemaking Negotiate Committee – NSPNC) တို့ကို ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဆင့်ဆင့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် နှင့် ဦးတည်ချက်ပါအတိုင်း NCA ကို အလေးထားလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ ဒေသများအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတား တည်ဆောက်ရေးနှင့် အခြေခံအဆောက်အုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများကို သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၂-၄-၂၀၂၂ ရက်တွင် မိဘပြည်သူများသို့ ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ် သက်မှတ်ကာ ငြိမ်းချမ်းရေးကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ ဆုံမှုများ၊ Video Conferencing ဖြင့် ဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအထိ တွေ့ဆုံဆွေးနွေးမှု ၁၂၃ ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်စပ်လျဉ်း၍ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ တွင် ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကုလသမဂ္ဂမျက်နှာစုံညီ အစည်းအဝေးက “လူသားချင်း စာနာထောက်ထားမှုအကူအညီသည် သဘာဝဘေးအန္တရာယ်များနှင့် အခြားအရေးပေါ် အခြေအနေ များကြောင့် ထိခိုက်ခဲ့ရသူများအတွက် အရေးအကြီးဆုံးအရာဖြစ်ပါသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီကို Humanity, Neutrality နှင့် Impartiality စသည့် အခြေခံ နိယာမ (၃) ချက်နှင့်အညီ ထောက်ပံ့ပေးရပါမည်။ ကုလသမဂ္ဂပဋိဉာဉ်စာတမ်း (Chapter of the United Nations) နှင့်အညီ နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုတို့အပေါ် အပြည့်အဝလေးစားလိုက်နာရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဘေးဒုက္ခ ခံစားခဲ့ရသော ကာယကံရှင်နိုင်ငံ၏ မေတ္တာရပ်ခံချက်ဖြင့်သာ ကူညီထောက်ပံ့မှု ပြုရမည်” ဟု အတည်ပြုခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီ (Humanitarian Assistance) ဆိုသည်မှာ လူကြောင့်ဖြစ်ပွားသော ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနေစဉ်ကာလ၊ ဖြစ်ပွားပြီး ကာလတို့တွင် လူ့ဂုဏ်သိက္ခာ အဖတ်ဆယ်ရန်၊ ဒုက္ခဝေဒနာများကို လျော့ပါးသက်သာစေရန်နှင့် လူသားများကို ကယ်တင်ရန်တို့အတွက်လည်းကောင်း၊ အထက်ဖော်ပြပါ ဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရာတွင် ပိုမိုခိုင်မာစေရေးအတွက်လည်းကောင်း ရည်ရွယ်ခြင်းဖြစ်ပါသည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) များသည် ပဋိပက္ခများ၊ စားနပ်ရိက္ခာဘေးသင့်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခရောက်သူများကို အကူအညီများ ပေးလျက်ရှိပါသည်။ ၎င်းအဖွဲ့များကို ကယ်ဆယ်ရေး အဖွဲ့အစည်းများ (Relief Societies) ဟုလည်း ခေါ်ကြပါသည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတွင် စားနပ်ရိက္ခာများ၊ ခိုလှုံရာအကာအကွယ်၊ ပညာရေး၊ ကျန်းမာရေးနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကျယ်ပြန့်သောလုပ်ဆောင်မှုများ ပါဝင်ပါသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရာတွင် ပဋိပက္ခဒဏ် ခံစားရသူများထံသို့ ယာယီခိုလှုံရာ အကာအကွယ်များပေးခြင်းသာမက ဘေးအန္တရာယ်ပြီးဆုံးပြီးနောက် လူမှုအသိုက်အဝန်း ပြန်လည်ထူထောင်ရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော ပစ္စည်းများ၊ လုပ်အားနှင့်အခြားအရင်းအမြစ် များကိုပါ ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။ လူသားချင်းစာနာထောက်ထားမှုတွင် အခြေခံသဘောတရား (၇) ချက်ရှိပါသည်။ ၎င်းတို့မှာ ကိုယ်ချင်းစာတရား (Humanity)၊ ဘက်လိုက်မှုမရှိခြင်း (Impartiality)၊ ကြားနေခြင်း (Neutrality)၊ အမှီအခိုကင်းခြင်း (Independence)၊ စေတနာဝန်ထမ်းအလုပ်ဖြစ်ခြင်း (Voluntary Service)၊ ညီညွတ်ခြင်း (Unity) နှင့် တစ်ကမ္ဘာလုံးက လက်ခံထားသောအချက်များ ဖြစ်ခြင်း (Universality) တို့ဖြစ်ပါသည်။ အဆိုပါအခြေခံသဘောတရားများမှာ လက်နက်ကိုင် ပဋိပက္ခများ၊ သဘာဝဘေးအန္တရယ်များနှင့် အခြားအရေးပေါ်ကိစ္စရပ်များတွင် ဘေးဒဏ်သင့် ပြည်သူများကို အကူအညီပေးရန်အတွက် လိုက်နာကျင့်သုံးရသည့် လူ့ကျင့်ဝတ်များပင်ဖြစ်ပါသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ဆောင်ရွက် နေသည့် ပြည်တွင်းအဖွဲ့အစည်းများ မြန်မာလုပ်ငန်းအဖွဲ့ (Task Force) ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၊ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးပူးတွဲကော်မတီ (Joint Ceasefire Monitoring Committee – JMC) ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တို့ ဖြစ်ပါသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ဆောင်ရွက် နေသည့် နိုင်ငံတကာအဖွဲ့အစည်းများမှာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးရုံး (United Nations Office for the Coordination of Humanitarian–UNOCHA)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross- ICRC)၊ နိပွန်ဖောင်ဒေးရှင်း (Nippon Foundation) နှင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေး ဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) တို့ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (EAOs) နှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
နိပွန်ဖောင်ဒေးရှင်းသည် NSPNC ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် NCA လက်မှတ်ရေးထိုး ထားသော EAO ၈ ဖွဲ့ထံသို့ ဆန်အိတ် ၆၂,၃၅၀ အိတ် လှူဒါန်းခဲ့ပါသည်။ ဒုတိယအကြိမ်အဖြစ် EAO ၇ ဖွဲ့ထံသို့ ဆန်အိတ် ၁၉,၈၀၀ အိတ်ကို လှူဒါန်းရန် ၉-၈-၂၀၂၃ ရက်တွင် တင်ပြလာခဲ့သဖြင့် NSPNC က ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အထောက်အကူပြုရုံး (JMC-TSC) ဦးဆောင်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ (စားနပ်ရိက္ခာများ၊ အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ကျန်းမာရေး၊ ပညာရေးသုံး ပစ္စည်းများနှင့် အာဟာရ ပစ္စည်းများ) အား NSPNC ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို/ယာဒို ဒေသရှိ လူဦးရေ ၉,၅၃၄ ဦး အတွက်လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၁၀ ရက်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသရှိ လူဦးရေ ၁၈,၆၀၀ ဦး အတွက်လည်းကောင်း၊ ဩဂုတ်လ ၁၄ ရက်မှ ၂၅ ရက် အတွင်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ ဒေသခံ လူဦးရေ ၁၄,၈၇၂ ဦး အတွက်လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ဩဂုတ်လ ၁၄ ရက်မှ စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ဟိုပုံးမြို့နယ်တို့ရှိ လူဦးရေ ၄၅,၄၅၇ ဦး အတွက် ဩဂုတ်လ ၃၀ ရက်အပြီး ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက် အကောင်အထည်ဖော်ရန်လျာထားသည့် ဒေသများမှာ ကယားပြည်နယ် ဖရူဆိုမြို့နယ်နှင့် ဒီမောဆို မြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ ဖြစ်ပါသည်။
ICRC သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းများအား NSPNC ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးနှင့် အင်းကြင်းမြိုင် ကျေးရွာများရှိ အိမ်ထောင်စု ၁၃၁ စု အတွက် လိုအပ်သည့် အထောက်အပံ့ ပစ္စည်းများ၊ မေလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ အိမ်ထောင်စု ၅၀၀ စု အတွက် အရေးပေါ် ငွေသားထောက်ပံ့မှု၊ ဇွန်လအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ရှိ အုန်းတော ပတ်ဝန်းကျင်ဒေသများ၊ ကယားပြည်နယ် လွိုင်ကော်မြို့သို့ လိုအပ်သော အထောက်အပံ့ ပစ္စည်းများအား ပေးအပ်နိုင်ခဲ့ပါသည်။
ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) က မြန်မာနိုင်ငံသို့ ပထမအဆင့် ကူညီမှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အတွင်း NSPNC နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ လျော့ချရေး လုပ်ငန်းများ အတွက် ဆေးဝါးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစ၍ NCA-S EAO ၅ ဖွဲ့ ဒေသများအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါသည်။ ၇-၃-၂၀၂၃ ရက်တွင် NCA-S EAO (၇) ဖွဲ့ ဒေသအတွင်းရှိ စေတနာ့ဝန်ထမ်းကိုယ်စားလှယ် များအား ဖိတ်ကြား၍ လိုအပ်ချက် ဆန်းစစ်မှုစာရင်းများ ကောက်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ ပါသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုကဏ္ဍတွင် နိုင်ငံတကာ အတွေ့အကြုံများ၊ အမျိုးမျိုးသော ကျွမ်းကျင်မှုများဖြင့် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။ ကုလသမဂ္ဂစီမံကိန်းများဆိုင်ရာရုံး (United Nations Office for Project Services-UNOPS) သည် မြန်မာနိုင်ငံအတွက် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (Livelihoods and Food Fund-LIFT) နှင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ ရရှိရေး ရန်ပုံငွေ (Access to Health Fund) စသည့် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေနှစ်ရပ်ကို စီမံခန့်ခွဲလျက် ရှိပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆောင်ရွက်ရာတွင် အစိုးရနှင့် ဆက်စပ် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများ သို့မဟုတ် ပဋိပက္ခများအတွင်း အရပ်သားများကို အကာအကွယ်ပေးရန်နှင့် အခြေခံလိုအပ်သည့် အထောက်အပံ့အကူအညီပေးရေး ဝန်ဆောင်မှုများအတွက် တာဝန်ရှိပါသည်။ တဆက်တည်းတွင် ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားများ (Root Cause) ကို ဖြေရှင်းခြင်း၊ တွေ့ဆုံဆွေးနွေးရေး၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ထိခိုက်နစ်နာနေသော လူမှုအသိုက်အဝန်းများအတွက် လူသားခြင်း စာနာထောက်ထားမှုအကူအညီများဖြင့် ကျောထောက်နောက်ခံ ပြုခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖန်တီးပေးခြင်းဖြင့် ပဋိပက္ခများ လျော့နည်းချုပ်ငြိမ်းစေခြင်းနည်းလမ်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတို့ ဖော်ဆောင်သွားဖို့လိုပါသည်။
အထူးသဖြင့် သဘာဝဘေးများအပါအဝင် လက်နက်ကိုင်ပဋိပက္ခဒေသများ၊ စီးပွားရေးအရ နာလန်ထူရန်ခက်ခဲပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများသော ဒေသများရှိ ဒေသခံများ ကြုံတွေ့ရနိုင်သည့် အမျိုးမျိုးသော အခက်အခဲ၊ ပြဿနာများနှင့် မလုံခြုံမှုများမှ အကာအကွယ်ပေးခြင်းနှင့် ရှင်သန်ရပ်တည် နိုင်ရေးကို အလေးပေးဆောင်ရွက်ရန်လိုအပ်ပြီး၊ ယင်းသို့ဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့် ကြားဝင်ဆောင်ရွက်မှုများသည် သမာသမတ်ကျမှု၊ ကြားနေမှုရှိရမည်ဖြစ်ပြီး ဘက်လိုက်မှု ကင်းရှင်း ရမည်ဖြစ်ပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပံ့ပိုး ပေးခြင်းသည် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် ပြည်တွင်းအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများ အထူးသဖြင့် ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများတွင် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့သော မရှိမဖြစ်လိုအပ်သော အခြေခံဝန်ဆောင်မှုများ ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခဖြစ်နေသော အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် စေ့စပ်ညှိနှိုင်းရေးနှင့် ပဋိပက္ခဖြေရှင်းရေးတို့ကို ဖော်ဆောင်ခြင်းဖြင့် မတူညီမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိ စေမည်ဖြစ်သည်။ ထိုသို့ဖြစ်မြောက်လာစေရန် ပါဝင်ဘက်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်းများ အားကောင်းလာစေရေး၊ လူမှုရေးစည်းလုံးညီညွတ်မှုကို မြှင့်တင် ရန်နှင့် မြန်မာနိုင်ငံရှိ မတူညီသော တိုင်းရင်းသားလူမျိုးစုများကြား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်း အားထုတ်မှုများတွင် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များဖြင့် ဖော်ဆောင်သွားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိရောက်စွာ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ရာတွင် တစ်ပြိုင်တည်းအကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဓိက အချက်များအနေဖြင့်-
- ဒေသခံလူထုနှင့်ထိတွေ့ဆက်ဆံမှုနှင့် ၎င်းတို့၏ ပါဝင်မှု သေချာစေရေးဆောင်ရွက်ခြင်း- အောင်မြင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအမံများတွင် ဒေသခံအသိုင်းအဝိုင်းများနှင့် ထိတွေ့ဆက်ဆံယုံကြည်မှုရရှိပြီးနှင့် ၎င်းတို့ကိုယ်တိုင် တက်ကြွစွာပါဝင် ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့၏ လိုအပ်ချက်များနှင့် အမြင်များအား အသိအမှတ်ပြုခြင်း ပေးခြင်းတို့ရှိရပါမည်။
- ပါဝင်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် (Multi-Stakeholder) ပါဝင်ဘက်များအားလုံး ပါဝင်မှုသေချာစေခြင်း- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရများနှင့် ဒေသတွင်းပတ်သက်ဆက်ဆိုင်သူများအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုသည် အကူအညီအစီအမံများ၏ အကျိုးသက်ရောက်မှုကို အမြင့်ဆုံး ဖြစ်စေရန်နှင့် ဆောင်ရွက်မှုများ (Overlapping) ထပ်နေခြင်းကို၊ သတင်းအချက်အလက် အမှားများနှင့် ကိန်းဂဏာန်းအချက်အလက်အမှားများကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ လူသားချင်းစာနာမှုအကူအညီများ ထိရောက်ပြီး အမှန်တကယ်လိုအပ်သူများထံ ရောက်ရှိ ရေးသည် အစိုးရများ၊ NGO များ၊ ဒေသတွင်းအသိုင်းအဝိုင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင် မတူကွဲပြားသော အုပ်စု၊ အဖွဲ့အစည်း များ၏ ပြည့်ဝသော ပူးပေါင်းပါဝင်မှုရှိမှသာလျှင် ရှုထောင့်များနှင့် လိုအပ်သောသူများထံ လိုအပ်သော အရင်းအမြစ်များ ရရှိစေနိုင်မည်ဖြစ်ပါသည်။
- ရေရှည်အမြင်ဖြင့်ဆောင်ရွက်ခြင်း – ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများမှသည် ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုနှင့် ဒေသတွင်းခိုင်မာအားကောင်းသော လူမှုစီးပွားရေးများအတွက် အစီအမံများ၊ ရေရှည် ကတိကဝတ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ထိရောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအမံများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်သင့်ပြီး ရေရှည်ငြိမ်ချမ်းရေးတည်ဆောက်မှု ကြိုးပမ်းအားထုတ်မှုများကို တည်တံ့မြဲမြံစေခြင်းနှင့် လတ်တလောလိုအပ်ချက်များကို ပံ့ပိုးပေးကာ တွေ့ကြုံရသည့် အခက်အခဲများမှ သင်ခန်းစာများရယူခြင်း၊ ပဋိပက္ခများ လျော့နည်းပပျောက်အောင် ကြိုးပမ်းခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင် ချဉ်းကပ်မှုများဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
မှီငြမ်း။ NSPD