အခြေအနေနဲ့ အချိန်အခါအရတော့ သင့်တော်မယ်ထင်ပါတယ်။ ငြိမ်းချမ်းတယ်ဆိုတာမရှိတဲ့ အနိဋ္ဌာရုံများနဲ့ ကမ္ဘာကြီးထဲရောက်နေတာဖြစ်တဲ့အတွက် တစ်နေရာကတစ်နေရာ စစ်ခင်းရတာ လွယ်နေတဲ့ခေတ်ကြီး၊ ဘယ်နေရာကြည့်ကြည့် နေရာလုပွဲချည်း၊ အကျိုးစီးပွား အပြိုင်အဆိုင် ခေတ်ကြီး၊ ကိုယ်ဦးကိုယ်ချ၊ သူဦးသူချ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးပါမချန် အင်အားနည်းသူကို ဖျက်ဆီးဖို့ ဝန်မလေး၊ ချနင်းခံရတဲ့ခေတ်ကြီးမှာ အင်အားကသာ အခရာ ဖြစ်နေတာ မဆန်းပါ။ ဒါကြောင့် အင်အားကို တည်ဆောက်ရလိမ့်မယ်။
စီးပွားရေး၊ နိုင်ငံရေးလည်းပါပေမယ့် ကာကွယ်ရေးအင်အားကသာ ဒီအချိန်မှာ အဓိကဖြစ်နေတယ်။ ကမ္ဘာ့အခြေအနေက UN ရော UNSC ပါ မြောင်းထဲရောက်နေတဲ့အခြေအနေမှာ ခွင့်မပြုလည်း ဝင်တိုက်၊ ခွင့်ပြုလည်းဝင်တိုက်နေတဲ့ ကိုယ်ကျိုးစီးပွားသာ ရှေ့တန်းတင်နေတဲ့ခေတ်၊ ကမ္ဘာကြီးကိုစိုးမိုးဖို့၊ ဒေသတွင်း လွှမ်းမိုးနိုင်ရေးကသာ အဓိကဖြစ်လာနေကြပြီ။ နိုင်ငံရေးကို စစ်ရေးနည်းနဲ့ အဖြေရှာလာပြီး အကြမ်းဖက်ခြင်းကို ထွက်ပေါက်အဖြစ် ယနေ့အနိဋ္ဌာရုံအားလုံးရဲ့ အရင်းအမြစ်ကို မြင်တတ်ပြီဆိုရင် အားကိုးစရာဆိုလို့ ကိုယ့်အင်အား၊ ကိုယ့်ပြည်တွင်းအင်အား ကသာ ကြိုတင်ပြင်ဆင်ထားဖို့ အဓိကဖြစ်လာပါလိမ့်မယ်။
အားလုံးမှာ တာဝန်ရှိနေ
ကမ္ဘာ့အချို့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေတစ်ရပ်က စတင် အာဏာတည်ခဲ့ပါပြီ။ ယခုမှ အသစ်ပြဋ္ဌာန်းခြင်းမဟုတ်၊ ၁၉၅၉ ခုနှစ်ကတည်းက ရှိခဲ့ပြီး ပြည်သူ့ စစ်မှုထမ်းအက်ဥပဒေအရလည်းကောင်း၊ ထို ၁၉၅၉ ခုနှစ်ဥပဒေကိုပဲ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက ထပ်မံပြင်ဆင်အတည်ပြုခဲ့ပြီးသား ပြည်သူ့စစ်မှုထမ်းဥပဒေသာဖြစ်ပါတယ်။ ယခင်က ကျွန်တော်တို့ ပြည်သူတွေဟာ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ဟာ စစ်သားနဲ့ဆိုင်တဲ့ စစ်သား အလုပ်ပဲလို့ ယူဆခဲ့ကြတယ်။ အမှန်စစ်သားက အဓိကဆိုပေမယ့် နိုင်ငံတစ်ဝန်းက ပြည်သူလူထု တစ်ရပ်လုံးမှာ လည်း တာဝန်ရှိပါတယ်။ နိုင်ငံမလုံခြုံရင် နိုင်ငံတွင်းက ပြည်သူလည်း ဘယ်လုံခြုံ နိုင်ပါ့မလဲ။
ကျူးကျော်စော်ကားသူဆိုတာ တပ်မတော်သားတင်မက အရပ်သားပြည်သူကိုလည်း ငဲ့ညှာနေမှာ မဟုတ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်းတောင် ညှာတာမှုမရှိကြတာ၊ ပြည်သူတွေ ကိုးကွယ် ဆည်းကပ်တဲ့ ဘာသာ၊ သာသနာကိုလည်း ဖျက်ဆီးနေကြတာပဲလေ။ တပ်မတော်ကြီးပြိုပျက်ရင် နိုင်ငံလည်းပျက်၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်လည်း ဆုံးရှုံးကြမှာဖြစ်ပါတယ်။ ဒီနိုင်ငံကြီး လုံခြုံရေးဟာ ကျွန်တော်တို့အားလုံးရဲ့ လုံခြုံရေးပါပဲ၊ ထပ်တူထပ်မျှကျပါတယ်။
ငြိမ်းချမ်းရေးကို ရှေးရှု၍သာ
ကျွန်တော်တို့အားလုံး စစ်ကိုမုန်းလို့ စစ်တိုက်နေကြရတယ်။ ငြိမ်းချမ်းရေးရချင်လွန်းလို့ စစ်မတိုက်ချင်ဘဲ တိုက်နေကြရတယ်။ ယခုအချိန်မှာ ကမ္ဘာကြီးမငြိမ်းချမ်းသလို နိုင်ငံတွင်း ဒေသအချို့မှာလည်း မအေးချမ်းလှပါဘူး။ ငြိမ်းချမ်းရေးနဲ့အဖျက်မှာ အဖျက်ကသာ ပိုအားကောင်းနေတယ်။ ပြည်ထောင်စုကြီးပြိုကွဲအောင်၊ တိုင်းရင်းသားတွေစည်းစည်းလုံးလုံး မရှိအောင်နဲ့ အချုပ်အခြာကျိုးပဲ့မယ့် အသက်တမျှအန္တရာယ်တွေကို ဟန့်တားလို့ရမယ့် အခြေအနေဟာ ယနေ့ပြည်သူ့စစ်မှုထမ်းခြင်းနဲ့ ပြည်သူ့စစ်မဟာဗျူဟာတစ်ရပ် ကျင့်သုံးခြင်းပါပဲ။ ရန်သူဟာ ပြည်သူပါဝင်လာမှုကို ကြောက်တဲ့အတွက် ပြည်သူ့စွမ်းအားနဲ့ပေါင်းစပ်ပြီး စစ်ကို ဟန့်တားနိုင်ဖို့လိုလာပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာဟာ ပြည်တွင်းရန်သာမက ပြည်ပရန် အတွက်ပါ ရည်ရွယ်တဲ့အတွက်လည်း မြန်မာ့မြေနဲ့ မြန်မာပြည်သူအပေါ် စစ်မက်ဖက်ပြိုင်သူများရဲ့ ယှဉ်ပြိုင်လိုစိတ်ကိုပါ ဟန့်တားပြီးဖြစ်ပါလိမ့်မယ်။ သက်ရောက်မှုကတော့ ပြည်သူတွေပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်းခြင်းကတစ်ဆင့် ပြည်သူတွေ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရှေးရှုခြင်းပါပဲ။
ကောင်းမွန်သော စစ်ဘက်အရပ်ဘက် ဆက်ဆံရေးသို့ဆီ
ပြည်သူအားလုံးပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်းစနစ်မှာ နိုင်ငံရဲ့အင်အားဟာ အမြဲတမ်းတပ်မတော် တစ်ခုတည်းမှာ အဓိကတည်မီခြင်းရှိတော့မှာမဟုတ်ပါဘူး။ နိုင်ငံအင်အားအရင်းအမြစ်အနေနဲ့ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီနဲ့ လက်တွဲပါဝင်လာမှာဖြစ်တဲ့အတွက် အေးစက်နေတဲ့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးဟာ ပြန်လည် အားကောင်းလာမယ်လို့ ယူဆပါတယ်။ ယခင်က ပြည်သူတွေဟာ စစ်ဘက်ကအာဏာသိမ်းတာ မကြိုက်ခဲ့သလို စစ်ဘက်လွှမ်းမိုးမှုကိုလည်း မကြည်ဖြူခဲ့ပါဘူး။ စစ်ဘက်နဲ့ အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှု တွေမှာ အားနည်းမှုတွေရှိခဲ့ကြတယ်။ စစ်ရေးစစ်ရာနဲ့ နိုင်ငံလုံခြုံရေးမှာ ပြည်သူတွေ ပါဝင်လာတဲ့တစ်နေ့ တပ်အပေါ် ပြည်သူ့ဘက်က ခံစားချက်၊ ပြည်သူ့အပေါ် တပ်ဘက်က ခံစားပေးမှုတွေမှာ အပြန်အလှန် ကိုယ်ချင်းစာမှုတွေနဲ့အတူ နီးစပ်မှု ရှိလာကြမယ်လို့ ထင်ပါတယ်။
ဒီအချက်ဟာ ပြည်သူ့စစ်မှုထမ်းခြင်းရဲ့ ရလဒ်တစ်ခုအဖြစ် စစ်ဘက်နဲ့အရပ်ဘက်၊ တပ်နဲ့ပြည်သူအကြား၊ တပ်နဲ့ တိုင်းရင်းသားတွေအကြား အဓိပ္ပာယ်ရှိရှိ ချောမွေ့လာမယ့်ဆက်ဆံရေး ကို မြင်ရတော့မယ့် လက္ခဏာတွေပါပဲ။ ထိုမှတစ်ဆင့် ကောင်းမွန်တဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကနေ အမျိုးသားရင်ကြားစေ့ရေး၊ ထိုမှတစ်ဖန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကနေ လိုချင်တဲ့ ပြည်ထောင်စုစိတ်ဓာတ်အထိ အဓိပ္ပာယ်ရှိတဲ့ ရလဒ်ကောင်းတွေ မျှော်လင့်လို့ရနိုင်ပြီလို့ ယူဆမိပါတယ်။
ဘဝမှာအသုံးဝင်လာမယ့် ကျွမ်းကျင်မှု ဗဟုသုတနဲ့ အတွေ့အကြုံဆိုတာ
နောက်ထပ်အကျိုးကျေးဇူးတစ်ခုက ပြည်သူတွေဟာ မိမိတို့ကျွမ်းကျင်ရာအလိုက် နိုင်ငံအပေါ် ပေးဆပ်ခွင့်ရခြင်းပါပဲ။ တိုက်ခိုက်ရေးဝါသနာပါသူက တိုက်ခိုက်ရေးဘက်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု၊ ဆေး၊ ကျောင်းဆရာ၊ ဖြေဖျော်ရေးအတွက် အနုပညာစတဲ့ မိမိကျွမ်းကျင်ရာအလိုက် နယ်ပယ်စုံမှာ တာဝန်ထမ်းဆောင်ခွင့်ရကြပါလိမ့်မယ်၊၊ ရန်သူပတ်လည်ဝန်းရံနေတဲ့ ပတ်ဝန်းကျင်မှာ မိမိတို့အပေါ် စော်ကားလာတဲ့အခါ၊ မိသားစုအပေါ် ရန်ပြုလာတဲ့အခါ၊ မိမိရပ်ရွာလူမျိုးအပေါ် ကျူးကျော်လာတဲ့အခါ ဘာမှမတုံ့ပြန်တတ်၊ ဘာတစ်ခုမှ ပြန်မခုခံနိုင်တဲ့အခြေအနေတွေကို ကျော်လွှားနိုင်တော့မှာပါ။
ရန်သူ့ရှေ့လည်စင်းခံပြီး ကာကွယ်ခုခံနိုင်မှုမရှိခြင်းဟာ လူ့အခွင့်အရေးတစ်ရပ်ဆုံးရှုံးခြင်း တစ်မျိုးပါပဲ။ ဒီအဖြေကို ပြည်သူ့စစ်မှုထမ်းခြင်းကသာ ပေးစွမ်းပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်မှုပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စွမ်းရည်ဟာ ဘာနဲ့မှလဲလို့မရတဲ့ တန်ဖိုးတစ်ခုပါ၊၊ ဒီလိုအခွင့်အရေးမျိုးမှာ မိမိဘက်က အသက်အရွယ်ရဲ့ ကောင်းခြင်းနဲ့ ကျန်းမာရေးကောင်းပြီး စိတ်ခွန်အား၊ ရုပ်ခွန်အားပြည့်စုံနေတဲ့ အခြေအနေမှသာ ရယူနိုင်တာမျိုးပါ။ မကျန်းမာသူ၊ ချို့ယွင်းချက်ရှိနေသူတွေမှာ ထမ်းဆောင်ခွင့်မရှိပါဘူး။ စစ်မှုထမ်းကာလ နှစ်နှစ်၊ သုံးနှစ်ဟာ တကယ်တော့လည်း ဘာမှမကြာလှပါဘူး။ ဒီကာလတစ်ခု အတွင်း ရရှိလိုက်တဲ့ လက်နက်မျိုးစုံကို စနစ်တကျကိုင်တွယ်ပစ်ခတ်ပုံနဲ့တကွ ရန်သူကြားမှာ ဘယ်လိုအသက်ရှင်သန်ရပ်တည်နိုင်စွမ်းနဲ့ စစ်အတတ်ပညာရပ်ပေါင်းစုံဟာ တန်ဖိုးရှိသလို ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေအပေါ်မှာ ထပ်ဆင့်ပြောင်းလဲလာတဲ့ ခံယူချက်တွေဖြစ်တဲ့ ရဲဘော်ရဲဘက်စိတ်၊ ဇာတိမာန်စိတ်နဲ့ အမျိုးသားရေးစိတ်ဓာတ်တွေဟာလည်း နိုင်ငံသားကောင်း တစ်ယောက်မှာ လိုအပ်နေတဲ့စိတ်ဓာတ်ကောင်းတွေပါပဲ။
ခဏတာ စစ်မှုထမ်းဆောင်ခိုက်မှာ ရိုးရိုးအရပ်သားဘဝမှာ မရနိုင်တဲ့အတွေ့အကြုံတွေ၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေဟာ အလွန်တန်ဖိုးရှိမှာပါ။ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံ၊ အချိန်နဲ့ အကွာအဝေးတွက်ချက်နိုင်စွမ်းလို အတွေ့အကြုံတွေ၊ အပင်ပန်းခံနိုင်မှု၊ ရောင့်ရဲသည်းခံနိုင်မှု၊ မလျှော့တဲ့ဇွဲလုံ့လနဲ့တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်တတ်လာမယ့် သန္နိဋ္ဌာန်တွေ ဒါတွေက စစ်မှုထမ်းဆောင်ပြီး နောင်လျှောက်လှမ်းမယ့် မိမိတို့ဘဝလမ်းခရီးအတွက် အသုံးဝင်အထောက် အကူပြုမယ့် အကျိုးတရားတွေပါပဲ။
အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ကမ္ဘာနဲ့မြန်မာမှာ
နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ရင်လိုအပ်သလို စစ်မှုထမ်းဆောင်ခြင်းဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ နိုင်ငံတော်၊ နိုင်ငံသားနဲ့ အချုပ်အခြာဟာ ကွဲပြားခြင်းမရှိပါဘူး။ အချုပ်အခြာ ကာကွယ်ဖို့ နိုင်ငံသားတိုင်းဟာ စစ်ပညာသင်ကြားရန် တာဝန်ရှိပြီးဖြစ်သလို နိုင်ငံတော်ရဲ့လုံခြုံရေး ပြည်တွင်းပြည်ပ အန္တရာယ်တွေကနေ ကာကွယ်ဖို့ ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ပြည်သူ့စစ် မဟာဗျူဟာကျင့်သုံးဖို့ စီမံဆောင်ရွက်ရန်မှာလည်း တပ်မတော်ကပဲ ဦးဆောင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာ တွေ့ရမှာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအတော်များများမှာလည်း ထို့အတူပါပဲ။ လိုအပ်ချက်အရ ပြည်သူတွေပါဝင်တဲ့ စစ်မှုထမ်းဆောင်ခြင်းကို ခေါင်းစဉ်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြဋ္ဌာန်းကျင့်သုံးနေကြပါတယ်။ လေ့လာမိသလောက်တော့ ကမ္ဘာမှာ စစ်မှုမထမ်းမနေရ စနစ်ကျင့်သုံးတဲ့ နိုင်ငံ ၃၄ နိုင်ငံလောက်ရှိပါတယ်။ အိမ်နီးချင်းအရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူအပါအဝင် အာရှအရှေ့ဖျားက တောင်/မြောက် ကိုရီးယားလို နိုင်ငံတွေ၊ ရုရှားနဲ့ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်၊ ဂျာမနီ၊ ဆွီဒင်၊ ဆွစ်ဇာလန်စတဲ့ ဥရောပနိုင်ငံများအထိ ပါဝင်ကြောင်း လေ့လာမိပါတယ်။ ဥပဒေကိုပြဋ္ဌာန်းထားပြီး တာဝန် ထမ်းဆောင်ရခြင်းမရှိသေးတဲ့ နိုင်ငံတွေလည်းရှိသလို ဥပဒေနဲ့အညီ မဖြစ်မနေ စစ်မှုထမ်းနေရတဲ့ နိုင်ငံတွေလည်းရှိတာ တွေ့ရပါတယ်။
တချို့လက်နက်မကိုင်ရတဲ့နေရာမျိုးမှာသာ တာဝန်ထမ်းဆောင်ခွင့်ပြုတဲ့နိုင်ငံတွေ၊ အပျော်တမ်း တပ်ဖွဲ့ပုံစံ၊ အရန်တပ်ဖွဲ့ပုံသဏ္ဌာန်အစရှိတဲ့ နိုင်ငံတွေလည်းရှိကြောင်း လေ့လာမိပါတယ်။ မြန်မာ့ သမိုင်းမှာက စစ်မှုထမ်းဆောင်ဖို့ဆင့်ခေါ်ခြင်းဆိုတာ အထူးအဆန်းတစ်ခု မဟုတ်ပါဘူး၊၊ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေကြုံတိုင်း မြို့အလိုက်၊ ရွာအလိုက် ထောင်ပြုရာပြုဆိုပြီး စစ်စည်းရုံးခြင်းဆိုတဲ့ အတွေ့အကြုံများ ရှိပြီးဖြစ်ပါတယ်။ ကူမင်တန်တရုတ်ဖြူပြည်ပကျူးကျော်မှုနဲ့ ပြည်တွင်း သောင်းကျန်းမှုအရှိန်မြင့်တဲ့ အခြေအနေမျိုးတွေမှာ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်းဆုံးကျင့်သုံးခဲ့ပြီး သောင်းကျန်းမှုအပြီးတိုင် ချုပ်ငြိမ်းအောင်မြင်ခဲ့တဲ့ အစဉ်အလာတွေ ရှိထားပြီးဖြစ်ပါတယ်။
စည်းရုံးရေးဆန်သော ပညာပေးမှုများမှတစ်ဆင့်
နိုင်ငံတော်အနေနဲ့ စစ်မှုထမ်းဥပဒေကို စတင်အသက်ဝင်ဖို့ ကြိုးစားမှုတိုင်းမှာ အဆင့်များစွာ ကျော်ဖြတ်ရမှာဖြစ်သလို အပြောင်းအလဲတိုင်းမှာ ယှဉ်တွဲပါလာတတ်တဲ့ စိန်ခေါ်မှုများအတွက်လည်း ဖြေရှင်းဖို့အချက်တွေရှိနေမှာ ဖြစ်ပါတယ်။ စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းရမယ့် အခြေ အနေတွေ၊ ပြဋ္ဌာန်းချက်များနဲ့အညီ ကောက်ယူရမယ့် စာရင်းအချက်အလက်တွေ များစွာရှိနိုင်ပါ တယ်။ လောလောဆယ်တော့ သူတစ်လူ ငါတစ်မင်းနဲ့ ဒုက္ခပေါင်းစုံ လက်တွေ့ခံစားနေရတဲ့ နယ်မြေတွေမှာ အရေးပေါ်လိုအပ်ချက်အရ ဒေသခံကာကွယ်ရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေ အမြန် ဖွဲ့စည်းပေးနေရတဲ့ အခြေအနေတွေကိုလည်း မြင်သိ၊ ကြားသိနေရတယ်။
ဆိုလိုတာက အမြင်အမျိုးမျိုး၊ ဝိဝါဒအမျိုးမျိုးနဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကတော့ ဘယ်အရေး အရာမှာမဆိုရှိနိုင်တာပါပဲ။ အလွှာပေါင်းစုံပါဝင်လာမယ့် စိန်ခေါ်မှုအချို့ရှိနေတဲ့ မူဝါဒတစ်ခုကို အကောင်အထည်ဖော်ရာမှာ စည်းရုံးရေးဆန်တဲ့ပညာပေးမှုများကသာ ပိုပြီးထိရောက်တဲ့ရလဒ် ကောင်းကို ရှာဖွေပေးနိုင်မယ်လို့ယူဆပါတယ်။ အချိန်ယူရမှာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းခြင်းကနေ ထင်ရှားတဲ့အကျိုးကျေးဇူးတွေကို မြင်လာသိလာရင် စည်းရုံးစရာမလိုဘဲ နောက်ကပါလာမယ့် ပြည်သူတွေလည်း အသင့်ရှိနေနိုင်ပါတယ်။
သိရှိထားဖို့က မြန်မာနိုင်ငံက မြန်မာတိုင်းဟာ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ် ရှိကြပြီးဖြစ်တယ်။ သွေးမနည်း၊ သတ္တိလည်းမကြောင်ကြပါဘူး။ အထူးသဖြင့် လူငယ်တွေဖြစ်ပါတယ်၊ သူတို့က ကောင်းကောင်းပညာရှာ၊ စီးပွားရှာပြီး နိုင်ငံကို အမြန်ဖွံ့ဖြိုးတိုးတက်စေချင်နေတာ တစ်ခုပါပဲ။ တရားမျှတမှုကို လိုလားပြီး ဒီမိုကရေစီအခွင့်အရေးကို ခံစားစံစားချင်ကြတယ်။ ဒါပေမယ့် သတိပြုဖို့ လိုတဲ့အချက်က ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတယ်ဆိုတဲ့ အချက်ကိုပါ။
အရင်ဆုံးကိုယ့်ကိုယ်ကိုယ်လုံခြုံအောင် လုပ်နိုင်ဖို့နဲ့ ငြိမ်းချမ်းမှုမရှိရင် ဖွံ့ဖြိုးခြင်းလည်းရှိနိုင်မှာ မဟုတ်ဆိုတာတော့ ကြိုတွေးထားရပါမယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးရဲ့အန္တရာယ်နဲ့ တိုးချဲ့လာ နေတဲ့ အဖျက်ဘေးရန်တွေကို ဟန့်တားနိုင်ဖို့ ကြိုးစားနေရခြင်းပဲဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းမှပဲ ကျွန်တော်တို့ လိုချင်တဲ့ စစ်မှန်စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ဆီ သွားနိုင်မယ်မဟုတ်ပါလား။ ။
မှီငြမ်း။ ၁၃-၂-၂၀၂၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မိုးမြင့် ရေးသားသော “ထုထည်ကြီးမား စုစည်းအားဖြင့် ငြိမ်းချမ်းရေးဆီရှေးရှုစို့” ဆောင်းပါး။