NCA (၈)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားမှ ရင်တွင်းစကားသံများ

ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ အဖွဲ့ဝင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ

“တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ် လက်မှတ်ရေးထိုးရာမှာ ပြည်တွင်းသက်သေတွေနဲ့ နိုင်ငံတကာသက်သေတွေဖြစ်တဲ့ ကုလသမဂ္ဂ၊   ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့က သံတမန်တွေပါ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခိုင်မာတဲ့စာချုပ်ဖြစ်ပါတယ်

NCA ရဲ့ အခြေခံမူတွေမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှုပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အာမခံချက်တွေ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်သွားရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်  ဆိုပြီး ပါရှိတဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ကော်မတီတို့ကို ဖွဲ့စည်းပြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။

NCA လက်မှတ်ရေးထိုးပြီးနောက်မှာ NCA မှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) ကို ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) တို့ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းလမ်းညွှန် (ToR)တွေ၊ လုပ်ထုံး လုပ်နည်း(SOP)တွေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွေကိုလည်း ရေးဆွဲဆောင်ရွက်ခဲ့ကြပါတယ်။

NCA ပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ JICM အစည်းအဝေး စုစုပေါင်း (၉) ကြိမ်နဲ့ UPDJC အစည်းအဝေး စုစုပေါင်းအကြိမ်(၂၀)၊ JMC-U အစည်း အဝေး စုစုပေါင်း (၁၉) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၅)ကြိမ် ကျင်းပပြုလုပ်ပြီး ရရှိလာတဲ့သဘောတူညီချက် (၇၂) ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူခဲ့ပြီး        ဖြစ်တဲ့အတွက်      ဒီသဘောတူညီချက်တွေကိုဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန် အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဗဟိုကော်မတီကချမှတ်ပေးတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းကော်မတီက လိုအပ်တဲ့ အချိန်ဇယားနဲ့ မဟာဗျူဟာတွေကို ချမှတ်ပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ    ဒီနေ့အချိန်အထိ NCA လက်မှတ်ရေးထိုး ပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ (၇၃)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ (၂၅)ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ (၁၆)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ (၇)ကြိမ် စုစုပေါင်းတွေ့ဆုံဆွေးနွေးမှု (၁၂၁)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။

ညှိနှိုင်းရေးကော်မတီအနေနဲ့ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့၊NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၃)ဖွဲ့၊ နိုင်ငံရေး ပါတီတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့နဲ့ (၆)ကြိမ် ဆွေးနွေးနိုင်ခဲ့ပြီး NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃)ဖွဲ့ဖြစ်တဲ့ UWSA ၊ SSPP ၊ MNDAA တို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှု(၅)ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးရာမှာ သဘောတူညီချက်တွေအနေနဲ့ ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေး အတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲများ လွတ်လပ်၍တရား မျှတစွာယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြရာမှာလည်း သဘောတူညီချက် (၂၁) ချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့    စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ပဓာနကျသောငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ပူးပေါင်းပါဝင်တည်ဆောက်ကြရန်၊ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊    ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ညှိနှိုင်းရေးကော်မတီအနေနဲ့လည်း NCA နဲ့ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်း ချက်၊ ဦးတည်ချက်တွေနဲ့အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

   ဦးခက်ထိန်နန်၊ကချင်ပြည်နယ်ဝန်ကြီးချုပ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်ပြည့်အခမ်းအနား ကျင်းပနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ငြိမ်းချမ်းရေးကိုကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ နိုင်ငံတကာကသိအောင် ချိတ်ဆက် ဆောင်ရွက်ပေးတဲ့အတွက် အစိုးရကိုလည်းကျေးဇူးတင်ပါတယ်။ အတိုင်းအတာတစ်ခုအထိထိရောက်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို နောက်ထပ်ကြိုးစားဖို့၊ ခြေလှမ်းလှမ်းဖို့ စွမ်းအားတွေရရှိလာမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ NCA(၈)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကနေအရှိန်အဟုန်နဲ့ ဆက်ပြီးသွားမယ်လို့ယုံကြည်ပါတယ်”      

ဦးအောင်မင်း၊ NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်းအသိသက်သေ

“NCA နှစ်ပတ်လည်အခမ်းအနား ကျင်းပတာကောင်းပါတယ်။ NCA တစ်ခုတည်းကပဲငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်တဲ့စာချုပ်ဖြစ်ပါတယ်။ အားလုံပါဝင်ပြီး အခမ်းအနားကို တက်တက်ကြွကြွနဲ့ တက်ရောက်လာတာကို မြင်ရတာဝမ်းသာစရာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရောင်ခြည်သန်းလာ တယ်လို့ ပြောလို့ရတဲ့    သက်သေဖြစ်ပါတယ်။ လူတိုင်းကတော့                ဒီလမ်းကြောင်းနဲ့သွားနေပါတယ်။    တိုင်းရင်းသားတွေကလည်း      ဒီလမ်းကြောင်းကိုသွားနေပါတယ်။   ဒါပေမယ့်သူတို့ သွားနေတဲ့လမ်း ကြောင်းနဲ့ အဖွဲ့အစည်းအသီးသီးကသွားနေတဲ့ လမ်းကြောင်းနဲ့ တစ်ထပ်တည်းကျအောင် လုပ်ရမှာဖြစ်   ပါတယ်။ တစ်ထပ်တည်းကျမှ ငြိမ်းချမ်းရေးကပိုပြီးအောင်မြင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို စားပွဲဝိုင်းမှာ ဆွေးနွေးရမှာဖြစ်ပြီး မလာသေးတဲ့သူတွေကို လာအောင်ခေါ်ရမယ်။ လာပြီးတဲ့သူကိုလည်း ပြန်ထွက်မသွားအောင် ဆွေးနွေးဖို့လိုပါတယ်”

ဒေါက်တာအေးမောင်၊ ဥက္ကဋ္ဌ၊ ရခိုင်ဦးဆောင်ပါတီ

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈) နှစ်မြောက် အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပွဲတွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ်တက်ဖူး ပါတယ်။ ကျွန်တော်ကလွှတ်တော်ထဲမှာအမတ်ဖြစ်ခဲ့တော့ NCA စာချုပ်ချုပ်ဖို့ ဘယ်လိုကြိုးစားခဲ့ရ တယ်ဆိုတာကို သိပါတယ်။ NCA ဖြစ်ဖို့အတွက် နှစ်နှစ်နီးပါး ကြိုးစားခဲ့ရတယ်။ NCA ရဲ့ အသီး အပွင့်က ငြိမ်းချမ်းမှုဖြစ်တယ်။ NCAရဲ့ ပင်မအနှစ်သာရသည် အခြေခံဥပဒေကို ပြင်မယ့်နည်းလမ်း ကိုရှာတာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ပင်မရည်ရွယ်ချက်က ငြိမ်းချမ်းမှုအတွက် ထက် နိုင်ငံရေးအားဖြင့် ရည်မှန်းတာကိုတောင်းလို့မရလို့ လက်နက်ကိုင်တာဖြစ်ပါတယ်။ လက်နက်ကိုင်နည်းနဲ့ နှစ်ပေါင်းကြာလာတဲ့အခါ နိုင်ငံရေးနည်းနဲ့ ပြန်လည်ဖြေရှင်းမှ ရမယ်ဆိုတဲ့ သံသရာတစ်ပတ်ပြန်လည်လာတာဖြစ်ပါတယ်။ တွေ့ကြ၊ ဆွေးနွေးကြဆိုတဲ့ ဒီပန်းတိုင် လိုအပ်ပါ တယ်။ NCA က တွေ့ဆုံကြတယ်၊ ဆွေးနွေးကြတယ်၊ အပစ်အခတ်ရပ်ကြတယ်”

ဒေါ်နန်းယဉ်ယဉ်စိုး၊  တွဲဖက်အတွင်းရေးမှူး(၂)၊ PNLO

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ့် မြန်မာနိုင်ငံအခင်းအကျင်းမှာ stakeholderအနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် NCA နှစ်ပတ်လည်အခမ်းအနားက လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးရဲ့ စုပေါင်းပိုင်ဆိုင်မှု Joint Ownershipအပေါ်မှာ သက်ရောက်လာတာဖြစ်ပါတယ်။ ကျွန်မတို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိတယ်။ အလားတူပဲ NCA တံခါးက အမြဲတမ်း ဖွင့်ထားလျက်ပါပဲ။ နိုင်ငံရေဆွေးနွေးပွဲအဆင့်ဆင့်တွေကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ NCAမှာလည်း အတိအလင်းပါထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ကိုငြိမ်းချမ်းလိုတဲ့စိတ်၊ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါမှာ တိုင်းပြည်ချစ်စိတ်နဲ့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေး စကားဝိုင်း ယဉ်ကျေးမှုထွန်းကားတဲ့ အခင်းအကျင်းတစ်ရပ်မှာ မပါဝင်သေးတဲ့ အစုအဖွဲ့အားလုံး ဆွေးနွေးပါဝင်လာဖို့ကိုလည်း ကျွန်မအနေနဲ့ ဒီကနေဖိတ်ခေါ်လိုပါတယ်။ NCA ကနေ ၂၀၁၅ခုနှစ်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ ဒီနေ့လိုအခင်းအကျင်းကနေ ၂၀၂၃ ခုနှစ်ကို ရောက်ရှိလာတာဖြစ်ပါ တယ်။ ဆွေးနွေးခဲ့တဲ့ကာလတွေမှာ NCA ရဲ့ အားနည်းချက်၊ အားသာချက်၊ အခက်အခဲတွေရှိတယ်၊ စိန်ခေါ်မှုတွေရှိတယ်။ NCAပျက်ပြီဆိုပြီး ဝေဖန် တိုက်ခိုက်ခံရမှုတွေ ရှိပါတယ်။ ဒီလိုအချိန်အခါမှာ လွှတ်တော်ကနေ Legal Document အနေနဲ့ အတည်ပြုထားတဲ့ NCA ဟာ ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင် ပျက်သုဉ်းခြင်းမရှိပါဘူး။ ဒါကြောင့် NCA ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်မယ်။ ကျွန်မတို့အားလုံး လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုသွားလို့ရမယ်ဆိုတာကို ဆွေးနွေးအဖြေရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။”

ဦးမြင့်လွင်၊ဥက္ကဋ္ဌ၊ တာမိုးညဲဒေသ(မုန်းဝန်း)၊ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့

 မှာကျင်းပတဲ့ NCA က အင်မတန်မွန်မြတ်သလို အရေးလည်းကြီးပါတယ်။ တစ်ပြည်လုံးအတိုင်း အတာနဲ့ ငြိမ်းချမ်းရေးရရှိလာတဲ့အခါ တိုင်းပြည်ဟာ အစစအရာရာ အောင်မြင်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တည်ငြိမ်မှုနဲ့ အေးချမ်းသာယာမှုတွေက ပြည်သူလူထုတွေလိုချင်တဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လက်မှတ် မထိုးရသေးတဲ့အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ညှိနှိုင်းပြီးပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်”

သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(ဟောင်း)

“လူတိုင်းက ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သမျှအားလုံးကို အားပေးရမယ်၊ကြိုဆိုရမယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဆိုတာကလည်း ငြိမ်းချမ်းရေးရဖို့အတွက် ရှေ့ပြေးကိစ္စတစ်ခုဖြစ်ပါတယ်”

ဒေါ်စောမြရာဇာလင်း၊ ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

      “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဆိုတာ အလိုလိုပေါ်ပေါက်လာ တာမဟုတ်ပါဘူး။ အင်မတန်မှ ကြိုးစားပြီးရယူခဲ့တဲ့ မြန်မာနိုင်ငံအတွက် တန်ဖိုးရှိတဲ့စာချုပ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာဆိုရင် ဒုတိယပေါ်ပေါက်လာတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်ရဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့တာတွေရှိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ EAOs အဖွဲ့တွေ ကြိုးပမ်းခဲ့ကြတဲ့အတွက် ဒီနေ့ဒီအချိန်မှာ ဒီလိုအခမ်းအနားကို ကျင်းပနိင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ကျင်းပနိုင်ခဲ့တဲ့အတွက် အင်မတန် ဝမ်းသာပါတယ်။ NCA တည်တံ့ခိုင်မြဲဖို့၊ အနာဂတ်မှာကြိုးစားတည်ဆောက်ဖို့နဲ့ ရှေ့ဆက်ပြီး မြန်မာ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ဖို့ ကျွန်မတို့ အတတ်နိုင်ဆုံးဆောင်ရွက်သွား ပါ့မယ်။ NCA ပါ ပြဋ္ဌာန်းချက်တွေအတိုင်း ရှေ့ဆက်သွားဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါ တယ်။ NCA ရဲ့ အဓိကကျတဲ့ အနှစ်သာရကဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။”

တွေ့ဆုံမေးမြန်း – မျိုးဆက်သစ်