NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခြင်း

NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခြင်း

၁။      ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ နိုင်ငံတကာမှ အသိပညာရှင်များ၊ ပြည်တွင်းမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ EAOs ၊ CBOs၊ CSOs များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။

၂။       ကျွန်တော်ကတော့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကနေ့ဆွေးနွေးပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အစီအမံများကို ရှင်းလင်းတင်ပြပါမယ်။

၃။      “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီတူရှိမှုနှင့် တရားမျှတမှု တို့ကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု”ကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်ရွယ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)”ကို နိုင်ငံတော်ရဲ့ သမိုင်းဝင်စာချုပ်အဖြစ် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၄။      လွန်ခဲ့တဲ့ ဆယ်စုနှစ်ကို ပြန်ကြည့်တဲ့အခါ အောင်မြင်တိုးတက်မှုများနဲ့အတူ ကြုံတွေ့ရတဲ့ အခက်အခဲများကိုလည်း မိမိတို့အနေဖြင့် လေ့လာတွေ့ရှိရပါတယ်။ NCA အတွေ့အကြုံအရ ငြိမ်းချမ်းရေးကို အင်အားသုံးတိုက်ခိုက်မှုတွေနဲ့ မရနိုင်ဘူးဆိုတာ ဖော်ပြနေပါတယ်။ စစ်မှန်သော ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို စားပွဲဝိုင်းမှာ ဆွေးနွေးခြင်း၊ အပေးအယူလုပ်ခြင်းနဲ့ ဘုံအခြေခံတန်ဖိုးကို ရှာဖွေရန် နှစ်ဖက်လုံးက မမှတ်မသုန် ရဲဝံ့စွာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ သဘောတူညီချက်များ၊ ဆွေးနွေးမှုများနဲ့ နားလည်မှုများဆီသို့ လျှောက်လှမ်းရန် ခြေလှမ်းတစ်လှမ်း ချင်းစီတိုင်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးခရီးလမ်းကြီးကို အထောက်အကူ ပြုနေပါတယ် ဆိုတာ အားလုံးဂရုပြုကြရပါမယ်။

၅။      ယခုနှစ်အစောပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်မှု ခေါင်းစဉ်နဲ့ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် 2025 ကို ကျင်းပခဲ့ပါတယ်။ ဖိုရမ်ဟာ ကျယ်ပြန့်သော နိုင်ငံရေးအခင်းအကျင်းမှာ တွေ့ဆုံဆွေးနွေးမှုများ အားကောင်းလာစေရန်နဲ့ ငြိမ်းချမ်းရေးကို တိုးတက်ထွန်းကားစေမယ့်နည်းလမ်းများအတွက် အဖိုးတန်တဲ့ အသိအမြင်များကို မျှဝေပေးတဲ့ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများရဲ့ ဆွေးနွေးမှုများကို စုစည်းထားခြင်း ဖြစ်ပါတယ်။ အဆိုပါ ဖိုရမ်မှ ဆွေးနွေးချက်များဟာ သက်ဆိုင်သူများအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ NCA မူဘောင်ကို လက်ရှိဖြစ်ရပ်မှန်များနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ဆက်လက်လုပ်ဆောင်ရန် အရေးကြီးကြောင်းကို ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။

၆။      ငြိမ်းချမ်းရေးဟာ မိမိတို့ အားလုံးအတွက် ဘဝမှာ ကဏ္ဍတိုင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှုမတည်တံ့နိုင်ပါဘူး၊ ဒီမိုကရေစီမရှင်သန်နိုင်သလို ပြည်သူတွေကလည်း ဂုဏ်သိက္ခာရှိရှိ၊ မျှော်လင့်ချက်များနှင့် အသက်မရှင်နိုင်ပါဘူး။ မြန်မာနိုင်ငံရှိ အသိုက်အဝန်းတိုင်းဟာ တည်ငြိမ်မှု၊ တန်းတူညီမျှမှုနှင့် တိုးတက်မှုအတွက် တူညီသောဆန္ဒဖြင့် ပူးပေါင်းလုပ်ဆောင်ကြရပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အရှိန်အဟုန် မြှင့်တင်ရန်နဲ့ နိုင်ငံသားတိုင်း ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန်အတွက် မိမိတို့နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

၇။      NSPNC အနေဖြင့် –

  • NCA လက်မှတ်ရေထိုးထားတဲ့ EAOs များရဲ့ နယ်မြေအတွင်းရှိ ပြည်သူများအတွက် Humanitarian Assistance (HA) အကူအညီများပေးအပ်ခြင်း၊ ပဋိပက္ခဒဏ်ခံစား နေရသောဒေသများရှိ တိုက်ပွဲရှောင်နှင့် ဒေသခံပြည်သူလူထုထံ လူသားချင်းစာနာမှု ဆိုင်ရာအကူ အညီပေးရေးလုပ်ငန်းတို့အား နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ပေးခြင်း။
  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများမှ ပြည်သူများ၏ လူနေမှု အဆင့်အတန်း မြှင့်တင်ပေးနိုင်ရေး ဆွေးနွေးပွဲများတွင် စီးပွားရေး ရှုထောင့် မှလည်း ဖော်ထုတ်အဖြေရှာ တင်ပြခြင်း။
  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူတစ်ရပ်လုံး နိုင်ငံရေးအသိအမြင် မှန်ကန်စွာ သိမြင်ပါဝင်လာစေခြင်းဖြင့် ပူးပေါင်းပါဝင်မှုများကို အလေးထားလုပ်ဆောင်ရန် လိုအပ်ချက်များအား အလေးထား ဆွေးနွေးအဖြေရှာ ပညာပေးခြင်းများ။
  • Social Media Platform တွင် သတင်းတု၊ သတင်းမှားများနဲ့ လုပ်ကြံသတင်းများ ဖြန့်ဝေမှု၊ အမုန်းစကား ဖြန့်ဝေမှုများမှတစ်ဆင့် လူ့အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ထိခိုက် နစ်နာမှုမဖြစ်ပေါ်စေရေးအတွက် Media ရဲ့ အခန်းကဏ္ဍအရေးပါမှုကို သိရှိနားလည် အသုံးချ နိုင်ရေးအတွက် လေ့လာအဖြေရှာခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

၈။      ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ပပညာရှင်များဆွေးနွေးခြင်း တစ်ရက်နဲ့ ပြည်တွင်း အဖွဲ့အစည်းများနဲ့ ဆွေးနွေးခြင်း နှစ်ရက် ဟူ၍လျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၉။      နိုင်ငံတကာအလုပ်ရုံဆွေးနွေပွဲနှင့် ပြည်တွင်းအလုပ်ရုံဆွေးနွေပွဲဟူ၍ အပိုင်း (၂) ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာဆွေးနွေးပွဲမှာ အောက်ပါတို့ကို အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်-

(က)   ဒေသတွင်းနှင့် ကမ္ဘာ့မိတ်ဖက်များ၏ အကူအညီဖြင့် မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုကို ပံ့ပိုး နိုင်ရန် ပထဝီဝင်စီးပွားရေးဆိုင်ရာလမ်းကြောင်းများကို ရှာဖွေခြင်း။

( ခ )   ပဋိပက္ခဖျန်ဖြေရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲများ၌ လူထုပါဝင်ရေး စည်းရုံးရာတွင် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခြင်း။

၁၀။    ပြည်တွင်းဆွေးနွေးပွဲမှာ အောက်ပါတို့ကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်-

(က)   ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် လက်နက်ကိုင်မဟုတ်သည့် လူမှု အသိုက် အဝန်းများ၊ အရပ်ဘက်တိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် အနာဂတ်မျိုးဆက်များ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း။

( ခ )   မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရာ၌ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်ခြင်း။

( ဂ )   မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသောအနာဂတ် တည်ဆောက်ရန်အတွက် နိုင်ငံ၏ လက်ရှိ ပကတိအခြေအနေနှင့် လက်တွေ့ကျကျ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ထုတ်ခြင်း။

(ဃ)   NCA (၁၀) နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို သုံးသပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည်စုံလင်စွာပါဝင်လာနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် စိန်ခေါ်မှုနှင့်ပြဿနာအကြောင်းအရာများအပေါ် ရေတို၊ ရေရှည် ဆောင်ရွက် နိုင်မည့် နည်းဗျူဟာများဖော်ထုတ်ခြင်း။

၁၁။    နှစ်ပတ်လည်နေ့ရဲ့ Theme အဖြစ် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော အနာဂတ် တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း” ဟု သတ်မှတ်ထားပြီး အဓိပ္ပာယ်သည် ငြိမ်းချမ်းရေးတာဝန်ကို လူသားတိုင်းပိုင်ဆိုင်ကြောင်းကို အသိပေးခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အဖွဲ့တစ်ဖွဲ့ သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်၍မရနိုင်ဘဲ ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်သူတိုင်းက ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားသော EAOs များနဲ့ လက်မှတ်မထိုးရသေးသော EAOs များ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့်အတူ ယုံကြည်မှု၊ လေးစားမှု များဖြင့် အတူတကွလုပ်ဆောင်နေရမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှု၊ နားလည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများဖြင့်သာလျှင် ပဋိပက္ခကို အတူယှဉ်တွဲနေထိုင်မှုနဲ့ ကွဲပြားမှုများမှ စည်းလုံး ညီညွတ်မှုအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်ပါတယ်။

၁၂။     အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးညှိနှိုင်းရေးကော်မတီ ကိုယ်စား ငြိမ်းချမ်းရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများနဲ့ ခက်ခဲတဲ့ ငြိမ်းချမ်းရေးခရီးရှည်ကြီးကို အောင်မြင်ရေး ပူးပေါင်းပါဝင်ကျော်ဖြတ်ခဲ့ကြသော ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုအပ် ပါတယ်။ ယနေ့ နှစ်ပတ်လည်နေ့ဟာ အထိမ်းအမှတ်တစ်ခုသာမက မိမိတို့ရဲ့ တူညီသော သန္နိဋ္ဌာန်ကို သက်တမ်းတိုးခြင်းလည်းဖြစ်ပါတယ်။ ရိုးသားမှု၊ စိတ်ရှည်သည်းခံမှုတို့ဖြင့် စားပွဲဝိုင်းတွင် ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ခိုင်မာသည့် အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါဖို့ တိုက်တွန်းအပ်ပါတယ်။

၁၃။    ယနေ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဟာ မိမိတို့ရဲ့ ဆွေးနွေးမှုများကို အရွေ့တစ်ရပ်ဖြစ်ဖို့၊ မြန်မာ့ငြိမ်းချမ်းရေးခရီးရဲ့ နောက်ထပ်အခန်းကဏ္ဍ၊ စာမျက်နှာတစ်ခုဖြစ်ဖို့၊ အဓိပ္ပာယ်ရှိပြီး အောင်မြင်တဲ့အရွေ့ရဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်နိုင်ပါစေဟု တိုက်တွန်းအပ်ပါတယ်။

၁၄။    NCA နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာတဲ့ သက်ဆိုင်ရာအခန်းကဏ္ဍများ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) အသီးသီးမှ အမြင်သဘောထားများ၊ အကြံပြုချက်များကို ဖော်ထုတ်စုစည်းပြီး အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ပေါင်းစပ်ဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။