NSPNC ဦးစီး၍ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှအေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်ဖြင့် Peace Forum 2025 ကျင်းပမည်

       အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (National Solidarity and Peacemaking Negotiation Committee – NSPNC) က ကြီးမှူး၍ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ခေါင်းစဉ်ဖြင့် Peace Forum 2025 ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပမည် ဖြစ်ပါသည်။

          Peace Forum 2025 ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ “နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်လုပ်ဆောင်နိုင်ရန် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် အကြံဉာဏ်များနှင့် ထိရောက်သော ဆွေးနွေးချက်များ ပေါ်ထွက်လာရန်” ဖြစ်ပါသည်။ ဆောင်ပုဒ်မှာ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ (Towards a New Nation of Peace and Prosperity through the Integration of Peace, Elections and Development)” ဖြစ်ပါသည်။   Peace Forum 2025 အခမ်းအနား Theme မှာ “ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲများသည် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန် အတွက် အခြေခံအုတ်မြစ်များအဖြစ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အပေါ် မည်သို့ အထောက်အကူပြုနိုင်သည်ကို လေ့လာဆန်းစစ်ပြီး အားလုံးပါဝင်သည့် ဆွေးနွေးပွဲ များနှင့် ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ကာ ပြည်သူကို ဗဟိုပြုသော ခိုင်မာသည့်လမ်းကြောင်းများကို ဖော်ထုတ်ရန်” ဟု သတ်မှတ်ထားပါသည်။

          Peace Forum 2025 သို့ ပြည်ပနိုင်ငံများမှ ပညာရှင်များ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက် ဆက်နွှယ်သည့် အစုအဖွဲ့ အလွှာအသီးသီးမှ ပညာရှင်များနှင့် အစိုးရဌာနများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမည် ဖြစ်ပါသည်-       

          (က)     ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊

          ( ခ )   ငြိမ်းချမ်းရေး၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရ  မည့်နည်းလမ်းများကို ဖော်ထုတ် ခြင်း၊

          ( ဂ )   လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နည်းဗျူဟာများကို ဖော်ထုတ်ခြင်း၊

          (ဃ)    ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု နိုင်မည့် နိုင်ငံတကာအသိုက်အဝန်းများ၏ အခန်းကဏ္ဍကို ဖော်ထုတ်ခြင်း၊

          ( င )   မြန်မာနိုင်ငံ၏ အနာဂတ်သည် ပထဝီနိုင်ငံရေးဆိုင်ရာ ရှုထောင့်အမျိုးမျိုးနှင့် ဆက်နွယ်သက်ရောက်မှုရှိပုံကို လေ့လာဆန်းစစ်ပြီး အသွင်ကူးပြောင်းရေးတွင် ကျင့်သုံးသင့်သော နည်းဗျူဟာများကို ဖော်ထုတ်ခြင်း။

Peace Forum 2025 ကို အောက်ပါ ရည်ရွယ်ချက် (Objective) ၄ ရပ်ဖြင့် ကျင်းပခြင်း ဖြစ်ပါသည်-

         (က)    အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်၊

         ( ခ )   ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်၊

         ( ဂ )   လူသားချင်းစာနာမှု အကူအညီများနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန်၊

         (ဃ)    နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်။

          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် အားလုံးပါဝင်သော ညှိနှိုင်းဆွေးနွေးမှုနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတို့မှတစ်ဆင့် ငြိမ်းချမ်းရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်ရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။