နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု (၄-၃-၂၀၂၅)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၄-၃-၂၀၂၅ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ရောက်ရှိကြရာ မော်စကိုတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးမှဦးဆောင်၍ လွမ်းသူပန်းခွေအားသယ်ဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုသည်။ လွမ်းသူပန်းခွေချအလေးပြုစဉ်အချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအား တီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကိုရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထိုသို့နှုတ်ဆက်စဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာ့တပ်မတော်စစ်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm