ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၄-၃-၂၀၂၅ ရက် နံနက်ပိုင်းတွင် ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် ဒူးမားလွှတ်တော်အဆောက်အဦ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်များသည် ဒူးမားလွှတ်တော်အဆောက်အဦသို့ရောက်ရှိကြရာ ဒူးမားလွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် တွေ့ဆုံပွဲကိုကျင်းပပြုလုပ်ရာ ဒူးမားလွှတ်တော်၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုအခြေအနေများ၊ လွှတ်တော်၏ဖွဲ့စည်းထားရှိမှုနှင့် ပါတီများဖွဲ့စည်းထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား လွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူဆောင်ရွက်ခဲ့ရမှုနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကျင်းပချိန်၌ ရုရှားနိုင်ငံအနေဖြင့် ထောက်ခံအားပေးသွားမည့်အခြေအနေများ၊ ပြည်ပမှအကူအညီများရယူသည့် ပါတီများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံ လွှတ်တော်များအဆင့်ဆင့်ဖွဲ့စည်းထားရှိမှုနှင့် ရွေးကောက်ပွဲကျင်းပမှုပုံစံများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီး အပြန်အလှန်သွားရောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm
