NCA ချုပ်ဆိုခြင်း (၆) နှစ်မြောက်နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက်နှစ်ပတ်လည်နေ့တွင်ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့)

 ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက်ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့ သည့် (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ပင် ဖြစ်ပါသည်။ ရဟန်းရှင်လူပြည်သူအပေါင်းနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အေးချမ်းသာယာသော လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း နှင့် နိုင်ငံတော်အကျိုး၊ ပြည်ထောင်စုအကျိုး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးတို့ အတွက် ဆတက်ထမ်းပိုးတိုးတက်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ နှုတ်ခွန်း ဆက်သအပ်ပါသည်။

“မပြောဘဲနေတာ ကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာတယ်”ဆိုတဲ့ စကားရပ် အတိုင်း အမိနိုင်ငံအတွက် အဓိက လိုအပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ရပ်တန့်နေ၍ မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့ တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာ အဖွဲ့အစည်းများ၌ အစဉ်အမြဲ ကိန်းအောင်းနေမည်ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ ထို့အတူ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် မိမိတို့နိုင်ငံ၏ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည်။ တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးသည့် သမိုင်းဖြစ်စဉ်ဖြစ်ရပ်၊ နေ့ရက်ကြီး ၂ ခုမှာ စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေသက်တမ်း စံနှုန်းဖြင့် တွက်ချက် ပါက လူတစ်ယောက်၏ သက်တမ်းတစ်ခုစာ ရှိပြီဖြစ်သည်။ “အတိတ်ကို မသိလျှင် ထပ်ကျော့အမှား တွေ ကျူးလွန်နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင် သည်”ဆိုသည့် စကားရပ်အား သတိချပ်စေလိုသည်။ နိုင်ငံတော်အစိုးရသည် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့ မတိုင်မီ၌ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသားများပါဝင်သည့် ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်တွေ့လုပ်ငန်း ရပ်များ ဆောင်ရွက်ခြင်းဆိုသည့် အဆင့် ၃ ဆင့်အား နိုင်ငံတော်အစိုးရသည် အဆင့်လိုက် ဆောင်ရွက် သွားမည်ဖြစ်သည်။ ယင်းကိစ္စများတွင် တိုင်းရင်းသားပြည်သူလူထုနှင့် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့ များအားလုံးထံမှ အကြံပြုချက်များရယူခြင်း၊ အသိပေးခြင်းနှင့် ပညာပေးခြင်းများအား ဆောင်ရွက် မည်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် သည် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်တန့်ပေးထားမည့် ထုတ်ပြန်ချက်များအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ၃၀-၉-၂၀၂၁ ရက်နေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုသည့်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ငန်းများအား ပိုမိုတိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲကြောင်း ကြေညာထားပြီးဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရာတွင်

(၁)      သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်ရေးဆောင်ရွက်ခြင်း။

(၂)      အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဆင့်ဆင့်၊ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ရိုက် ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့် ဆွေးနွေးခြင်း။

(၃)      NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်း လာစေရေး၊ နှစ်ဖက်သဘောတူညီချက်များရရှိရေး စတဲ့ လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပါသည်။

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံ အစိုးရ မဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလို ဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အဝ ဖော်ဆောင်ပေးနိုင်မည် မဟုတ်ဆိုသည့် အယူအဆများအပေါ်၌ စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ရန် လိုပါသည်။ ၁၉၈၈ ခုနှစ် နောက်မှစ၍ တပ်မတော်အစိုးရလက်ထက် တွင် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်မှု၊ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းမှု၊ တိုင်းရင်းသားနယ်မြေများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုများသည် ပြယုဂ်ပင်ဖြစ်ပါသည်။ အဆိုပါအဖွဲ့များအနက် အများစုမှာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာ လက်တွေ့ပင်ဖြစ်သည်။ အစိုးရများ မည်မျှပင်ပြောင်းပြောင်း မိမိတို့နိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံပင်ဖြစ်သည်။ အစိုးရ နှင့် နိုင်ငံတော်ကို ယုတ္တိကျကျ ခွဲခြားမြင်နိုင်ဖို့လိုပါသည်။ အစိုးရဆိုသည်ထက် မိမိတို့အားလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် သစ္စာရှိရန်၊ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် ရိုးသားစစ်မှန်သည့် စိတ်ရင်း စေတနာဖြင့် ဆောင်ရွက်ရန်သည် အဓိကဖြစ်သည်။ အားလုံးက We are Myanmar ဆိုသည့် စိတ်ဓာတ် အပေါ် အရင်းခံစေလိုပါသည်။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ်ပိုမိုခိုင်မာစေရေး၊ NCA စာချုပ်၌ လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအခြေအနေထက်ပိုမိုသည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအဆင့် တစ်ဆင့်သို့ တက်လှမ်းနိုင်ရေး၊ ထို့နောက် NCA စာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထပ်မံ၍ လေးနက်စွာဖိတ်ခေါ်ပါသည်။ အားလုံးက စိန်ရတု ပြည်ထောင်စုနေ့ သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်ပေးကြစေလိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် “နိုင်ငံတော် တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ပထမအချက်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီ စနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယအချက်အနေနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း ” ပြောကြားခဲ့ပြီးဖြစ်သည်။ ၎င်းသည် မိမိတို့အစိုးရမှ ဆက်လက်ဆောင်ရွက်သွား မည့် ဦးစားပေးနိုင်ငံရေးမူဝါဒပင်ဖြစ်ပါသည်။ ယင်းအချက် ၂ ချက်သည် အပြန်အလှန်ဆက်စပ်လျက် ရှိသည်။ တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက် မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။

မိမိတို့ ပြည်ထောင်စုသမ္မတနိုင်ငံတော်သည် ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်း ပြီးနောက် ပထမအစိုးရကာလ၌ ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်ရေးအတွက် အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်နိုင်ရေးအတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီးဖြစ်သည်။ အဆိုပါအဖွဲ့များနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု၊ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များအား ထပ်လောင်းအသိအမှတ် ပြုအပ်ပါသည်။

ယနေ့ကာလသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာမှုများအပေါ် တပ်မတော်နှင့် နိုင်ငံရေးပါတီများမှ ညှိနှိုင်းဆွေးနွေးအဖြေရှာရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သဖြင့် တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံတော် တာဝန်အား ထိန်းသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်နေသည့်ကာလ ဖြစ်ပါ သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အားတာဝန်ယူပြီးသည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉) ရပ်အား ချမှတ်ဆောင်ရွက်လျက်ရှိရာ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက် များအတိုင်း အလေးထားလုပ်ဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။ လက်ရှိကာလတွင် ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများတို့ကို စုစုပေါင်း ၂၁ ကြိမ်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်မှုမရှိအောင် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအား မလိုလားသည့် နိုင်ငံအား ဖျက်လိုဖျက်ဆီးလုပ်လိုသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ မီဒီယာများနှင့်အာဏာကို အကြမ်းဖက်နည်းဖြင့် ရယူလိုသည့် NLD ပါတီ အစွန်းရောက်များ၊ NUG CRPH နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် နိုင်ငံတော်၏ ဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအား ထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အတိုင်းအတာတစ်ခုအထိ အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မထိခိုက်စေရန် သဘော ထားကြီးစွာဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည်လည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်းပြည်ပ ပယောဂ များ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွား စေရန် အထူးသတိပြုကြစေလိုပါသည်။

မိမိတို့အစိုးရသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအတွက် မိမိတို့အစိုးရမှ ခိုင်ခိုင်မာမာအာမခံပြီးဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်တွင် ယုံယုံကြည်ကြည်နှင့် ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းခြင်းဖြင့် နိုင်ငံတော်အစိုးရမှ လက်ရှိ ဦးတည်သွားနေသည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ အား သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပြီး ပြည်သူမှရွေးချယ်ပေးသည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရေးအား အားပေးကူညီရာရောက်မည်ဖြစ်သည်။

လက်ရှိအခြေအနေသည် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကပ်ရောဂါအား ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှ စတင်၍ ယခုအထိ ခံစားနေရသည့် ကာလဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “ပြည်သူလူထု၏ အသက်ထက်အရေးကြီးတာ ဘာမျှမရှိ”ဟူသော မူဝါဒနှင့် “ပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားများသာမက လူမျိုးဘာသာမရွေး လူသားအားလုံးကို ကျန်းမာရေး စောင့်ရှောက်မှုတန်းတူညီတူ အခွင့်အရေးရရှိစေရမည်”ဟူသည့် မူဝါဒများချမှတ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ ကို ရှိသမျှခွန်အား၊ စွမ်းအားများဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာမက NCA လက်မှတ်မရေးထိုးရသေး သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာ ဒေသများရှိ ပြည်သူများ၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအတွက်ပါမကျန် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် ရောဂါဖြစ်ပွားမှုရာခိုင်နှုန်းနှင့် သေဆုံးမှု နှုန်းတို့မှာ သိသိသာသာ ကျဆင်းလာလျက်ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါသည်။

မိမိတို့အစိုးရသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတံခါးဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီးဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရတာဝန်အား ရယူထား ချိန်ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများ ဆောင်ရွက်နိုင်ပါသည်။ လက်ရှိနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များမရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍မရနိုင်ဟု ထင်မြင်ယူဆဖွယ်ဖြစ်သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးစီးချိန်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကသာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ ဖြစ်လာမှာဖြစ်သည့်အတွက် ယခုကာလ၌ မိမိတို့ အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းအားဖြင့် ပိုမိုခရီးရောက်စေမည်ဖြစ်သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်သူအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုက အခြေခံအကျဆုံးဖြစ်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံရေးရင့်ကျက်ရန် လိုအပ်မှုများကြောင့် အမိ မြန်မာနိုင်ငံတော်ကြီး တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်ကို သင်ခန်းစာယူရပါမည်။ မိမိတို့ လက်ထက်၌ ၎င်းကိစ္စကို ကျော်လွှားနိုင်အောင် ကြိုးစားကြရပါမည်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် “ပညာပြည့်ဝ၊ နှလုံးလှသော” နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက်ကြရပါမည်။ ချစ်ခင် လေးစားအပ်ပါသော ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါရန် သဝဏ်လွှာပေးပို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဥက္ကဋ္ဌ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်

ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ