၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်မည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန် အတွက် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပနိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစီး၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၊ ပုဂံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အကြိုညှိနှိုင်းအစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် NCA လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့သူများ/ ပါဝင်သင့်ပါဝင်ထိုက်သူများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့် အမှာစကား ပြောကြားရာတွင် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား စည်စည်ကားကားဖြင့် ကျင်းပ နိုင်ရေးကိစ္စရပ်များ၊ NCA မပေါ်မီ NCA ပေါ်ပေါက်လာရေး ဆောင်ရွက်ခဲ့မှုများ၊ NCA ပေါ်ပေါက်ပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော်သည့်အခါ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များအား စုပေါင်းဆွေးနွေးပြီး စုပေါင်း အဖြေရှာနိုင်ရေးကိစ္စ ရပ်များ၊ NCA နှစ်ပတ်လည်နေ့ အခမ်းအနားအား စုပေါင်း ဆောင်ရွက်ရာတွင် အစိုးရဘက်မှ အုပ်ချုပ်မှု ကိစ္စရပ်များအား တာဝန်ယူပြီး ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အခမ်းအနားတွင် နိုင်ငံတကာနှင့် ပြည်သူလူထုများ ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရေးကိစ္စရပ်များ၊ NCA တွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများ ပါဝင်သည့်အတွက် အားလုံး စုပေါင်း၍ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NCA အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များမှ အကြံပြု ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာတွင် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား နိုင်ငံရေး အဓိပ္ပာယ်ရှိပြီး အနှစ်သာရ ပြည့်စုံစွာကျင်းပရေးနှင့် အခမ်းအနားနှင့် ဆက်စပ်ကျင်းပမည့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များ၊ အလုပ်ရုံဆွေးနွေးပွဲ လျာထားချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များ၊ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ရှင်းလင်းခဲ့သည်။
ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဆွေးနွေးရာတွင် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအတွက် အခမ်းအနားကျင်းပရေးကိစ္စရပ် များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအား သေချာညှိနှိုင်း ချမှတ်ပြီး အဘက်ဘက်နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များ၊ အကြိုညှိနှိုင်းအစည်းအဝေးမှတစ်ဆင့် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးကိစ္စရပ်များ၊ ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ပြည့်ပြည့်စုံစုံ နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် NCA နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ NSPNC နှင့် NCA-S EAO ကြား ချိတ်ဆက်ပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် Forward Action plan နှင့် Review ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
ယင်းနောက် NCA လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူများ/ ပါဝင်သင့်ပါဝင်ထိုက်သူများက ဆွေးနွေးရာတွင် NCA လုပ်ဆောင်စဉ်က ပါဝင်ခဲ့သူအားလုံးအား အခမ်းအနားသို့ ဖိတ်ကြားနိုင်ရေးများ၊ ယခင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ဆောင်ရွက်ချက်များပေါ် သုံးသပ်ဆွေးနွေးမှု ပြုလုပ်ရေး ဆိုင်ရာကိစ္စရပ်များ၊ NCA အား နားလည်သဘောပေါက်ရန်နှင့်နှင့် ပြည်သူများ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးပွဲများ ဆက်လက်ဖော်ဆောင်ရေးကိစ္စရပ် များ၊ NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားအား သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များအားလုံး ပါဝင်တက်ရောက်နိုင်ရေးကိစ္စရပ်များ၊ NCA နှစ်ပတ်လည်နေ့အခမ်းအနား မတိုင်မီ ကြိုတင်ဆောင်ရွက်ဖွယ်ရာကိစ္စရပ်များနှင့် အခမ်းအနားအား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအားဆွေးနွေးခဲ့သည်။
