ကျဆုံးလေပြီးသောသူရဲကောင်းစစ်သည်များအတွက်ဒဿမအကြိမ်မြောက်အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့်အလေးပြုခြင်းအခမ်းအနားကျင်းပပြုလုပ်

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည် များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားအား ဒဿမကြိမ်မြောက် အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်း ဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂါရဝပြုဆုတောင်းပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့်မိတ်ဆွေများ ပရဟိတ အသင်း၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်အားချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များ အား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအားရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သောကောင်းမွန်ရာ ဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများလွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကိုအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်းတိုက်၌ ကျဆုံးစစ်သည်များအားရည်စူး၍ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။