နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်(၇-၁၁-၂၀၂၄)

အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit)ကို ၇-၁၁-၂၀၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းဘုရင့် နိုင်ငံဝန်ကြီးချုပ် မဒမ် ဖိထောင်တန် ရှင်နာဝပ်ထရာ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာမာဆာဆုဂု အာဆာကာဝါနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို အပိုင်း ၂ ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး”နှင့် “မျက်နှာစုံညီ အစည်းအဝေး”ဟူ၍ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ကျင်းပပြုလုပ်ရာ သဘာပတိဖြစ်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးကြသည်။

ထို့နောက် သဘာပတိကဆွေးနွေးမှုများအပေါ် အကျဉ်းချုပ်တင်ပြပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးပထမပိုင်းကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် အစည်းအဝေးအစီအစဉ် ဒုတိယအပိုင်းအဖြစ် “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာအဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရအစိုးရကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေး၌ အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာလီချောင်န်က အဖွင့်အမှာစကားပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဥက္ကဋ္ဌတို့က အသီးအသီး အမှာစကားပြောကြားကြသည်။ ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေး နောက်ပိုင်းရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို နိုင်ငံ့ခေါင်းဆောင်များထံ အစီရင်ခံတင်ပြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ်အစီရင်ခံစာကို ယူနန်အစိုးရအဖွဲ့မှ တာဝန်ရှိသူကလည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအစည်းအဝေးရလဒ်ကို ဂျီအမ်အက်စ်အတွင်း ရေးမှူးရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြကြပြီး ထိပ်သီးအစည်းအဝေးပူးတွဲ ကြေညာချက်နှင့် ဂျီအမ်အက်စ်ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြုချမှတ်ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ အရပ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program) စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ် ၃ ခုနီးပါး အောင်မြင်စွာရပ်တည်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း၊ ဂျီအမ်အက်စ် အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀)နှစ် ပြည့်မြောက် သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃)နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလဒေသခွဲဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန