NCA မှသည် . . . ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဆီသို့

အောင်ကျော်မိုး (ငြိမ်းချမ်းရေး)

နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့မှုဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ (၉) နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့နဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုမျှော်မှန်းပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်နိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပင်မရေသောက်မြစ်ပဲ ဖြစ်ပါတယ်။ အမှန်တကယ် နိုင်ငံတော်ရဲ့အဓိကအကျဆုံး ပကတိလိုအပ်ချက်ကလည်း ‘ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး’လို့ ဆိုရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အထူးအလေးထား ဆောင်ရွက်နေတာကို တွေ့ရှိနိုင်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုတဲ့လုပ်ငန်းစဉ်ကို ထည့်သွင်းချမှတ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဦးတည်ချက် (၉) ရပ်ရဲ့ နိုင်ငံရေးဦးတည်ချက်မှာလည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိ ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဆိုတဲ့ ဦးတည်ချက်တစ်ခုကိုလည်း ထည့်သွင်းချမှတ်ထားတာကို တွေ့ရှိရပါတယ်။

NCA ဆိုတဲ့ ငြိမ်းချမ်းရေးပေါင်းကူး တံတားမှတစ်ဆင့် လျှောက်လှမ်း

၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မိန့်ခွန်းပြောကြားရာမှာ “၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်” လို့ ပြောကြားခဲ့တာကိုကြည့်ရင် နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အလေးထားစေတနာထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စေတနာအမှန်ကို တိုင်းရင်းသားများအားလုံး မြင်အောင်ကြည့်တတ်ဖို့ လိုအပ်ပါတယ်။ NCA ဟာ ငြိမ်းချမ်းရေးရဲ့ ပန်းတိုင် မဟုတ်သေး၊ ငြိမ်းချမ်းရေးရဲ့ မုခ်ဦး၊ တံခါးဝသာလျှင် ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုလိုလားတဲ့ ပန်းတိုင်ဆီကို NCA ဆိုတဲ့ ငြိမ်းချမ်းရေးပေါင်းကူး တံတားမှတစ်ဆင့် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။

NCA စာချုပ်ဆိုတာက တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားတဲ့စာချုပ်မျိုး မဟုတ်ပါဘူး။ တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကနဦး အဆိုပြုချက်တွေအပေါ်အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းအသိသက်သေနဲ့ နိုင်ငံတကာအသိသက်သေများ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ စာချုပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် NCA ဟာ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။

NCA စာချုပ် ကြိုးပမ်းမှုအစမှာ ပထမဒီမိုကရေစီအစိုးရကာလ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်မှာ ကြေညာချက် (၁/၂၀၁၁)နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ် မတ်လ ၁ ရက်မှာ ပြည်ထောင်စုလွှတ်တော်ခန်းမမှာ အဆင့် ၃ ဆင့် ပါဝင်တဲ့ နိုင်ငံတော်ရဲ့ လမ်းပြမြေပုံ (Road Map) ကို မိန့်ကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၃ ရက်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် (၁၁) ဦးပါ ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) တို့ကိုဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ကချင်ပြည်နယ် လိုင်ဇာမှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ညီလာခံကနေ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်မှ ၉ ရက်အထိကျင်းပခဲ့တဲ့ လော်ခီးလာညီလာခံမှာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ကိုလည်းကောင်း ဖွဲ့စည်းခဲ့ပါတယ်။ MPC မှ UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့များနဲ့ NCCT မှ နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်း၊ အက်စ်ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်များဟာ ၂၀၁၄ ခုနှစ် မတ်လ ၉ ရက်မှ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက် အထိ NCA (မူကြမ်း) ရရှိရေးအတွက် ခုနစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခန်း (၇) ခန်း၊ အပိုဒ် (၃၃)ပိုဒ်ပါ သဘောတူစာချုပ် (အတည်ပြုမူကြမ်း)ကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပါတယ်။

NCA မူကြမ်း အတည်ပြုချက်ရရှိပြီးတဲ့နောက်မှာတော့ UPWC မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အဆင့်မြင့်နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ (Senior Delegation-SD) အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ MPC ၌ အဋ္ဌမအကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ၎င်းဆွေးနွေးပွဲမှာတော့ ၂၀၁၅ ခုနှစ် မတ်လမှာ တိုင်းရင်းသားလက်နက်ကိုင်များ ပြုလုပ်တဲ့ လော်ခီးလာညီလာခံကနေ UPWC နဲ့ NCCT ကိုယ်စားလှယ်များအကြား သဘောတူစာချုပ် (အတည်ပြုမူကြမ်း)ကို အချောသတ်တဲ့ ဆွေးနွေးညှိနှိုင်းခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတက NCA သဘောတူ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ထိုသို့ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ NCA စာချုပ် လက်မှတ်ရေးထိုးရာမှာ အားလုံးပါဝင်လက်မှတ် ရေးထိုးရေးမူနဲ့ပတ်သက်ပြီး KNU ၊ NMSP ၊ KNPP ၊ KIO နဲ့ SSA (ဝမ်ဟိုင်း) အဖွဲ့ငါးဖွဲ့တို့မှ ထိပ်သီး ကိုယ်စားလှယ်များ၊ အဆင့်မြင့်နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များပါဝင်တဲ့ ကိုယ်စားလှယ်ရှစ်ဦးတို့ဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်ခဲ့တဲ့နေ့မှစပြီး NCA သဘောတူစာချုပ် အပြီးသတ်ရရှိခဲ့တဲ့ ၇-၈-၂၀၁၅ ရက်နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး ၎င်းကာလအတွင်း အစည်းအဝေးငယ်များ၊ တွေ့ဆုံညှိနှိုင်းမှုများ အကြိမ်ရေ ၅၀၀၀ ထက်မနည်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုအဆင့်ဆင့်တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်ကို နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ (ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KNU ၊ KNU/ KNLA-PC ၊ PNLO ၊ RCSS/ SSA) တို့ဟာ နိုင်ငံတကာအသိသက်သေများရဲ့ရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲမှာတော့ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိသက်သေအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ခိုင်မာတဲ့စာချုပ်တစ်ခုရဲ့ တန်ဖိုးအနှစ်သာရကို ပိုမိုပီပြင်လာအောင် ဝိုင်းဝန်းဆောင်ရွက်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ LDU နဲ့ NMSP အဖွဲ့တို့ NCA မှာ ပါဝင်လက်မှတ်ရေးထိုး လာတဲ့အတွက် လက်မှတ်ရေးထိုးသောအဖွဲ့ ၁၀ ဖွဲ့အထိ ဖြစ်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ၁၈ လကြာ ဆွေးနွေးညှိနှိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှာ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ ပင်လုံစာချုပ်ပြီးရင် NCA စာချုပ်ဟာ အထင်ကရစာချုပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံတော်အစိုးရတို့အကြား အာမခံချက်ပေးထားတဲ့ ကတိကဝတ်နဲ့ သဘောတူညီချက် တစ်ခုဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ဖို့ဆိုတာ လွယ်လွယ်ကူကူဖြစ်လာခဲ့ခြင်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့တဲ့ သံသယများ၊ အမုန်းတရားများ၊ အာဃာတတရားများကို ရိုးသားဖြူစင်မှု၊ စိတ်ရှည်သည်းခံမှု၊ နားလည်ပွင့်လင်းမှု၊ အပြန်အလှန်လေးစားမှုတို့နဲ့ အချိန်ယူတည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် တည်ဆောက်ပြီးသော ခိုင်မာတဲ့စာချုပ်တစ်ခုရဲ့ တန်ဖိုးအနှစ်သာရကို ပိုမိုပီပြင်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လိုပါတယ်။

တတ်စွမ်းနိုင်သမျှ ပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တမ်းကောင်းတစ်ခုစိုက်ထူ

NCA စာချုပ်မှာ လက်မှတ်ရေးထိုးရန်ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်လာစေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ တတ်နိုင်သမျှ ဘက်ပေါင်းစုံကနေ ဆောင်ရွက်လျက် ရှိပြီး တိုင်းရင်းသားပြည်သူအားလုံးကလည်း နှိုးဆော်တိုက်တွန်းမှုတွေ၊ စည်းရုံးသိမ်းသွင်းမှုတွေကို တတ်စွမ်းနိုင်သမျှ ပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တမ်းကောင်းတစ်ခု စိုက်ထူသွားရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးစု မြောက်မြားစွာရှိတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသားလူမျိုးအားလုံး ကောင်းစားရေးအတွက် အာမခံနိုင်တဲ့နိုင်ငံကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးဆိုတဲ့ တံတားပေါ်မှတစ်ဆင့် လျှောက်လှမ်းရမှာဖြစ် ကြောင်း အသိပေးလိုပါတယ်။

NCA ရဲ့ အနှစ်သာရဟာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနဲ့ တရားမျှတမှုတို့ကိုအခြေခံပြီး ပြည်ထောင်စုစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရန်ပဲ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာလည်း နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသုံးဖွဲ့နဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်မည်ဆိုတဲ့အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူညီခဲ့ကြကြောင်း နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်မှာ ကျင်းပခဲ့သော ငြိမ်းချမ်းရေးနဲ့စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းတွေမှာ အကြိတ်အနယ်ငြင်းခုံမှုတွေ၊ အချေအတင် ပြောဆိုဆွေးနွေးမှုတွေ၊ ရပ်တည်ချက်တွေ၊ မူဝါဒစကားလုံး အသုံးအနှုန်းတွေ၊ အပေးအယူ အလျော့အတင်းတွေ ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲရှိစေကာမူ ဒီလိုဆွေးနွေးမှုတွေကတစ်ဆင့် ရလဒ်ကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းများ အားလုံးတွေ့ဆုံညှိနှိုင်း အဖြေရှာဖို့လိုပါတယ်။ တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းဆိုတာက ဒီမိုကရေစီကျင့်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ပဋိပက္ခတွေ အပြီးတိုင်ချုပ်ငြိမ်းဖို့အတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာကြရတဲ့ လုပ်ငန်းစဉ်ကသာလျှင် အကောင်းမွန်ဆုံးရလဒ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

NCA ကတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်ကြဖို့လို

NCA ဟာ အပစ်အခတ်ရပ်စဲရေးသာမက လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရန်၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရန်ဆိုတဲ့ နိုင်ငံရေးအာမခံချက်ကိုလည်း ပေးထားပါတယ်။ နှစ်ပေါင်းများစွာ စစ်ရေးနဲ့ အဖြေရှာခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တဲ့အတွက် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမယ့် နိုင်ငံရေးပြဿနာတွေ ဖြစ်တယ်လို့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နှစ်ဦးနှစ်ဖက် လက်ခံခဲ့ကြပါတယ်။ ဒါ့အပြင် တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် သဘောတူညီချက်တွေရယူပြီး ယုံကြည်မှုတိုးမြှင့်တည်ဆောက်ဖို့၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အစိုးရနဲ့ EAO တွေ စိတ်ရင်းစေတနာမှန်နဲ့ အကျေအလည် ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အမျိုးသားနိုင်ငံရေး အတွေးအမြင် ကြွယ်ဝသော၊ နိုင်ငံသားသစ္စာတရား ပြည့်ဝသော၊ နိုင်ငံကြီးသား စိတ်ထားရှိသော၊ ပြည်ထောင်စု စိတ်ဓာတ်ကိန်းဝပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအဖြစ်ခံယူပြီး နိုင်ငံနဲ့လူမျိုးအပေါ် ချစ်ခင်စိတ်နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

‘ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်’ ဆိုတဲ့စကားအတိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး တက်ညီလက်ညီ အားလုံးပူးပေါင်း ပါဝင်စေလိုပါတယ်။ ပါဝင်ပတ်သက်သူအားလုံး စိတ်ရင်းစေတနာမှန်မှန်နဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အတူလျှောက်လှမ်းကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းမှတိုးတက်မယ်၊ ငြိမ်းချမ်းမှလည်း အောင်မြင်မှာ ဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေရဲ့အနာဂတ်ကို လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ မနစ်မွန်းစေဘဲ စည်းလုံးညီညွတ်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းခြင်းတွေကို အမွေပေးခဲ့ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း NCA (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု ရေးသားတင်ပြလိုက်ရပါတယ်။ ။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန