မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko တို့ တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးအဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ် ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ရင်းရင်းနှီးနှီးဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံရေးနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိသည့် နိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့် အခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ ရေးထိုးမည့် အခြေအနေများ၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပနိုင်မှုအခြေအနေများ၊ နို့ထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
စာချွန်လွှာများလဲလှယ်
ယင်းနောက် နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က နှစ်နိုင်ငံအကြား၊ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာများ၊ အားကစားကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကို လဲလှယ်ကြသည်။
နှစ်နိုင်ငံ ပူးတွဲကြေညာချက်များ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန်အလှန်ပြောကြားကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregor-yevich Lukashenko အား အဂ္ဂမဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းသည်။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံတွေ့ဆုံပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါသွားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm

