နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိ (၅-၃-၂၀၂၅)

ရုရှားနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၅-၃-၂၀၂၅ ရက်တွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အလေးပြုခြင်းကိုခံယူ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ထိုသို့ဂုဏ်ပြုတပ်ဖွဲ့မှ ပို့ဆောင်နှုတ်ဆက်စဉ် မြန်မာ – ရုရှားနှစ်နိုင်ငံ နိုင်ငံတော်တေးသီချင်းများကို တီးမှုတ်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

ကြိုဆိုနှုတ်ဆက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန်ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Pulikovo လေဆိပ်သို့ရောက်ရှိကြရာ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန