မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သတင်းမီဒီယာလွှမ်းမိုးမှုများ

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သတင်းမီဒီယာလွှမ်းမိုးမှုများ

နိဒါန်း

၁။       India Council of World Affairs (ICWA)သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံတကာ သုတေသနလုပ်ငန်းများအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၁၉၄၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အိန္ဒိယ၏ နိုင်ငံတကာ ကိစ္စများ၊ သုတေသနများနှင့် ဆွေးနွေးပွဲများ အကောင်အထည်ဖော်ရန်အတွက် အကြံပေးအဖွဲ့ တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ICWA သည် အဓိကအားဖြင့် အိန္ဒိယ၏ နိုင်ငံတကာ ဆက်ဆံ ရေးပေါ်ရှိ သုတေသန၊ ပညာရေးနှင့် မီဒီယာစိစစ်ခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အိန္ဒိယ၏ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာသုတေသနရပ်ဝန်းများကို အထောက်အကူပြုခြင်းတွင် အဓိက ပါဝင်ပြီး နိုင်ငံတကာဆက်ဆံရေးအပေါ် အိန္ဒိယအမြင်ကို ဖန်တီးရန်နှင့် နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ ကိစ္စရပ်များအပေါ် အသိပညာနှင့် တွေးခေါ်မှုဆိုင်ရာများ လုပ်ဆောင်ရန်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

၂။       ICWA သည် နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ များစွာသော သုတေသန လုပ်ငန်းများအပြင် နိုင်ငံတကာဆက်ဆံရေးကို မြင်သာစေရန် လက်တွေ့သုတေသနများ၊ ဆွေးနွေးပွဲများ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း အဆက်အသွယ်များကို တိုက်ရိုက်ဆောင်ရွက် လျက်ရှိပါသည်။ ICWA သည် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် နားလည်မှုမြှင့်တင်ရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် အိန္ဒိယနိုင်ငံရှိ ထိပ်တန်းသုတေသနအဖွဲ့အစည်းများ၊အတတ်ပညာရှင်များ၊ တက္ကသိုလ်များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ICWA သည် မြေပြင်အချက်အလက်များ အပေါ် အမြဲလေးစားဂရုပြု သုံးသပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လက်ရှိမြေပြင်သတင်း အချက်အလက် အမှန်တရားများအား အိန္ဒိယနိုင်ငံနည်းပညာ အားသာချက်များနှင့်ပေါင်းစပ်ကာ သတင်းစကား ထုတ်ဖော်ခွင့်ရခြင်းသည် မြန်မာနိုင်ငံရှေရည်ငြိမ်ချမ်းရေးအတွက် များစွာအ‌ထောက်အကူ ဖြစ်စေ နိုင်မည်ဟု ယုံကြည်မိပါသည်။

ငြိမ်းချမ်းရေး၏အဓိပ္ပာယ်နှင့် မြန်မာ့နိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်း

၃။       ငြိမ်းချမ်းရေးဆိုသည်မှာ အပြစ်မဲ့ပြည်သူများအတွက် စစ်ပွဲများ၊ စိုးရိမ်စရာ အခြေအနေ များ သက်သာ ကင်းရှင်းမှု၊ စိတ်တိုင်းကျသော နေ့စဉ်ဘဝ၊ လူသားများအကြား မတူညီမှုများကို ဖြေရှင်း၍ အတူတကွနေထိုင်စေရန် ဖန်တီးပေးခြင်း ဖြစ်ပါသည်။ “ငြိမ်းချမ်းရေးသည် အဓိက အားဖြင့် အကြမ်းဖက်မှုများမှ လွတ်မြောက်ခြင်းသာမက၊ လူသားများအကြား တရားမျှတမှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ အခြားသော လူမှုရေး ပြဿနာ များကိုဖြေရှင်းခြင်း”ဟု Oslo တက္ကသိုလ်၏ပထမဆုံးငြိမ်းချမ်းရေးသုတေသနပညာရှင် အမတ်ဂန် (Johan Galtung)က ဖော်ပြထားပါသည်။ ငြိမ်းချမ်းရေးသည် သက်ရှိအားလုံး အတွက် ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရှိစေပြီး တိုက်ပွဲများ၊ အကြမ်းဖက်မှုများနှင့် လူမှုအငြင်းပွားမှုများကို ဖယ်ရှားရန် ရည်ရွယ်ပါသည်။

၄။       မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ကြသည့် အာရှဒေသ အတွင်းရှိနိုင်ငံများအနက် အစောဆုံး နိုင်ငံများထဲတွင် ပါဝင်ခဲ့ပါသည်။ ကိုလိုနီစနစ်၏ အမွေဆိုး ကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုပျက်ပြားကာ ပါတီအမျိးမျိး၊ အယူအဆ အမျိုးမျိုး ကွဲပြားခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီမိုကရေစီနိုင်ငံအဖြစ် ကျင့်သုံးရပ်တည် ခဲ့သော်လည်း ကာလကြာရှည်မှုမရှိဘဲ ဆယ်စုနှစ်တစ်ခုခန့်သာ ရပ်တည်နိုင်ခဲ့ပါသည်။ နိုင်ငံ၏ ပြိုကွဲပျက်စီးလု အခြေအနေများကို ပြန်လည်တည်ဆောက်ရန် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ကြိုးပမ်းခဲ့ရပါသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းခဲ့သလို အခြားတစ်ဖက်တွင်လည်း ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီနိုင်ငံတည်ထောင်ရန် လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပါသည်။

၅။        အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် (၃)ရပ်ကို စနစ်တကျ တည်ဆောက်ပြီး စစ်မှန်သောဒီမိုကရေစီစနစ် ရုပ်လုံးပေါ်လာစေရေးကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် သန့်ရှင်းပြီး တရားမျှတသည့်ရွေးကောက်ပွဲများ ဖြစ်စေရန် တပ်မတော် အနေဖြင့် ကျရာအခန်းကဏ္ဍမှအထူးကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ယခင်အနိုင်ရရှိထားသည့်အစိုးရက ရွေးကောက်ပွဲဆို်ငရာ မသမာမှုများ၊ မဲမသမာမှုများ ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ ရေးမှတစ်ဆင့် နိုင်ငံတော်အာဏာကို ဆက်လက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံရေးယဉ်ကျေးမှုနှင့်အညီ စေ့စပ်ညှိနှိုင်း အဖြေရှာရန်ဆောင်ရွက်ခဲ့ သော်လည်း လက်မခံခဲ့ပါ။ သို့ဖြစ်ရာ “လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကို စီစဉ်ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်၏ ပျက်ကွက်မှုနှင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြဿနာကိုဖြေရှင်းရန် ငြင်းပယ်မှုတို့သည် နိုင်ငံတော်၏အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း” ထင်ရှားသဖြင့် နိုင်ငံတော် ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန်များကို တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့ပါသည်။

၆။      စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံး ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်ဖြစ်ပါသည်။ နိုင်ငံတော်အား ဦးဆောင်နိုင် မည့် လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်း ပြည့်ဝသော အနာဂတ်နိုင်ငံရေးမျိုးဆက်သစ်များ ပျိုးထောင်မွေးထုတ် တာဝန်ပေး နိုင်ရန်အတွက် ယနေ့လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်သည့်ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ကာ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားရန် ကြိုးပမ်းလျက်ရှိပါသည်။

၇။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင် ဒီမိုကရေစီအစိုးရလက်ထက်များ၌ ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် သဘောတူညီချက်များအပြင် ယင်းတို့နှင့် ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဖော်ဆောင်နိုင်ရန်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ  စသည့် ကော်မတီ (၃) ရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် နိုင်ငံရေးပါတီများအစုအဖွဲ့များ၊ NCA လက်မှတ် ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာစေရေး လုပ်ငန်းစဉ်များ၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များရရှိရေး စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။

မီဒီယာ၏ အခန်းကဏ္ဍ

၈။      သတင်းဟူသည် လူတို့အတွက်အာဟာရတစ်မျိုးဖြစ်ပြီး သတင်းစာပညာအရ ကောင်းကျိုး လည်း သတင်း၊ ဆိုးပြစ်လည်း သတင်းဟူ၍ ဆိုထားကြပါသည်။ လူတို့၏သဘောသဘာဝအရ ကောင်းသတင်းလည်း သိလို၊ မကောင်းသတင်းလည်းသိလို ကြပါသည်။ ကောင်းသတင်း အသိသည် လူတို့၏ ဦးနှောက်အသိပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ မြော်မြင်ဉာဏ်အတွက် ခွန်အား ဖြစ်စေပါသည်။ မကောင်းသတင်းအသိသည် ဆန့်ကျင်ဘက်အားကို ဖြစ်စေပါသည်။ သတင်း အချက်အလက်နှင့်ပတ်သက်သည့် ကောင်းကျိုး၊ ဆိုးပြစ် အတွေးအမြင်နှစ်မျိုးအနက် လူအများ အပေါ်၌ အဆိုးမြင်အတွေးအခေါ်များ လွှမ်းမိုးအားကောင်းလာအောင် ဖန်တီးမှုများ ကြီးထွားလာသော ကာလတွင် မှန်ကန်သည့်သတင်းအချက်အလက်သိနားလည်မှုများ ရရှိလာ စေရန်မှာ မီဒီယာများ၏ သမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။ မီဒီယာသည် လူမှုနယ်ပယ် အတွင်း အသိပညာ သတင်းအချက်အလက်များအပါအဝင် အရာရာကို ပိုမိုသိရှိလာစေသည့် အခန်း ကဏ္ဍတစ်ခု ဖြစ်ပါသည်။ မီဒီယာ၏ ကောင်းမွန်သော လုပ်ငန်းများသည် သတင်းအမှားများ၊ တရားမျှတမှု မရှိခြင်းနှင့် လူမှုသဘောထား ကွဲလွဲမှုများအား ရှောင်ရှားစေနိုင်ရန် မီးမောင်းထိုး ပြသခြင်းပင် ဖြစ်ပါသည်။ မီဒီယာများကြိုးပမ်းအား ထုတ်ခြင်းသည် အသိပညာပေးမှု၊ ကမ္ဘာ့ နယ်မြေမှ မူဝါဒများ မတူကွဲပြားမှုတို့ကို အပြုသဘောဆောင်သည့် ရလဒ်များဖြစ်လာရေး ပံ့ပိုးကူညီမှုဖြစ်စေပါသည်။

သတင်းအမှားများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိန်ခေါ်မှုများ

၉။      ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် မီဒီယာ၏အခန်းကဏ္ဍသည်လုံခြုံမှုနှင့်တည်ငြိမ်သော လုပ်ငန်းဆောင်ရွက်မှုများကို အမြဲအားပေးထောက်ပြလျက်ရှိပါသည်။ သို့သော် မီဒီယာသည် အကောင်းဆုံး အခန်းကဏ္ဍကို မျှဝေပေးနိုင်သည့်အပြင် သတင်းအမှားများ၊ သတင်းအမှန်နှင့် သဘောထားကို ကွဲပြားစေသော ပြဿနာများကို ဖန်တီးစေပြီး ထိုပြဿနာများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် စိန်ခေါ်မှုများဖြစ်စေပါသည်။ ပဋိပက္ခဇုန်များတွင် သတင်းအမှားများနှင့် အမြင်မတူညီသော သတင်းများသည် ပဋိပက္ခများကို ပိုမိုဖြစ်စေနိုင်ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် မှန်ကန်သော သတင်းအရင်းအမြစ်နှင့် သတင်းအချက်အလက်များသည် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စေနိုင်ပါသည်။ လွတ်လပ်သည့်စာနယ်ဇင်းဟုဆိုသည့် အချို့သောမီဒီယာများသည် ဘက်လိုက်မှု၊ နိုင်ငံရေးသွတ်သွင်းမှုများရှိနေပါသည်။ မီဒီယာကို လက်နက်သဖွယ် အသုံးချမှုများရှိနေပြီး တိုင်းပြည် တစ်ပြည်၏ကံကြမ္မာကို ပြောင်းလဲသွား စေနိုင်အောင် တွန်းအားပေး နေကြပါသည်။ သတင်းမီဒီယာများတွင် လွတ်လပ်သည့် စာနယ်ဇင်း မဟုတ်ဘဲ ၎င်းတို့ ထောက်ခံအားပေးသည့်ဘက်သို့ ဘက်လိုက်ခြင်းဖြင့် တစ်ဖက်စောင်းနင်းကျင့်ဝတ်မရှိဘဲ ရေးနေ ကြသည်များကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ပြည်ပမီဒီယာများ၏ သတင်းကိုကြည့်လျှင် မြေပြင်ရှိ အခြေအနေအချက်အလက်များကို အမှန်တိုင်းမရေးဘဲ ပြည်တွင်းရှိ အတိုက်အခံအဖွဲ့မှ ဖော်ပြ ရေးသားသည့် အချက်အလက်များကို အခြေပြုကိုးကားပြီး ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း ပုံဖော် ရေးသားခြင်းမျိုးများကို အများအပြားတွေ့နေရပါသည်။ သတင်းအမှားများအား မိမိတို့မဖတ်မိစေရန်နှင့် မိမိတို့နယ်ပယ်သို့ ရောက်ရှိလာသည့် သတင်းမှားများအား ဝေဖန်သုံးသပ်ရမည်ဖြစ်ပါ သည်။ မိမိတို့အနေဖြင့် သတင်းပြန်လည် ဖြန့်ဝေရာတွင်လည်း Misinformation ၊ Disinformation ၊ Malinformation များဖြင့် အစိုးရနှင့် ပြည်သူများ၊ အစိုးရနှင့်ပြည်တွင်း၊ ပြည်ပမှလူမှု အဖွဲ့အစည်း များကြား ရိုက်ခတ်မှုမဖြစ်ရေန် အထူးသတိထား ကြရမည်ဖြစ်ပါသည်။ Misinformation သည် မှားယွင်းသည့် သတင်းတစ်ခု၊ တလွဲဖြစ်စေသည့် သတင်းတစ်ခုအား ရည်ရွယ်ချက်မရှိဘဲ မျှဝေ မိလိုက်ခြင်းမျိုးကိုဆိုလိုပါသည်။ Disinformation သည် တမင်ရည်ရွယ်ချက်ဖြင့် သတင်းမှား တစ်ခုကို လုပ်ကြံဖန်တီးကာ အများပြည်သူ ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ သတင်းဖြန့်ဝေလိုက်ခြင်းမျိုးကို ဆိုလိုပါသည်။ အများပြည်သူ မသိသင့်သည့် သတင်းအမှန်များကို တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေလိုက်ခြင်းကို Malinformation ဟု ဆိုပါသည်။ သတင်းပုံစံများ မည်သို့ပင် ကွဲပြားစေကာမူ လားရာမှာ လူ့အဖွဲ့အစည်းကို ထိခိုက်၍ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပါသည်။ “သတင်းအမှားက ကမ္ဘာ ပတ်နေသည့် အချိန်တွင် သတင်းအမှန်က ခရီးစတင်ထွက်ရန် ဖိနပ်စီးနေဆဲ” ဆိုသည့် စကားရပ် လည်းရှိပါသည်။ သတင်း အမှန်ထက် သတင်းအမှားများကို Digital Media များဖြစ်သည့် Facebook, Tiktok နှင့် Instagram တို့ဖြင့် သတင်းကို ဦးဆုံးတင်ကာ မိမိတို့ ကိုယ်ကျိုး စီးပွားရှာခြင်းမျိုးကို လုပ်ဆောင်နေကြပါသည်။

ငြိမ်းချမ်းရေးခရီးအတွက် စိန်ခေါ်မှုများ

၁၀။    တပ်မတော်အနေဖြင့် စစ်ဘက်၊အရပ်ဘက်ပူးပေါင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုဖွဲ့စည်းကာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော်၏တာဝန် စတင်ထမ်း ဆောင်ချိန်က တည်းက ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရေးသည် အန္တိမရည်မှန်းချက်ဖြစ်ကြောင်း တိုင်းသိပြည်သိ ကြေညာခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်တွင် သာမန် ဆန္ဒပြရာမှ တဖြည်းဖြည်း မင်းမဲ့စရိုက်ဆန်သည့် ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အချို့ အစွန်းရောက်ပါတီဝင်များ၏ ဦး‌ဆောင်မှုနဲ့ လက်နက်ကိုင် ဆူပူအကြမ်းဖက် လုပ်ရပ်များကို စတင်လုပ်ဆောင်ခဲ့ကြပါသည်။ အချို့လူငယ်များကို ဝါဒမှိုင်းရိုက်သွင်းပြီး ငြိမ်းချမ်းရေးကို မလိုလားသည့် နိုင်ငံတော်အပေါ် သဘောထားမမှန်သော လက်နက်ကိုင်အဖွဲ့ အချို့ထံတွင် အကြမ်းဖက် စစ်သင်တန်းများ သွားရောက်သင်ကြားစေခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များကို ဖွဲ့စည်းခဲ့ကြပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ NCA ကိုလက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များသာမက NCA လက်မှတ်ရေးထိုးထားသည့် အချို့ EAO များသည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်းကာ အများပြည်သူသုံး လမ်း၊တံတားများ၊ လျှပ်စစ် တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လူနေမြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းနှင့် နိုင်ငံပိုင် ပစ္စည်းကိရိယာများအား ဖျက်ဆီးခြင်း၊ တပ်မတော်စစ်စခန်းများအား တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိပါသည်။ နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲ၊ အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုအား ခြောက်လှန့်နေကြသည်မှာ ယနေ့ ချိန်ထိပင်ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များနှင့် ဝေးရာအရပ်သို့ ရှောင်တိမ်းရန် မတတ်နိုင်သည့် ပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများသာမက စိုးရိမ် ပူပန်မှု၊ ကြောက်ရွံ့မှု များကဲ့သို့သော စိတ်ပိုင်းဆိုင်ရာခံစားရမှုများပါ တစ်ပြိုင်တည်း ကြုံတွေ့ခံစား နေကြ ရပါသည်။ ထိုဒေသရှိ ပြည်သူမျာအးနေဖြင့် လူမှုစီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးစနစ်များ ပျက်စီးကာ ဆင်းရဲမှုများ ဖြစ်ပွားလျက်ရှိပါသည်။ အချို့သော လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယခုကဲ့သို့ နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်နေခြင်းကို အခွင့်အရေးအဖြစ် ဖန်တီးပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်ရန် ကြိုပမ်းလာကြမှုများကိုလည်း တွေ့ရှိရပါသည်။

၁၁။    ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးဟုဆိုသော်လည်း ပကတိအခြေအနေတွင် ပြည်တွင်း သောင်းကျန်းမှုများကို ဦးတည်ဆောင်ရွက်နေကြခြင်းဖြစ်ပြီး စစ်ရေးအရ မဖြစ်မနေ ဖြေရှင်းရမည့် အခြေအနေများအား ဖန်တီးနေကြခြင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များစွာ တပ်မတော်နှင့်အပြိုင်ရှိနေခြင်းသည် ပြည်တွင်းလုံခြုံရေးအတွက် အလွန်ကြီးမားသည့် အန္တရာယ်ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေပါသည်။ အကြမ်းဖက်သောင်းကျန်းသူမရှိပါက နိုင်ငံရေးအရ မည်သည့်စနစ်ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည်ဖြစ်စေ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံရေးအား နိုင်ငံတော်တည်ဆောက်ရေးဟု ယေဘုယျအားဖြင့် လက်ခံထားကြ သော်လည်း နိုင်ငံတော်တည်ဆောက်ရာတွင် အဖျက်သဘောဆောင်နေ ကြသည့် အကြမ်းဖက်မှု များအား တပ်မတော်မှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကာကွယ်တားဆီးရမည် ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ၏ အရေးပါမှု

၁၂။     မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပြီး ရှုပ်ထွေးနက်နဲသော နောက်ခံနိုင်ငံရေးအကြောင်းတရားများစွာ တည်ရှိနေပါသည်။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ယနေ့ အချိန်အထိ ငြိမ်းချမ်းနိုင်ခြင်းမရှိသေးပါ။ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရသဖြင့် တိုင်းရင်းသား ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ခိုင်မာလာစေရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၏ အကျိုးရလဒ်များကို သိမြင်ခံစားနားလည်လာနိုင်စေရန်တို့အတွက် ပြည်သူလူထုအတွင်း ငြိမ်းချမ်းရေးအသိပညာပေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

၁၅။    လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပြီး ရွေးကောက်ပွဲရလဒ်အတိုင်းထွက်ပေါ်လာသည့် အစိုးရသစ်တစ်ရပ်ထံ နိုင်ငံတော်တာဝန်များ အမြန်ဆုံး လွှဲအပ်နိုင်ရေးကိုလည်း အစဉ်တစ်စိုက် ကြိုးပမ်းလျက်ရှိပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက် မထားဘဲ အချိန်မရွေး လာရောက်ဆွေးနွေးရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တံခါးဖွင့်ကြိုဆိုလျက် ရှိပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်တွေ့ဆုံချိန်တွင် EAO များအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေး အတွက် ရည်ရွယ်၍ မည်သည့်ဆွေးနွေးမှု၊ တောင်းဆိုမှုကိုမဆို အသေးစိတ်နားထောင်ပြီး ဖြစ်သင့်သည့်ကိစ္စ၊ ဖြစ်နိုင်သည့်ကိစ္စများအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန် သဘောထားရှိပြီး အချိန်ရယူရမည့်ကိစ္စများ၊ အခြေအနေပေါ်မူတည်သည့် ကိစ္စရပ်များအား စနစ်တကျ ရှင်းပြ ဆွေးနွေး၍ ဆက်လက်တွေ့ဆုံဆွေးနွေးမှုများကိုလည်း ပြုလုပ်သွားရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁၆။    ပဋိပက္ခဒေသများတွင် ဆင်းရဲဒုက္ခခံရသော ပြည်သူများ အထူးသဖြင့် ကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအား ကွဲပြားခြားနားသော လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် လူ့အခွင့်အရေး အထောက်အပံ့များ အပြည့်အဝ ရရှိရန်လိုအပ် ပါသည်။ အဆိုပါဆင်းရဲဒုက္ခများကို ထိန်းကျောင်းပေးရန်အတွက် နိုင်ငံတော် အစိုးရသည် အဓိက တာဝန်ရှိသည်ဆိုသော်လည်း နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးနေမှုများကို အဟန့်အတား မဖြစ်စေရေး အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများကလည်း အရေးကြီးပါသည်။ လူမှုအဖွဲ့အစည်းများ၏ ကူညီမှုများမှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစနစ် တိုးတက်စေရန် စိတ်ကျန်းမာရေးဆိုင်ရာနှင့် လူမှု စီးပွားဘဝ ကာကွယ်ရန်တို့အတွက် နိုင်ငံရေးပွင့်လင်းမှု၊ အနာဂတ်ငြိမ်းချမ်းရေးအား ဖော်ဆောင်မှု များဖြင့် ကမ္ဘာ့လုံခြုံရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

၁၃။    နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်နေပါသည်။ လက်ရှိ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို  ကျင့်သုံးလျက်ရှိပါသည်။ ထို့အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်အပေါ်တွင် အခြေခံပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ်များအပေါ် အထူး အလေးထား လုပ်ဆောင်လျက်ရှိပါသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံပြီး နွေးထွေးသော ဆက်ဆံရေး ရှိသည့်နိုင်ငံများ ဖြစ်ပါ သည်။ အိန္ဒိယနိုင်ငံ၏ လူ့ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ India Council of World Affairs (ICWA) သည် အိန္ဒိယ-မြန်မာ အပြန်အလှန်အကျိုးရှိစေရန် အသိပညာနှင့် အတွေ့အကြုံများမျှဝေဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်၍ ပထမအကြိမ် Constitutionalism and Federalism ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၊ ရန်ကုန်နှင့် နေပြည်တော် တို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ပထမပတ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့အကြား အာဏာခွဲဝေမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးခဲ့ကြပါသည်။

နိဂုံး

၁၄။    မျက်မှောက်ကာလတွင်လည်း နိုင်ငံတစ်နိုင်ငံ၏ကံကြမ္မာကို ပြောင်းလဲသွားအောင် ကြိုးစားအားထုတ်နေကြသည့် သတင်းသမားများ၊ သတင်းဌာနများရှိနေဆဲပင် ဖြစ်ပါသည်။ ယခုအခါ အချို့ ပြင်ပမီဒီယာများ၏ အပြုသဘောမဆောင် အကောင်းမမြင်သည့် သဘောထား များကို ပြည်သူများအနေဖြင့် နားလည်လာကြပြီလည်းဖြစ်ပါသည်။ ဆက်လက်ပြီး နေ့စဉ်နှင့်အမျှ ထုတ်လွှင့်နေသော မဟုတ်မမှန်သတင်း၊ နိုင်ငံနှင့်လူမျိုးတို့အပေါ် သစ္စာမဲ့သော လူတချို့၏ လုပ်ကြံသတင်း၊ အပြစ်မဲ့ပြည်သူများ၏ ဘဝအိုးအိမ်များအား ပျက်စီးရာပျက်စီးကြောင်းသတင်း၊ အကြမ်းဖက်အဖျက်သမားအား အားပေးသော သတင်း၊ ထင်ယောင်ထင်မှား  စိုးရိမ်ပူပန်စေသော သတင်းများကို ပြည်သူများအနေဖြင့် ခွဲခြားနားလည်လာကြပြီဖြစ်ပါသည်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ရည်မှန်းချက်များကို အဓိကအလေးထား အကောင်အထည်ဖော် ဆောင်ရွက် နေသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကိုင်တွယ်ရာတွင် သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးမှု၊ ပါဝင်မှု နှင့် ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေးသည့် ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုများဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကို အသုံးပြုလျက်ရှိပါသည်။ တွေ့ဆုံဆွေးနွေးအဖြေရှာ ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် အခြေခံ အုတ်မြစ် ဖြစ်သည်ဆိုသည့်အတိုင်း ငြိမ်ချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများသာမက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လုံခြုံရေး ကဏ္ဍ ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ (Peace Process Review)၊ “Security Integration နှင့် Confidence Building” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ စေ့စပ် ညှိနှိုင်းခြင်းများနှင့်ကြားဝင် ဖျန်ဖြေခြင်းဆိုင်ရာဆွေးနွေးပွဲများကိုပါ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် သတင်းမှန် သိရှိနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ လုပ်ဆောင်ချက် များကိုအများပြည်သူထံသို့ https://nspnc.gov. mm/ ၊ https://nca.gov.mm/ နှင့် https://infosheet.org/ သတင်းဌာန (website)များမှ တစ်ဆင့် နေ့စဉ်အချိန်နှင့်တစ်ပြေးညီ သတင်းစကား ဖြန့်ဝေလျက် ရှိပါသည်။

၁၇။    မြန်မာနိုင်ငံ၏ အနာဂတ်ကာလတွင် လက်နက်ကိုင်ပဋိပက္ခများ အားလုံး ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်ရေးသည် ယနေ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုများ၏ မျှော်လင့်ချက်၊ ရည်မှန်းချက်များပင် ဖြစ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ပထမဦးစားပေးဖြစ်ကြောင်း အမျိုးသား စည်းလုံးညီ ညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) က လေးနက်စွာ ခံယူထား ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရလဒ်ကို ရယူနိုင်ရန် ပဋိပက္ခတွင် ပါဝင်နေကြ သည့် အဖွဲ့များအနေဖြင့် လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုတည်ဆောက်နိုင်ရန် အရေးကြီးဆုံး ဖြစ်ပါသည်။ ယုံကြည်မှုတည်ဆောက်နိုင်ခြင်းအတွက် စိန်ခေါ်မှုများရှိပြီး စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လုံခြုံရေးကဏ္ဍများတွင် ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ခြင်းသည်သာလျှင် ပဋိပက္ခကို ပြေလည်စေမည့် စေ့စပ်ညှိနှိုင်းခြင်းများ စတင်ရန် အဓိကအချက်ဖြစ်ပါသည်။ ICWA သည် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားနေသည့်အဖွဲ့များ၏ ကိုယ်စားလှယ်များအကြား သံတမန်ရေးရာနှင့် သတင်း အချက်အလက် ဖလှယ်ခြင်းများ ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံတကာ လေ့လာရေးကဏ္ဍတွင် ဩဇာရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းယုံကြည်ပါသည်။ ICWA သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စားပွဲဝိုင်း ဆွေးနွေးပွဲများ(Informal ၊ Formal)၊ အလုပ်ရုံ ဆွေးနွေးပွဲများ (Workshop or Seminar)၊ မြန်မာ့အရေးဆွေးနွေးပွဲများကို ASEAN နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်စေပြီး အသိပညာဆိုင်ရာများ၊ နားလည်မှုမြှင့်တင် ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ရင်း ပါဝင်ပတ်သက်သူ အဖွဲ့အစည်းများအားလုံးက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးကို ဝိုင်းဝန်းတည်ဆောက် ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။

Article By Min Naing (Secretary of NSPNC, Myanmar)

အင်္ဂလိပ်ဘာသာဖြင့် ICWA Website တွင်ဖော်ပြထားသည့် ဆောင်းပါးအား  ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။