မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖြည့်စွက်အမှာစကားပြောကြား (၅-၃-၂၀၂၅)

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia – Myanmar Business Council တို့ ပူးပေါင်းကျင်းပသည့် ရုရှား – မြန်မာ စီးပွားရေးဖိုရမ်အား ၅-၃-၂၀၂၅ ရက်တွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပပြုလုပ် သည်။

အဆိုပါ မြန်မာ-ရုရှား စီးပွားရေးဖိုရမ်အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadyevich Reshetnikov ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အဖွင့်အမှာစကားများပြောကြား

ဦးစွာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌက “မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဆိုင်ရာအကျဉ်းချုပ်” ကိုပြောကြားပြီး တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ်များက ခေါင်းစဉ်များအလိုက်အကျဉ်းချုပ်ရှင်းလင်း တင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ရုရှား MIR Card များ လက်ခံသုံးစွဲနိုင်ရေး ဆောင်ရွက်မှုလုပ်ငန်းအခြေအနေ Video Clip ကိုကြည့်ရှုကြပြီး ဖိုရမ်အား ခေတ္တရပ်နားသည်။

မွန်းလွဲပိုင်းတွင် ရုရှား – မြန်မာ စီးပွားရေးဖိုရမ်အား ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်အမှာစကားပြောကြားရာတွင် အထူးသဖြင့် ယခုလအတွင်း ပဉ္စမအကြိမ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် အောင်မြင်စွာဖြင့် လက်ခံကျင်းပနိုင်ခဲ့ကြောင်း။

ပိုမိုတိုးမြှင့်နိုင်ခဲ့ပြီဖြစ်

အဆိုပါ ကော်မရှင်အစည်းအဝေးမှနေ၍ ဆွေးနွေးမှုရလဒ်များအဖြစ် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေး၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း။

အထူးသဖြင့် မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခြေလှမ်းသစ်စတင်နိုင် သည့်အတွက် များစွာအားရကျေနပ်မိပါကြောင်း။

မိမိတို့ဘက်ကလည်း ခိုင်မာအားကောင်းသည့် ဥပဒေမူဘောင်များ ချမှတ်ထားခြင်းနှင့်အတူ ယနေ့အခမ်းအနား၏ ရလဒ်တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆွေးနွေးညှိနှိုင်းခြင်းကြောင့် သဘောတူစာချုပ်ကို မကြာမီလက်မှတ်ရေးထိုးနိုင် မည်ဟုမျှော်လင့်ပါကြောင်း။

ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပြည်တွင်းနှင့် ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစင်္ကြံလမ်းများတစ်လျှောက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာနှင့်အတူ အဆွေတော်တို့ကို ဖိတ်ခေါ်လိုပါကြောင်း။

ပိုမိုတိုးမြှင့်ဖော်ဆောင်လာနိုင်မည်

ယနေ့ကျင်းပပြုလုပ်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် အခမ်းအနားတွင်လည်း နှစ်နိုင်ငံအကြား အစိုးရချင်းသာမက နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍ အချင်းချင်းအကြား ဆက်သွယ်မှုကွန်ရက်ကို ပိုမိုတိုးချဲ့နိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများရရှိခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ အထူးသဖြင့် တည်နေရာအနေအထားအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အနည်းငယ်ဝေးကွာသည့်နေရာတွင် တည်ရှိသော်လည်း ယနေ့အခမ်းအနားမှ စီးပွားရေးဆိုင်ရာနယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံတွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဖော်ဆောင်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ကနဦးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည်ကို တွေ့ရသည့်အတွက် များစွာဝမ်းမြောက်ရကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးအခြေပြု အဆင့်မြင့် နည်းပညာလွှဲပြောင်းမှုအပိုင်းနှင့် စပ်လျဉ်း၍ အလေးထားပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးနိုင်ခဲ့ကြောင်း။

ထို့အပြင် စက်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့တွင်လည်း နည်းပညာအသစ်များဖြင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ အခြေခံအဆောက်အအုံ ကဏ္ဍပိုင်းတွင် မြန်မာနိုင်ငံ၏လိုအပ်ချက်နှင့်အညီ တောင်တန်းကုန်းမြင့်များနှင့် ရှည်လျားလှသည့်ကမ်းရိုးတန်းတစ်လျှောက်တွင် ဂေဟစနစ်ကိုထိခိုက်မှုမရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အထူးသဖြင့်လေစွမ်းအင်၊ နေစွမ်းအင်၊ ရေအားလျှပ်စစ်တို့ကို ထုတ်ယူနိုင်မည့် စီမံကိန်းများကို မကြာမီကာလအတွင်း အဆွေတော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများကို အစပြုချိတ်ဆက်ထားနိုင်ပြီဖြစ်သဖြင့် ကုန်သွယ်မှုကို ယခင်ကထက် လွယ်ကူချောမွေ့စွာ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်တိုးတက်မှုတွင် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲတွင် ပါဝင်သည့်အတွက် သတင်းအချက်အလက်နည်းပညာနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်မှုကိုလည်း အဆွေတော်တို့နှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ယင်းနှင့်ဆက်စပ်၍ ယခင်ကတည်းကတိုးတက်ရန် လိုအပ်နေသေးသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင် ရုရှားနိုင်ငံနှင့် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံအတွက် နိုင်ငံတော်အဆင့် ကြိုးပမ်းဆောင်ရွက်ရမည့် အဓိကမဏ္ဍိုင်တစ်ရပ်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် လူ့စွမ်းအားအရင်း အမြစ်များကို မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် အထူးစိတ်ဝင်စားသည့် စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင် လုပ်ကိုင်နိုင်သည့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်များကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များ စီစဉ်ထားရှိသည်ကို သိရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအကြားတွင် လုပ်သာကိုင်သာရှိမည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် အလုပ်အကိုင်များရရှိနိုင်အောင် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဟု ထပ်လောင်းပြောကြားလိုကြောင်း။

မဝေးတော့သည့် အနာဂတ်တွင် နှစ်နိုင်ငံအကြား တန်းတူညီမျှသည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တည်ဆောက်နိုင်မည့် နည်းလမ်းများကို အတူတကွ ကြိုးပမ်းဆောင်ရွက်ရင်း ဘုံတူညီသည့် အကျိုးစီးပွားများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် နံပါတ်(၁) အချက်ကတော့ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ကမ္ဘာ့မြောက်ခြမ်းမှာ အရှေ့နဲ့အနောက်ကို ရှည်လျားစွာ အရှေ့ကဆိုရင်လည်း အာရှဒေသကနေ အနောက်ဘက် ဥရောပဒေသအထိ ကျယ်ပြန့်စွာရှိနေတဲ့ မဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထဝီအနေအထားကလည်း အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံတကာကနေ စိတ်ဝင်စားမှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရုရှားနိုင်ငံရဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေကို တိုက်ခိုက်နေပါစေ ရုရှားနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နည်းပညာတွေကိုတော့ ဘယ်လိုမှ သူတို့နှိမ်နင်းလို့ရမှာ မဟုတ် ပါဘူး။ ဒါကြောင့်ခင်ဗျားတို့ရဲ့ ကြွယ်ဝမှုနဲ့နည်းပညာတွေကို ကျွန်တော်တို့ အာရှဒေသမှာ လာရောက်ဖြန့်ကြက်ပြီး ဆောင်ရွက်စေလိုတယ်။ ဒီအခွင့်အရေးကို မြန်မာနိုင်ငံက ခင်ဗျားတို့ကို ကျွန်တော်ပေးချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့မလုပ်ခင်မှာ မြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါ။ ဒီမှာလာတဲ့ မြန်မာနိုင်ငံက ပါလာတဲ့အဖွဲ့တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးလာတဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ခင်ဗျားတို့လာမယ်ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ ပကတိအခြေအနေကိုလည်း ဒီထက်ပိုပြီးသိရှိမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်တဲ့အခါမှာလည်း ခင်ဗျားတို့က စီးပွားရေးလုပ်တယ်ဆိုတာ ဈေးကွက်ကို ကျွန်တော်တို့က စဉ်းစားရပါတယ်။ မြန်မာနိုင်ငံကလူဦးရေ ၅၁ သန်းပဲရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ပတ်ပတ်လည်မှာရှိတဲ့ နိုင်ငံတွေရဲ့လူဦးရေက ၂ ဘီလီယံကျော် ၃ ဘီလီယံနီးပါးလောက်ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံအပြင် အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ လူဦးရေများပြားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒီနိုင်ငံတွေကို ခင်ဗျားတို့ရဲ့ ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုခင်ဗျားတို့ ဈေးကွက်ရှာမလဲဆိုတာလည်း စဉ်းစားမယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။ တစ်ခုကတော့ မြန်မာနိုင်ငံ မှာရှိတဲ့ သဘာဝထုတ်ကုန်ပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်တဲ့ တန်ဖိုးမြင့်ပစ္စည်းတွေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ နောက်ခင်ဗျားတို့နိုင်ငံကနေ တိုက်ရိုက်လာပြီးတော့မှ Investment လုပ်ပြီးတော့မှ ခင်ဗျားတို့ရဲ့ နည်းပညာနဲ့ ခင်ဗျားတို့ပစ္စည်းတွေကို ထုတ်လုပ်ပြီးတော့မှ သွားတဲ့လုပ်ငန်း၊ ဒီနှစ်ခုလုံးကို မြန်မာနိုင်ငံမှာ လာလုပ်မယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်၊ မုချအကျိုးရှိပါလိမ့်မယ်။

မနေ့ကလည်း အဆွေတော်တို့သမ္မတကြီးနဲ့ ကျွန်တော်တွေ့တယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်နဲ့ ပတ်သက်ပြီး တော်တော်များများ ဆွေးနွေးသဘောတူညီချက်ရယူခဲ့တာရှိပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ တချို့သော အခက်အခဲတွေကို ခင်ဗျားတို့ခေါင်းထဲမှာ သိပ်မထည့်ပါနဲ့၊ ဒါတဒင်္ဂသာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီအခက်အခဲတွေကို အားလုံးကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အရေးကြီးတာတော့ လုပ်ချင်တယ်ဆိုတဲ့၊ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိတ်ဆွေရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ လုပ်ငန်းရှင်အားလုံးကို ကြိုဆိုပါကြောင်း ကျွန်တော်ပြောလိုပါတယ်။ လိုအပ်လို့ရှိရင်လည်း မြန်မာနိုင်ငံမှာ ကျွန်တော်ကိုယ်တိုင် ခင်ဗျားတို့နဲ့ ထပ်တွေ့ပါမယ်။ ကျေးဇူးတင်ပါတယ်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ရုရှားမီဒီယာများ၏ မေးမြန်းချက်များကို အောက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့သည်-

‘‘ဒီရုရှားရောက်တဲ့အခါမှာ H.E. Vladimir Vladimirovich Putin နဲ့တင် မကဘဲနဲ့ ရုရှားရဲ့လုံခြုံရေးကောင်စီအတွင်းရေးမှူး၊ ပြီးရင် ရုရှားအထက်လွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားဒူးမားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ရုရှားမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အနှစ်ချုပ်ကတော့ မြန်မာ – ရုရှား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေးအားလုံးမြှင့်တင်သွားမှာ ဖြစ်ပါတယ်။ သမ္မတကြီး H.E. Vladimir Vladimirovich Putin နဲ့ ဆုံတွေ့တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မြန်မာ-ရုရှားပေါ့ မိတ်ဖက်ဆက်ဆံရေး၊ မဟာမိတ်ဆက်ဆံရေး ခိုင်မာတဲ့ဆက်ဆံရေးဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍပေါင်းစုံမှာ အားလုံးတိုးမြှင့်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ ရုရှား- မြန်မာ MYANMAR- RUSSIAN Business Forum တွေပါတယ်။ သူ့ရဲ့အချိတ်အဆက်တွေလည်းဖြစ်ပါတယ်။ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေဖြစ်နေမယ့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရေးရာမှာရော မြန်မာရေးရာမှာရော ရုရှားနိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပေးခဲ့တာကို ကျွန်တော်တို့ အထူးကျေးဇူးတင်ပါတယ်။

၁၁၀ မီဂါဝပ်အားရှိတဲ့ နျူကလီယားဓာတ်ပေါင်းဖို ကို ရုရှားရဲ့အကူအညီနဲ့ တည်ဆောက်ပါမယ်။ ဒါ့အပြင် အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေးအရအခြေခံကောင်းမွန်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါသည် အလွန်ကြီးမားတဲ့ Project ကြီးဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းအားဖြင့် ကုန်းတွင်းလမ်းကိုအသုံးပြုပြီးတော့ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ဗီယက်နမ် မှာရှိတဲ့ ဒါနန်း(Da Nang) ဆိပ်ကမ်း၊ အခြား ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲနဲ့သွားနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခု ပေါ်လာမှာဖြစ်တယ်။ ဒီရေနက်ဆိပ်ကမ်းက ဘာကြောင့်အရေးပါလဲဆိုလို့ရှိရင် ထားဝယ်ရေနက် ဆိပ်ကမ်းက ဘယ်နေရာရှိလဲဆိုရင် မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း အောက်မှာ မလက္ကာရေလက်ကြားဆိုတာရှိတယ်။ ဒီမလက္ကာရေလက်ကြားဆိုတာက တောင်တရုတ် ပင်လယ်နဲ့ ဟိုဘက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခု ဆက်ပေးထားတာဖြစ်တယ်။

စိန့်ပီတာစဘတ်မှာ မြန်မာ-ရုရှားတွေ့ပြီးတော့ ရင်းနှီးမှုမြှင့်တင်နိုင်ရေးအတွက်ကြောင့် ကောင်စစ်ဝန် ချုပ်ရုံးအသစ် သွားရောက်ဖွင့်လှစ်မှာဖြစ်တယ်။ ပြီးရင် ဘီလာရုစ်ကိုသွားမယ်။ ပြန်လာရင် ကျွန်တော် တို့ ရုရှားမှာရှိတဲ့ ဗလာဒီဗော့စတော့ကို သွားမယ်၊ အဲဒီမှာလည်း ကောင်စစ်ဝန်ချုပ်ရုံးအသစ်တစ်ခု ဖွင့်မယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီနေ့ကနေစပြီးတော့ မြန်မာ – ရုရှားဆက်ဆံရေး ပိုမိုခိုင်မာစေဖို့၊ ပိုမိုတည်မြဲစေဖို့ သမိုင်းကဏ္ဍအသစ်ကို ဖွင့်လှစ်နိုင်ပြီဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာပြောချင်ပါတယ်။’’

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန