အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ၂၃-၈-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌကျာဖူး၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးမှု အကူအညီ ပေးအပ်နိုင်ရေး ကိစ္စရပ်တို့နှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ် အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန