အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။ The Myanmar National Democratic Alliance Army (MNDAA)အဖွဲ့၊ Ta’ang National Liberation Army (TNLA)အဖွဲ့၊ United League of Arakan (ULA)/ Arakan Army(AA)အဖွဲ့တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည် သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသည်။

၂။ သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် The Myanmar National Democratic Alliance Army (MNDAA)အဖွဲ့နှင့် Ta’ang National Liberation Army(TNLA)အဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်။

 

                          ဥက္ကဋ္ဌ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုဌာန