ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၄-၃-၂၀၂၅ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် ရုရှားအစိုးရအဖွဲ့ အိမ်တော်အစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တွေ့ဆုံပွဲပြုလုပ်မည့် ရုရှားအစိုးရအဖွဲ့အိမ်တော်သို့ရောက်ရှိလာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တွေ့ဆုံပွဲကိုကျင်းပပြုလုပ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) နှင့် တာဝန်ရှိသူများ ရုရှားအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ရုရှားအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ယခုကဲ့သို့ မိမိတို့နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကလုပ်ဖော်ကိုင်ဘက် မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပါကြောင်းနှင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကားဦးစွာပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့တွေ့ဆုံရသည့် မိမိအနေဖြင့်ဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံသံတမန် ဆက်ဆံမှုသည် (၇၇) နှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်းနှင့် မိမိနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား ချစ်ခင်ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်မှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်းဖြင့် ပြန်လည်ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန်တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေးဖိတ်ခေါ်မှုများ၊ နှစ်နိုင်ငံအကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm
