နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကြည်ညို (၄-၃-၂၀၂၅)

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) တို့ လိုက်ပါ၍ ၄-၃-၂၀၂၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ရောက်ရှိကြပြီး သဒ္ဓမ္မဇောတိကသိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေးအခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ ၊ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့်ပတ်သက်၍ သာသနာပြုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တရားတော်များ နာယူကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm