တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား ၆-၁၁-၂၀၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မိမိတို့အနေဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တောတောင်ရေမြေချင်းထိစပ်နေပြီး နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထူထောင်ခဲ့ကြပါကြောင်း၊ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲသည့်ဆက်ဆံရေးဖြင့် အတူတကွလက်တွဲကျော်ဖြတ်နိုင်ခဲ့ကြပြီး ဆက်လက်၍လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်အတွင်း ဧည့်ဝတ်ကျေပွန်စွာ စီစဉ်ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် (၂၀) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ တတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးတို့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် မိမိအနေဖြင့် ဝမ်းမြောက်စွာ ဂုဏ်ပြုပါကြောင်း၊ ယနေ့တွေ့ဆုံမှု၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနိုင်ကာ နှစ်နိုင်ငံအကြားသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံတည်ထောင်ခဲ့သည့် နှစ်ပေါင်း (၇၀) ကျော် ကာလအတွင်း၌လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ပြီး တရုတ်နိုင်ငံအစိုးရအတွက် အလွန်အရေးကြီးသည့် မူဝါဒတစ်ရပ်ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံနေမှုအား လေးနက်စွာထပ်လောင်းပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် တရုတ်အနေဖြင့် ကူညီထောက်ပံ့ပေးခဲ့မှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း (၅၂) နိုင်ငံအနက် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် နည်းပညာအကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက်လက်ဆွေးနွေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့် နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကူမင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၊ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ စီးပွားရေးအရ တက်ကြွသည့်အမြင်များနှင့် ထက်သန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာဘက်မှ လိုအပ်သောအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ စီးပွားရေးစင်္ကြံ တည်ဆောက်မှုစီမံချက်အား မြန်မာဘက်မှ အလေးထားဆောင်ရွက်နေကြောင်းဖြင့် ပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် လုပ်ဆောင်လိုသည့် အစီအမံများအား အသေးစိတ်ညှိနှိုင်းပြောကြားသည်။
ဆက်လက်ပြီး ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် ကာလအတွင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ MNDAA ၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည်အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တပ်မတော်လုံခြုံရေးတပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၌ အင်အားသုံးစတင်တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် မိမိတို့အနေဖြင့်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏ အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးသည် အရေးပါပြီး တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ယွမ်-ကျပ် တိုက်ရိုက်ကုန်သွယ်မှုကိုလည်း ဖော်ဆောင်လျက်ရှိကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံရေးအရ ယုံကြည်မှုများ ပိုမိုတိုးတက်လာစေရေး ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် လာမည့်သံတမန်ဆက်ဆံမှု ၇၅ နှစ်စိန်ရတု ကာလမှစ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Kunming Intercontinental ဟိုတယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion Economic Cooperation Program (GMS) Summit ကြိုဆိုညစာစားပွဲအခမ်းအနားသို့ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ကြမည့် နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အကြီးအကဲများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကြိုဆိုညစာစားပွဲကို ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အကြီးအကဲများသည် ညစာကို အတူတကွ သုံးဆောင်ကြရာ တရုတ်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန