ပြည်ထောင်စုနေ့ရောက်တိုင်း ပြောနေကျစကားတွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတဲ့စကားဟာ ထိပ်ဆုံးကပါပါတယ်။ ဒီကနေ့အထိ မြန်မာနိုင်ငံအတွက် အဓိက အလိုအပ်ဆုံးက လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေ စုစည်းနေထိုင် ကြတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကိုယ့်တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်နေမှ ရေရှည်လက်တွဲ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလျှော့ချဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အခြေခံလိုအပ်ချက်လည်းဖြစ်ပါတယ်။
အရှိတရားကိုလက်ခံ
စည်းလုံးညီညွတ်ရေးရဲ့အခြေခံက မတူကွဲပြားမှုတွေကို ဦးစွာနားလည်လက်ခံပေးခြင်းဖြစ် ပါတယ်။ မတူကွဲပြားတာတွေကို နားလည်လက်ခံပေးမှ ပေါင်းစည်းနိုင်ပါတယ်။ Our unity is our strength, diversity is our power. ဆိုတဲ့အတိုင်း မတူကွဲပြားမှုဆိုတာ နိုင်ငံရဲ့စွမ်းအားဖြစ်ပါတယ်။ ဒီတော့ တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှုတွေကို အပြုသဘောနဲ့ နားလည်လက်ခံပေးမှ စည်းလုံး ညီညွတ်ခြင်းရဲ့ ခွန်အားကို ရရှိမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုစည်းနေထိုင်တဲ့ နိုင်ငံ မှာ မတူကွဲပြားမှုတွေက များပြားပါတယ်။ မြင်သာတဲ့ မတူကွဲပြားမှုတွေ၊ မမြင်သာတဲ့ မတူကွဲပြားမှု တွေ အများကြီးပါပဲ။ တိုင်းရင်းသားလူမျိုးများလို့ မတူကွဲပြားမှုများတာဟာ မဆန်းပါဘူး။ သဘာဝ ဖြစ်ပါတယ်။ သဘာဝကပေးတဲ့ ဒီမတူကွဲပြားတဲ့ အရှိတရားကို နားလည်ပေးဖို့နဲ့ လက်ခံပေးဖို့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ အဓိကလိုအပ်ချက်ဖြစ်ပါတယ်။
ဒါပေမယ့် မတူကွဲပြားမှုတွေနဲ့စည်းလုံးညီညွတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ မတူ ကွဲပြားမှုတွေနဲ့စည်းလုံးညီညွတ်ခြင်းဟာ တူညီမှုမရှိဘဲ စည်းလုံးညီညွတ်ခြင်းနဲ့ ကွဲထွက်ခြင်းမရှိဘဲ မတူကွဲပြားခြင်း (unity without uniformity and diversity without fragmentation) ဖြစ်တဲ့ အတွက် နူးညံ့သိမ်မွေ့တဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေနဲ့စည်းလုံးညီညွတ်ခြင်းဟာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးနဲ့ အခြားမတူကွဲပြားမှုများရှိနေ လင့်ကစား ညီညွတ်မှုနဲ့သဟဇာတဖြစ်မှုကို ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါမှလည်း နောက်ခံ အကြောင်းတွေ မတူညီကြတဲ့သူတွေ အတူယှဉ်တွဲပြီး ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်နိုင်မှာဖြစ် ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသဘောထား ကွဲလွဲတာတွေကို ဖြေရှင်းဖို့နဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းကပါ။ နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာရဲ့ ဇာစ်မြစ်နဲ့ ပြဿနာရဲ့အဖြေကိုလည်း သိထားပြီးဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် မရှိမဖြစ်လိုအပ်နေတာက တိုင်းရင်းသားစည်းလုံးညီညွတ်မှုပါ။ အချင်းချင်းညီညွတ်မှုမရှိဘဲ ဘာမှဆက်ပြီး လုပ်ကိုင်လို့မရပါဘူး။ ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု လိုအပ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့ဆို ပိုပြီးလိုအပ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ မြန်မာနိုင်ငံဟာ ခွဲခြားလို့မရပါဘူး။ ဒါကြောင့်လည်း နိုင်ငံ သမိုင်းတစ်လျှောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်လုပ်ဆောင်ကြပါတယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်ကတော့ စည်းလုံးညီညွတ်မှုပြိုကွဲတိုင်း နိုင်ငံဒုက္ခရောက်ခဲ့ရခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးများပြားပြီး မတူကွဲပြားမှုတွေရှိနေတဲ့ နိုင်ငံအတွက်က စည်းလုံးညီညွတ်မှုဟာ နိုင်ငံရဲ့အဆင့်တိုင်းအတွက် အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှုရှိမှ ပဋိပက္ခလျှော့ချရေး၊ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးတွေကို လက်တွဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတာကြာပါပြီ။ စည်းလုံးညီညွတ်ဖို့ အခက်အခဲတွေက ပဋိပက္ခ တွေကို မွေးဖွားပေးပြီး နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အကန့်အသတ် ဖြစ်စေပါတယ်။ ကိုယ့်တိုင်းရင်းသားညီအစ်ကိုတွေအကြား ညီညွတ်မှုအားနည်းတဲ့အတွက် ပဋိပက္ခ သံသရာက ရုန်းမထွက်နိုင်သေးပါဘူး။ ပြည်တွင်းစည်းလုံးညီညွတ်မှုအားနည်းတာရဲ့ နောက်ထပ် ကြီးမားတဲ့ အန္တရာယ်က ပြည်ပစွက်ဖက်မှုဖြစ်ပါတယ်။ အချင်းချင်းမညီညွတ်မှုဟာ ဘေးသူစိမ်းတွေ အတွက် အခွင့်ကောင်းဖြစ်နေပါတယ်။ အရင်ကလည်း နယ်ချဲ့သိမ်းပိုက်ခံရတာကအစ ဒီလိုဖြစ်စဉ် တွေ ကြုံခဲ့ရပြီးပါပြီ။ ဒီတော့တိုင်းရင်းသားညီအစ်ကိုတွေအကြား စည်းလုံးခြင်းနဲ့ နိုင်ငံ့ခွန်အား တည်ဆောက်မလား၊ သွေးကွဲခြင်းနဲ့ နိုင်ငံပျက်စီးစေမလား စဉ်းစားကြရမှာပါ။
မတူကွဲပြားမှု စီမံခန့်ခွဲခြင်း
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပြောရင် တိုင်းရင်းသားတွေအကြားက မတူကွဲပြားမှုတွေကို သဟဇာတဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အရေးပါတဲ့အခန်းကဏ္ဍ တစ်ရပ် ဖြစ်တာကိုတွေ့ရပါတယ်။ မတူကွဲပြားတာတွေကိုစီမံခန့်ခွဲခြင်းဟာ စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှုနဲ့ လူမှုရေးစည်းလုံးမှုတွေကို မြှင့်တင်ဖို့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မတူ ကွဲပြားတာတွေအားလုံး ပါဝင်လာစေဖို့ဖြစ်ပါတယ်။ မတူကွဲပြားမှုစီမံခန့်ခွဲခြင်းဟာ လူမျိုး၊ ယဉ်ကျေးမှု၊ ကျား/မ၊ အယူအဆတွေနဲ့ အခြားမတူကွဲပြားတာတွေကို အသိအမှတ်ပြုတန်ဖိုးထားတဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ မတူညီမှုရဲ့စွမ်းအားတွေကို မြှင့်တင်ပေးပြီး သဟဇာတဖြစ်မှုနဲ့ စည်းလုံး ညီညွတ်မှုကို ရရှိစေပါတယ်။ နောက်ပြီးမတူကွဲပြားမှုတွေဟာ အကောင်း၊ အဆိုးဒွန်တွဲနေတဲ့အတွက် မတူကွဲပြားမှုတွေနဲ့ ခွန်အားတွေတည်ဆောက်နိုင်သလို မတူကွဲပြားမှုကိုထိရောက်အောင် စီမံခန့်ခွဲ နိုင်မှုမရှိရင် အန္တရာယ်နဲ့စိန်ခေါ်မှုတွေဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် မတူကွဲပြားမှုတွေဟာ သူ့အလိုလိုပြင်းထန်တဲ့ ပဋိပက္ခတွေဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ မတူကွဲပြားမှုမရှိတဲ့ နိုင်ငံဆိုတာ မရှိသလောက်ပါ။ နိုင်ငံတိုင်းမှာ မတူကွဲပြားတာတွေရှိပေမယ့် နိုင်ငံ အများစုမှာ မတူကွဲပြားမှုတွေကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်ပဋိပက္ခတွေ မရှိကြတာကို တွေ့ရ ပါတယ်။ ဒီတော့မတူကွဲပြားတာက ပြဿနာမဟုတ်ဘဲ ပြဿနာဖြစ်စေတာက မတူကွဲပြားတဲ့ အုပ်စု တွေအကြား ဆက်ဆံရေးကောင်းမွန်အောင် ဘယ်လိုစီမံခန့်ခွဲသလဲ ဆိုတာပဲဖြစ်ပါတယ်။
မတူကွဲပြားမှုတွေနဲ့ ပေါင်းစည်းဖို့ဆိုရင် ကိုယ်တိုင်ပြုပြင်ပြောင်းလဲလိုက်နာကျင့်ကြံကြရတာ တွေရှိပါတယ်။ လူရဲ့သဘောက ယူချင်တဲ့သဘောပဲများပြီး ပေးဆပ်ချင်တဲ့သဘောက နည်းတတ်ကြ ပါတယ်။ ဒါပေမယ့် အများနဲ့ပေါင်းစည်းကြတဲ့အခါ အပေးအယူမျှတဖို့လိုပါတယ်။ မျှတမှုရှိမှ ပေါင်းစည်း နိုင်မှာပါ။ မတူကွဲပြားမှုတွေနဲ့ပေါင်းစည်းဖို့ ပါးစပ်က ဘယ်လောက်ပဲပြောပြောမျှတမှုနဲ့ တန်းတူ ရည်တူမှု မရှိရင် လတ်တလော ဒါမှမဟုတ် ရေရှည်ပေါင်းစည်းဖို့ မလွယ်ပါဘူး။ မြန်မာနိုင်ငံမှာ ယှဉ်တွဲ နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေအကြား သဟဇာတဖြစ်မှုနဲ့ စည်းလုံးညီညွတ်မှုရဖို့အတွက် ရှေးဦးမဆွကတည်းက အဓိဋ္ဌာန်ပြုထားပြီးသားပါ။ ကမ္ဘာမကျေ နိုင်ငံတော်သီချင်းထဲမှာ ပါပါတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းဆိုတာတွေဟာ မတူကွဲပြားမှု စီမံခန့်ခွဲခြင်းရဲ့ အနှစ် သာရတွေဖြစ်ပါတယ်။ ဒီအနှစ်သာရတွေမရှိရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့ ခက်ခဲသလို ပဋိပက္ခတွေ ဖြေရှင်းရေးဟာလည်း ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်နဲ့ ဖြစ်နေဦးမှာပါ။
ယုံကြည်မှုအခြေခံ
မြန်မာနိုင်ငံက အကျပ်အတည်းတွေရဲ့ဆုံမှတ်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြစ်တာ ကို အားလုံးက သိရှိလက်ခံထားကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဖို့ ယခင် ကာလတွေကတည်းက ကြိုးပမ်းခဲ့ကြတာ ဒီကနေ့အထိပါပဲ။ ဒါပေမယ့်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဟာ တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့ ရုန်းကန်နေရဆဲပါ။ ဒါကြောင့် ပဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေးတွေဟာ စိန်ခေါ်မှုတွေကြားမှာ မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေပါတယ်။ အဲဒီစိန်ခေါ်မှုတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုက အပြန်အလှန်ယုံကြည်မှုဖြစ် ပါတယ်။ အပြန်အလှန် ယုံကြည်မှုမရှိဘဲ ညီညွတ်ရေးတည်ဆောက်ဖို့နဲ့ အတူလက်တွဲကြဖို့ဆိုတာ မလွယ်ကူပါဘူး။ အပြန်အလှန်ယုံကြည်မှုဟာ လူမှုဆက်ဆံရေးမှာ ကော်လိုပါပဲ။ ယုံကြည်မှုရှိမှ ဆက်ဆံရေးခိုင်မြဲဖို့နဲ့ ရေရှည်ပူးပေါင်းဖို့ဖြစ်မှာပါ။ ဒါ့အပြင် ယုံကြည်မှုတည်ဆောက်ရေးဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ တရားမျှတမှုနဲ့ လုံခြုံရေးစနစ်ဖော်ဆောင်ရာမှာ အဓိကပါဝင်တဲ့ အစိတ် အပိုင်းတစ်ခုဖြစ်သလို ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။
တစ်ဖက်သားရဲ့ ယုံကြည်မှုရဖို့ဆိုတာ ယုံကြည်နိုင်လောက်တဲ့ အကြောင်းတရားတွေရှိမှ ယုံကြည်မှုရပါတယ်။ ဒါကြောင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးဟာ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြည့်စုံမှ အောင်မြင်တဲ့အလုပ်လို့လည်း ပြောနိုင်ပါတယ်။ ယုံကြည်မှုရဖို့ရိုးသားမှုရှိ ရပါတယ်။ စိတ်ရင်း စေတနာမှန်ကန်မှု၊ အပြောနဲ့ အလုပ်ကိုက်ညီမှုတွေ လိုပါတယ်။ အပြော သက်သက်နဲ့ ယုံကြည်မှုမရနိုင်သလို စေတနာမမှန်ဘူး၊ မရိုးသားဘူးဆိုရင်လည်း မရနိုင်ပါဘူး။ ယုံကြည်မှုခိုင်မြဲလာတာနဲ့ ဆက်ဆံရေးကောင်းမွန်လာပြီး ပဋိပက္ခတွေလျှော့ချရေးကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိတာဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုရရှိစေပါတယ်။ လူရဲ့သဘောက ယုံကြည်ရင် အသက်တောင်ပေးဖို့ ဝန်မလေးတတ်ပါဘူး။
လေ့လာသင်ယူမှု
မြန်မာနိုင်ငံရဲ့နိုင်ငံရေးပဋိပက္ခတွေကို ချဉ်းကပ်ဖြေရှင်းရာမှာ အဓိကအားနည်းချက်အဖြစ် တွေ့ရတာက တစ်ဖက်စွန်းသဘောထားတွေနဲ့ လက်နက်ကိုင်ဖြေရှင်းတဲ့လမ်းစဉ်ကို ဖက်တွယ်ထား ခြင်းပါပဲ။ အဲဒါတွေက ပြဿနာပြေလည်ရေးထက် သဘောထားကွဲလွဲမှုတွေကို နက်ရှိုင်းကျယ်ပြန့် စေပါတယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ပြဿနာတွေကို ဘယ်လိုဖြေရှင်း ခဲ့ကြသလဲဆိုတာ သိရှိခံစားခဲ့ကြရပြီးဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ အကျိုးဆက်တွေကို ရလဒ်အခြေပြုသုံးသပ်မယ်ဆိုရင် ကောင်းကျိုးထက်ဆိုးကျိုးတွေ ပိုများခဲ့ ပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်ဖြေရှင်းရတဲ့ အကြောင်းပြချက်တွေ ရှိကောင်းရှိကြပါ လိမ့်မယ်။ လက်နက်ကိုင်ဖြေရှင်းတဲ့ နည်းလမ်းဟာ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ အခြားရွေးချယ်စရာ နည်းလမ်းမရှိတဲ့အဆုံး သုံးရတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ လက်နက်ကိုင် ဖြေရှင်းတဲ့အတွက်ဖြစ်လာတဲ့ ရလဒ်တွေဟာ နိုင်ငံ့အပေါ်၊ ပြည်သူ့အပေါ်ကို ဘယ်လိုမှ အကျိုး မဖြစ်စေဘဲ ဆုတ်ယုတ်စေခဲ့ပါတယ်။ ဒီသမိုင်းဖြစ်ရပ်တွေဟာ ဘယ်သူမှငြင်းလို့မရတဲ့ အမှန်တရား တွေပါ။ ဒါကြောင့် နိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားရတဲ့ သဘောသဘာဝတွေကို ပိုမို နားလည်အောင် ကြိုးပမ်းသင့်ပါတယ်။ ဒါမှ ပြဿနာ ဖြေရှင်းရေးကို အထောက်အကူဖြစ်စေမှာပါ။
အဲဒီလိုမဟုတ်ဘဲ ပြည်ထောင်စုသားအချင်းချင်းကြား သဘောထားကွဲလွဲတိုင်း လက်နက်ကိုင် တိုက်ခိုက်နေကြရင် ပဋိပက္ခတွေဟာ အတောမသတ်နိုင်ဘဲ ရှိနေပါလိမ့်မယ်။ ဒီတော့ ပြဿနာ ပြေလည်ရေး အထောက်အကူမဖြစ်တဲ့ သဘောထား၊ အပြုအမူနဲ့နည်းလမ်းတွေကို ပြောင်းလဲကြဖို့ လိုပါတယ်။ ဒါကို မျိုးဆက်သစ်တို့ သင်ခန်းစာယူကြရမှာပါ။ မျိုးဆက်သစ်တွေအနေနဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြင်ဆင်လို့မရပေမယ့် ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ပြင်ဆင်နိုင်ခွင့်တွေ ပိုင်ဆိုင်ထား ကြပါတယ်။ နိုင်ငံတော်ကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် တည်ဆောက် ပေးနိုင်တဲ့ အခွင့်အလမ်းတွေရှိနေပါတယ်။ အဲဒီအခွင့်အလမ်းတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ လိုအပ်မှာက ပြောင်းလဲမှုတွေဖြစ်ပါတယ်။ လိုအပ်တဲ့ပြောင်းလဲမှု များစွာထဲမှာမှအဓိက ပြောင်းလဲ ရမှာက မိမိကိုယ် မိမိဦးစွာပြောင်းလဲကြဖို့ဖြစ်ပါတယ်။ လေ့လာသင်ယူမှုတွေဟာ အမူအကျင့်ကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းက ဖြစ်ရပ်တွေအပေါ်မှာ လေ့လာသင်ခန်းစာမယူကြတဲ့အတွက် အမူအကျင့်တွေ မပြောင်းလဲနိုင်ကြဘဲ ပဋိပက္ခသံသရာကနေ ရုန်းမထွက်နိုင်တာလို့ ကောက်ချက်ချရမလိုဖြစ်နေပါတယ်။
တစ်ခုတည်းသောနည်းလမ်း
အထက်မှာဆိုခဲ့သလို မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ တစ်ခုတည်းသောအဖြေက စည်းလုံးညီညွတ်ရေးပါပဲ။ ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနည်းကသာ နိုင်ငံရဲ့ ပဋိပက္ခတွေကို အထိရောက်ဆုံးနဲ့ ပေးဆပ်မှုအနည်းဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်မှာပါ။ ညီညီညွတ်ညွတ်နဲ့ မဖြေရှင်းဘဲ အချင်းချင်း လက်နက်ကိုင်တိုက်ခိုက်နေကြရင် ပေးဆပ်မှုတွေ၊ ဆုံးရှုံးမှုတွေအပြင်သူများ တွေထက် နောက်ကျကျန်နေဦးမှာပါ။ အဲဒီအကျိုးဆက်တွေဟာ ပြည်ထောင်စုနိုင်ငံ တည်ဆောက် ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ်။ ဒီတော့ပြဿနာတစ်ရပ်ကို ချဉ်းကပ်ဖြေရှင်းတဲ့ ကိုယ့်ရဲ့သဘောထား၊ ရည်ရွယ်ချက်၊ လုပ်ဆောင်တဲ့နည်းလမ်းနဲ့ ထွက်လာတဲ့ရလဒ်တွေဟာ ပြဿနာ ဖြေရှင်းဖို့ မှန်ကန်ကိုက်ညီရဲ့လားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုနေပါပြီ။
သင်္ချာတစ်ပုဒ်တွက်သလို ဘယ်လိုနည်းနဲ့ပဲတွက်တွက် အဖြေရဖို့ကအဓိကလို့ ဆိုလို့မရပါဘူး။ တတိယအင်အားစုဖြစ်တဲ့ ပြည်သူလူထုအတွက် ဦးစားပေးစဉ်းစားကြဖို့လိုပါတယ်။ ဒါကြောင့် ပေးဆပ်မှု၊ ဆုံးရှုံးမှုနဲ့ ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်တဲ့နည်းလမ်းက ပြည်ထောင်စုသား အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းခြင်းပဲဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့သာ အပြုသဘော ဖြေရှင်းနိုင်ပါလိမ့်မယ်။ ။
မှီငြမ်း။ ၆-၂-၂၀၂၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မျိုးငြိမ်းငယ် ရေးသားသော “တိုင်းရင်းသားစည်းလုံးညီညွတ်မှု သို့မဟုတ် ပြည်ထောင်စု၏ တစ်ခုတည်းသောအဖြေ” ဆောင်းပါး။