အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၁) ကောက်နုတ်ချက် (၃-၃-၂၀၂၁)

၁။       ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဒီမိုကရေစီ နှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့် ပတ်သက်၍လည်းကောင်း မည်သို့ပင် အယူအဆအမျိုးမျိုး ကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့်သဟဇာတဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသလို လူနည်းစုဆန္ဒကိုလည်း အလေးထား ရန်လိုအပ်ကြောင်း၊ မိမိဆန္ဒနှင့် မကိုက်ညီပါက ရန်သူလို့ သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှု ဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားခြင်းမျိုးသည် ကျေးပိုင်ကျွန်ပိုင် ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များ ဖြစ်ပြီး ဒီမိုကရေစီနှင့် လုံးဝကိုက်ညီမှုမရှိသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ်မှုသည်လည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှု များကို ဖြစ်ပေါ်စေပြီး အမျိုးသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ခွဲခြားဆက်ဆံမှုများကို မိမိတို့ လူ့အဖွဲ့အစည်း အတွင်းမကျင့်သုံးနိုင်အောင် စဉ်းစားဆောင်ရွက်ရန်လိုအပ်ကြောင်း။ ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး မိမိတို့ လိုရာကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရ အနေဖြင့်ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများ စုစည်းထားရာမှ အချုပ်အခြာအာဏာ ဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်အကြားဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေ ဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့် ၊ ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းခွင့်ဟူသည့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင် သည့်တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများတွင်လည်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

၂။         အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး –

        (က)    ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန်၊

       ( ခ )   တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံး ခြင်းဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်။