NSPNC နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတို့ တွေ့ဆုံ (၉-၂-၂၀၂၅)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Ravi Shankar ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၉-၂-၂၀၂၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Ravi Shankar တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဂုရုကြီး၏ နိုင်ငံတကာပဋိပက္ခများတွင် ညှိနှိုင်းပေးခဲ့သည့် ငြိမ်းချမ်းရေး အတွေ့အကြုံများ၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအရေးကြီးသည့် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာကိစ္စများ၊ ပဋိပက္ခပါတီများအကြား အပြန်အလှန် ညှိနှိုင်း ပြောဆို မှုနှင့် တစ်ဖက်နှင့်  တစ်ဖက် အပြန်အလှန် ယုံကြည်မှု တိုးပွားစေရေးဆိုင်ရာကိစ္စရပ်များ၊ ပဋိပက္ခကြောင့် အားလုံးဒုက္ခရောက်ကျရပြီး တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။