အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ဒုတိယနေ့ကို ၆-၁၂-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာကိစ္စ၊ အထွေထွေကိစ္စရပ်များကို ဆက်လက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်အပေါ် လေ့လာသုံးသပ်ချက်၊ ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေးသဘောထားစုစည်းရရှိချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာများနှင့် ရွေးကောက်ပွဲနှင့်လုံခြုံရေးကဏ္ဍဆိုင်ရာကိစ္စရပ်များအပေါ် နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များနှင့် အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ညှိနှိုင်းရေးကော်မတီကိုယ်စားညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဦးလှမောင်ရွှေ၊ နိုင်ငံရေးပါတီများ ကိုယ်စားလီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဗဟိုကော်မတီဝင် ဒေါ်ခင်စောနွဲ့နှင့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် နှစ်ရက်တာကာလ ဆွေးနွေးချက်များက များစွာအထောက်အကူဖြစ်စေပါကြောင်း၊ သတိပြုစေလိုသည့်အချက်မှာ မိမိတို့နိုင်ငံတွင် နေရာတိုင်း၌ တိုင်းရင်းသားလူမျိုးများ ရောနှောနေထိုင်ကြသဖြင့် လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ထက် ဒေသကိုအခြေခံသော ဖက်ဒရယ်စနစ်ကို ဦးတည်သင့်ပါကြောင်း၊ တိုင်းရင်းသားအားလုံးအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာစေရန်နှင့် မြန်မာနိုင်ငံသားစိတ်ဓာတ်ကို မွေးမြူကြရန် အရေးကြီးပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း အထူးအလေးထား၍ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို အလေးအနက်ထားစဉ်းစား၍ လုံခြုံမှုအပြည့်အဝရရှိရေး၊ လွတ်လပ်၍ တရားမျှတမှုရှိစေရေး၊ ပြည်သူများ၏ မဲပေးခွင့်မဆုံးရှုံးစေရေး ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန