ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား (၁၀-၃-၂၀၂၅)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Η.Ε. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိသွားရောက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၉ ရက်နေ့ ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှဲဗာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထိုသို့ ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားချက်

ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားကြည့်မယ်ဆိုရင် တကယ့်ဆုံချက်မှာရှိတယ်။ မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တကယ်ကိုလက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန်ရောက်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာလည်း ဦးစားပေးပြီးတော့ ကျွန်တော်ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ကျွန်တော်ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်။ အခုထိတတ်နိုင်သမျှ ကျွန်တော်လုပ်ပေးပါတယ်။ ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကိုသွားမှာ နံပါတ်တစ်ချက်ပေါ့။ ကျွန်တော်တို့က လွတ်လပ်ရေးရပြီးတာ ၇၇ နှစ်တာကြာခဲ့ပြီ။ ကျွန်တော်တို့မှာ ပဋိပက္ခပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတယ်။ တကယ်တော့ ကျွန်တော်တို့မှာရှိတဲ့ လူသားအပါအဝင် သယံဇာတအရင်းအမြစ်တွေများစွာရှိတယ်။ ဒါတွေကို အသုံးချမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းပြည်က မုချတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ရမယ်။ ဒီအတွက် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှုအလားအလာကို ရှာတဲ့အခါမှာ ရုရှားနိုင်ငံဟာ ကျွန်တော်တို့အတွက် ပူးပေါင်းဆောင်ရွက်မှုအလားအလာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်တော်တို့မြင်တာပေါ့။ ရုရှားနိုင်ငံတင်မကပါဘူး။ နိုင်ငံတွေများစွာရှိပါတယ်။ သို့သော်လည်းပဲ အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ့်နိုင်ငံက ရုရှားနိုင်ငံဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံကို ကျွန်တော်သွားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးအရ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြည်သူတွေတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစနစ်ကိုသွားဖို့အတွက် ကျွန်တော်တို့က ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဒါကို ကျွန်တော်တို့က အကောင်အထည်ဖော်နိုင်ဖို့အတွက် တစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာပေါ့။ တစ်ဖက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုရအောင်လည်း ကျွန်တော်တို့လုပ်ရမှာပေါ့။ ဒါကြောင့် ရုရှားသမ္မတကြီးကလည်း မြန်မာနိုင်ငံအတွက်ပတ်သက်ပြီး ရုရှားဘက်က ကူညီမယ်လို့ သူပဲပြောတယ်။ သို့ပေမယ့်လည်း ဘယ်လာရုစ်သမ္မတကြီး H.E .Mr Alexander Gregoryevich Lukashenko ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အစစအရာရာပူးပေါင်းဆောင်ရွက်ပေးမယ် ကူညီပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့အတွက် ခွန်အားတွေဖြစ်သလို တိုင်းပြည်အတွက်လည်း အားတစ်ခုကျွန်တော်တို့ရမှာပါ။ ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားအရ ကြည့်မယ်ဆိုလို့ရှိရင် တစ်ကယ့်ဆုံချက်မှာရှိတယ်။ အရှေ့တောင်အာရှနိုင်ငံ၊ အာဆီယံနိုင်ငံမှာ အနောက်ဘက်အကျဆုံးနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အနောက်ဘက်မှာ လူဦးရေသန်းပေါင်း ၁ ဒသမ ၄ ဘီလီယံ ကျော်လောက်ရှိတဲ့ အိန္ဒိယနိုင်ငံရှိတယ်။ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာ လူဦးရေ သန်းပေါင်း ၁၄၀၀ လောက်ရှိတဲ့ တရုတ်နိုင်ငံရှိတယ်။ ဒီသုံးမျိုး ပေါင်းလိုက်လို့ရှိရင် ၄ ဘီလီယံနီးပါးလောက် လူဦးရေရှိတယ်။ အဲဒီတော့ သွားမယ့်နေရာဆုံချက်ကိုကြည့်မယ်ဆိုရင် တောင်ဘက်ကိုသွားရင် အိန္ဒိယသမုဒ္ဒရာရောက်သွားမယ်။ မြောက်ဘက်ကိုသွားမယ်ဆိုရင် တရုတ်နိုင်ငံကိုဖြတ်ပြီး ရုရှားနိုင်ငံကိုရောက်သွားမယ်။ အနောက်ဘက်ကိုသွားမယ်ဆိုရင် မြန်မာနိုင်ငံကလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံမရှိဘူး။ ကျွန်တော်တို့နိုင်ငံက အခြေပြုပြီးတော့ စီးပွားရေးလုပ်ငန်းလုပ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့သွားမှာပဲဖြစ်ဖြစ်၊ ခုနကပြောတဲ့ ကြီးမားတဲ့ဈေးကွက်ကြီးတစ်ခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ကျွန်တော်တို့ဗျာ တကယ်ကို လက်တွဲလုပ်ဖို့အသင့်တော်ဆုံးအချိန် ရောက်နေပါပြီ။ EAO တွေကိုလည်း ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေမပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ ကျွန်တော်တို့ သွားတာကောင်းတယ်။ ကျွန်တော်တို့ပြောတယ်။ ကျွန်တော်တို့ တစ်အချက် ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲကိုယ်ရတယ်။ တစ်ဖက်သတ် အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီး ကျန်ခဲ့တဲ့တိုင်းရင်းသားနယ်မြေတွေအားလုံးကို ဦးစားပေးပြီး ကျွန်တော်ဆောင်ရွက်ပေးမယ်။ အခုထိ ကျွန်တော်တတ်နိုင်သမျှလုပ်ပေးပါတယ်။ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေးကုန်ထုတ်လုပ်ငန်းတွေကို မလွတ်ဘူး။ အနာဂတ်အတွက် သိပ္ပံနဲ့နည်းပညာကို ကျွန်တော်မလွတ်ဘူး။ သူတို့က စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းမှာ အခြေခံတဲ့စက်မှုလုပ်ငန်းတွေက အများကြီးကောင်းတယ်။ သိပ္ပံနည်းပညာမှာလည်း အများကြီးကောင်းတယ်။ သူတို့က အနိမ့်တစ်ခုနဲ့အမြင့်တစ်ခု အားလုံးကို အတူတူပေါင်းစပ်ပေးနိုင်တဲ့ အနေအထားရှိတယ်။ အဲဒါက ကျွန်တော်တို့အတွက်လိုအပ်ချက်ပဲ။ ဒါကြောင့် ကျွန်တော်ပြောရဲပါတယ်။ ပူးပေါင်းဆောင်ရွက် မယ်ဆိုလို့ရှိရင် ဒီဟာကကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးအမြတ်မုချရှိမယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။
မှီငြမ်း။ moi.gov.mm