နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စိန့်ပီတာစဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery ၌ လွမ်းသူ့ပန်းခွေချအလေးပြု (၆-၃-၂၀၂၅)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန်နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery ၌ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ စိန့်ပီတာစဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery သို့ရောက်ရှိကြရာ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အညတရ Piskaryovskoye Memorial Cemetery ၌ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။ လွမ်းသူ့ပန်းခွေချအလေးပြုစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm