ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Roman Alexand-rovich Golovchenko နှင့် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ် နိုင်ငံဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိရာ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်သည်။
တာဝန်ရှိသူများ တက်ရောက်
ယင်းနောက် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဘယ်လာရုစ်နိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို များစွာမြှင့်တင်ပေးနိုင်မှုအခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်အပါအဝင် အခြားစက်မှုကုန်ကြမ်းသီးနှံများအား ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံနှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာများ ပိုင်ဆိုင်ထားသည့် ဘယ်လာရုစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာများ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm
