ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၄-၃-၂၀၂၅ ရက် ညပိုင်းတွင် ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့အား မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှား-မြန်မာစီးပွားရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီးစသည့် အသီးအနှံများအား ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့်အခြေအနေများ၊ စွန့်ပစ်အမှိုက်များအား Recycle ဖြင့် ပြန်လည်အသုံးပြုနိုင်ရေးကိစ္စရပ်များ၊ အာကာသနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ moi.gov.mm