နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံမှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန်သံတမန်ခန်းမ၌ မတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား – မြန်မာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်-

မေး။ ။ လေးစားရပါသော အဆွေတော်ဝန်ကြီးချုပ်ခင်ဗျာ အဆွေတော်ဝန်ကြီးချုပ်အနေနဲ့ အခုလိုမျိုး ကျွန်တော်တို့ TASS Media နဲ့ အင်တာဗျူးမေးဖို့အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဆုံးပြောကြားလိုပါတယ်။ ကျွန်တော်တို့ ရုရှား - မြန်မာဆက်ဆံရေးဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သမိုင်းမှာ အထင်အရှားရှိခဲ့တဲ့ ဆက်ဆံရေးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ရုရှား - မြန်မာ သံတမန်ဆက်ဆံရေးဟာ (၇၅) နှစ်ပြည့်မြောက်ပြီးလည်း ဖြစ်ပါတယ်။ ကျွန်တော် ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး ငယ်ဘဝတုန်းက သတိရတာလေးတစ်ချက်ကို အဆွေတော်ကို တင်ပြချင်ပါတယ်။ ကျွန်တော်ငယ်ဘဝတုန်းက ဆိုဗီယက်ပြည်ထောင်စုကို မြန်မာနိုင်ငံက ဝန်ကြီးချုပ် ဦးနုလာတဲ့အချိန် ကျွန်တော်ကလေးဘဝက ပထမဦးဆုံး မြင်ဖူးခဲ့တဲ့အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဲဒီကတည်းက ကျွန်တော် မြန်မာနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားခဲ့ပါတယ်။ အခုဆိုရင် အဆွေတော်ဝန်ကြီးချုပ်နဲ့ ကျွန်တော် အင်တာဗျူးမေးမြန်းတဲ့အဆင့်ထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ပထမဆုံးမေးချင်တဲ့မေးခွန်းကတော့ မြန်မာနဲ့ ရုရှားနှစ်နိုင်ငံကြားမှာ မည်သည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေက အအောင်မြင်ဆုံးဖြစ်ပြီးတော့ မည်သည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသေးလဲဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။ ရုရှားနဲ့မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကတော့ နှစ်ပေါင်းများစွာရှိခဲ့ပြီး သမိုင်းဟိုးရှေးကတည်းက ရှိခဲ့ပါတယ်။ နောက်ကျရင် ဒါလေးကို အထောက်အထားလေးတစ်ခု ကျွန်တော်ပြပါမယ်။ သံတမန်ဆက်သွယ်မှုကတော့ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်က နေစခဲ့ပါတယ်။ အခုဆိုရင် (၇၆) နှစ်တာကာလ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကတော့ တော်တော်လေးများပါတယ်။ လွတ်လပ်ရေးရတဲ့ခေတ်ကစပြီးတော့ ပြောမယ်ဆိုရင်တော့ နယ်ပယ်ပေါင်းစုံရှိခဲ့တာ ကျွန်တော်တွေ့တယ်။ သို့သော်လည်းပဲ ဒီဘက်နောက်ပိုင်းမှာတော့ ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုများလာတာကို ကျွန်တော်တို့တွေ့တယ်၊ ကာကွယ်ရေးဆိုတာ နှစ်ပိုင်းရှိတာ၊ တစ်ပိုင်းကတော့ တပ်မတော်ပိုင်းဆိုင်ရာနဲ့ တစ်ဖက်ကတော့ နည်းပညာနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပေါ့၊ မြန်မာ့တပ်မတော် ခေတ်မီ ရေးအတွက် ရုရှားနိုင်ငံက ကူညီပံ့ပိုးပေးခဲ့သလိုပဲ မြန်မာ့တပ်မတော်က အရာရှိတွေ တော်တော်များများကို ရုရှားနိုင်ငံမှာ သိပ္ပံပညာနည်းပညာ စစ်ဘက်အတတ်ပညာ ဒါတွေကိုများစွာသင်ပေးခဲ့တာပေါ့။ ဒါနယ်ပယ်ကတော့ ဒါအကြီးမားဆုံးဟာပါပဲ။ ဒါပေမယ့် ဒါတွေလားဆိုတော့ မဟုတ်သေးဘူး။ ကျန်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဘက်ဆိုင်ရာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍစသဖြင့် ဒါတွေရှိပါတယ်။ ယခုကျွန်တော်တို့နဲ့ ဆောင်ရွက်ဆဲကိစ္စထဲမှာဆိုလို့ရှိရင် Rosatom ရုရှားနိုင်ငံရဲ့ အဏုမြူစွမ်းအင်ကွန်ပိုစာအဖွဲ့နဲ့ လုပ်နေတာကတော့ အသေးစားအဏုမြူစွမ်းအင်ဓာတ်အားပေးစက်ရုံလုပ်ငန်းတစ်ခုရှိပါတယ်၊ နောက်တစ်ခုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ရုရှားနည်းပညာနဲ့ ဓာတ်မြေဩဇာထုတ်လုပ်ပြီးတော့မှ မြန်မာနိုင်ငံမှာ ဓာတ်မြေဩဇာထုတ်လုပ်မယ့် စက်ရုံတည်ဆောက်ရေးလုပ်ငန်း၊ အခုလက်ရှိဒီရုရှားနည်းပညာနဲ့ထုတ်ယူထားတဲ့ ဓာတ်မြေဩဇာကို အသုံးပြုတဲ့အခါမှာ တော်တော်အောင်မြင်တယ်လို့ ကျွန်တော်တို့ ပြောပါတယ်။ ဒါလည်း တိုးချဲ့ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါ့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်း၊ လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊ အခြားဆိုလာနဲ့ပတ်သက်တဲ့ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစသဖြင့် နယ်ပယ်များစွာရှိတယ်။ ဒါတွေ ကျွန်တော်တို့ ဆက်လက်လုပ်ဖို့လည်း အစီအစဉ်ရှိကြောင်း အဆွေတော်ကို ကျွန်တော်ပြောလိုပါတယ်။

မေး။ ။ လေးစားရပါသော အဆွေတော်ဝန်ကြီးချုပ်ခင်ဗျာ အဆွေတော်အနေနဲ့ အစိုးရအဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူပြီး သတ်မှတ်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာမှာ ပြီးမြောက်ပြီးဖြစ်တဲ့ လုပ်ငန်းစဉ်များနဲ့ မကြာမီဆောင်ရွက်မယ့်လုပ်ငန်းများကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ စတာဝန်ယူတဲ့ အချိန်တုန်းကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တဲ့အတွက်ကြောင့် ဒီအပေါ်မှာ ဖြေရှင်းဖို့ ဆောင်ရွက်နိုင်ပေမယ့်လည်း အဓမ္မနည်းနဲ့ အာဏာယူဖို့ကြိုးစားလာတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ စပြီးရှင်းရမယ့်ပြဿနာက မဲမသမာမှုကိစ္စကို စပြီးဖြေရှင်းရမဲ့ကိစ္စဖြစ်ပါတယ်။

အဲဒီတော့ မဲမသမာမှုလုပ်တဲ့နေရာမှာ ကျွန်တော်တို့ စိစစ်တဲ့အခါကျတော့ UEC ကို အသစ်ပြန်လည်ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ UEC ကနေပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပေါ့ ကျွန်တော်တို့ပြန်လည်ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီး စစ်စေတဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အဲဒီတုန်းက UEC ကနေ ကြေညာခဲ့တဲ့မဲစာရင်းက ၃၈ သန်းကျော်ရှိပါတယ်။ မဲမသမာမှုကို ပြန်လည်စစ်ဆေးဖော်ထုတ်တဲ့အခါမှာ ၁၁ ဒသမ ၃ သန်းထိ မဲမသမာမှု လုပ်ခဲ့တာတွေ့ရတယ်။ ဆိုလိုတာကတော့ ၃၀ ရာခိုင်နှုန်းနီးပါးလောက် မဲမသမာမှုလုပ်တယ်ပေါ့၊ တော်တော်ကြီးမားတဲ့ မဲမသမာမှုလုပ်ငန်းဖြစ်ပါတယ်။ တစ်နေရာတည်းလား နေရာအနည်းငယ်ပဲဖြစ်တာလားဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ ၃၁၅ မြို့နယ်စလုံးမှာ ရာဂဏန်းကနေ သိန်းဂဏန်းအထိ မဲလွဲမှားမှုတွေဖြစ်ပါတယ်။ နိုင်ငံရေးအရ ရိုးရိုးသားသားပြောတာပါ။ မဲမသမာမှုလုပ်ခဲ့တယ်လို့ပဲ ကျွန်တော်တို့ ပြောပါတယ်။ ဒါက တော်တော်အကျည်းတန်အရုပ်ဆိုးခဲ့တဲ့ကိစ္စ၊ ဒါကိုဖော်ထုတ်ပြီး တွေ့ရှိတဲ့အခါမှာ တာဝန်ရှိတဲ့သူအားလုံးကို ကျွန်တော်အရေးယူခဲ့တာ ပထမဦးဆုံး စလုပ်ခဲ့ပါတယ်။

အဲဒီတော့ အဆွေတော်လည်းသိပြီးတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ အဲဒီကာလတုန်းက ကျွန်တော်တို့က ကိုဗစ်-၁၉ ဖြစ်လာတဲ့ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း Second Wave ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး လူပေါင်း ၆ သိန်းကျော်လောက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုခံခဲ့ရပါတယ်။ တော်တော်များများလည်း သေခဲ့ပါတယ်။ ကျွန်တော်တို့ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် သေချာ ကျွန်တော်ဦးဆောင်ပြီး ဒီဟာကို လုပ်ခဲ့တာဖြစ်ပါတယ်။ တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း အခက်အခဲတွေ အများကြီးကြုံခဲ့ပါတယ်။ တစ်အချက်ကတော့ ကုသဆေးပေါ့၊ ကာကွယ်ဆေးတွေ ကျွန်တော့်မှာမရှိဘူး၊ အောက်ဆီဂျင်တွေ မရှိဘူး၊ ဒါကိုလည်း အိမ်နီးနားချင်းမိတ်ဆွေနိုင်ငံတွေက ကူညီပေးတာ၊ အဆွေတော်တို့ ရုရှားနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံတွေကနေပြီးတော့ ကာကွယ်ဆေးတွေ ကျွန်တော်တို့ကို ကူညီပေးတာတွေ ရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အသက်ပေါင်းများစွာ ကူညီပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကိုဗစ်ရောဂါ Third Wave အထိဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော် လျင်မြန်စွာ ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် ဒီဟာကိုလည်း ကျွန်တော်ကျော်လွှားနိုင်ပြီလို့ ပြောလို့ရပါတယ်။ ဒါ ဒုတိယဆောင်ရွက်ခဲ့တဲ့အချက် ဖြစ်ပါတယ်။

တတိယအချက်ပေါ့ အဲဒါကတော့ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီကိုဗစ်ရောဂါဖြစ်တာနဲ့အတူတူပဲ၊ တစ်ကမ္ဘာလုံးမှာဖြစ်တဲ့ဟာ တစ်ခုကတော့ စီးပွားရေးကျဆင်းမှုပဲဖြစ်ပါတယ်၊ မြန်မာနိုင်ငံလည်း စီးပွားရေးကျဆင်းမှုဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကိုဗစ်ရောဂါကြောင့်ဖြစ်တာပဲမဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ကျဆင်းခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ စီးပွားရေးပြန်လည်နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့အတွက် ကျွန်တော်တို့စီးပွားရေး နာလန်ထူတာလည်းရှိပါတယ်။ ဒီအတွက်လည်း တော်တော်လေး ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာရှိပါတယ်။ ၂၀၂၁-၂၂-၂၃ တောက်လျှောက်ကို စီးပွားရေးပြန်လည်ဦးမော့လာတဲ့အခြေအနေတော့ ကျွန်တော်တို့ ရရှိခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးမှာလည်း ၂ ခု ရှိတာပေါ့၊ တစ်ခုကတော့ ဒီအရေးပေါ်ကာလဖြစ်ပြီး တဲ့အချိန်မှာလည်း သဘောထားကွဲလွဲတဲ့သူတွေကတော့ ဆူပူမှုတွေ ဆန္ဒပြမှုတွေလုပ်ခဲ့တာ တစ်ပိုင်းရှိပါတယ်၊ ဒါကိုလည်း ကျွန်တော်တို့ပြန်ပြီးတော့ တည်ငြိမ်အောင်ကြိုးစားရတာပေါ့၊ နောက်တစ်ခုကတော့ ၁၉၄၈ ခု လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့စခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိ ကျွန်တော်တို့ဖြစ်နေတုန်းပါ။

ဒါဟာလည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပျက်ယွင်းမှုအခြေအနေတစ်ခုကို ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ရတာရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်က ကျွန်တော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီချက်တစ်ခု ကျွန်တော်တို့ရခဲ့ပါတယ်။ အဲဒါက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ဖြစ်ပါတယ်။ ဒါကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒီပေါ်မှာ ကျွန်တော်တို့ ရအောင်ထိန်းသိမ်းခဲ့တာ ဆောင်ရွက်ခဲ့တာရှိပါတယ်။

အခုထိ ကျွန်တော်တို့ ဒါကိုပဲထိန်းသိမ်းပြီး ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနည်းပါးခြင်းဟာ ဒီတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာတော့ အရင်းခံအကြောင်းရင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တည်ငြိမ်မှုရအောင်လည်း ကျွန်တော် ကြိုးစားဆောင်ရွက်ခဲ့ရတာ ရှိပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာခြင်းဟာ မဲမသမာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီရွေးကောက်ပွဲပေါ့လေ၊ ရွေးကောက်ပွဲ မဲမသမာမှုကနေဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးရည်မှန်းချက်ဖြစ်ပါတယ်၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာဖြစ်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလို့ရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့  (၆) လအတွင်းမှာ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်၊ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။

မေး။ ။ အဆွေတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံကို အကြိမ်ပေါင်းမြောက်မြားစွာ ရောက်ရှိခဲ့တယ်လို့ ကျွန်တော်တို့ သိရှိရပါတယ်၊ ရောက်ရှိတဲ့အချိန်မှာလည်း အဆွေတော်အနေနဲ့ ရုရှားနိုင်ငံရဲ့ အထင်ကနေရာတွေကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ သိရှိရပါတယ်၊ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ မေးချင်တဲ့မေးခွန်းကတော့ အဆွေတော်အနေနဲ့ ရုရှားနိုင်ငံအပေါ်မှာ ဘယ်လိုမျိုးမြင်ပါသလဲ၊ ရုရှားနိုင်ငံနဲ့ပတ်သက်ပြီးတော့ အနည်းငယ်ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံက အလှမ်းတော့ဝေးပေမယ့်လည်း စိတ်ချင်းနီးတဲ့နိုင်ငံတွေ ဖြစ်တာပေါ့၊ နောက်ခံအကြောင်းအရာတွေလည်း တူခဲ့တဲ့နိုင်ငံတွေဖြစ်တယ်၊ ရုရှားနိုင်ငံနဲ့ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ အရင်ဆိုဗီယက်ပေါ့၊ ဆိုဗီယက်ခေတ်တုန်းကလည်း ရုရှားက ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာမှာ ကမ္ဘာရဲ့အင်အား Balance ဖြစ်အောင်ထိန်းနိုင်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ နောက်တစ်ခါ နောက်ပိုင်းမှာတော့ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတော့မှ ရုရှားနိုင်ငံ တော်တော်ရုန်းကန်ခဲ့ရတာရှိပါတယ်၊ အဲဒီမှာတော့ ရုရှားပြည်သူတွေရဲ့စိတ်ဓာတ်ပေါ့၊ နောက်အစိုးရရဲ့ ဦးဆောင်မှုပေါ့၊ တပ်မတော်ရဲ့ပူးပေါင်းဆောင်ရွက်မှုပေါ့၊ ဒါတွေနဲ့ ရုရှားနိုင်ငံ လက်ရှိအခြေအနေမှာလည်း ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခုအဖြစ်ရှိနေတာဖြစ်ပါတယ်၊ နောက် ကမ္ဘာ့ရဲ့ဟန်ချက်တစ်ခုကို ထိန်းထားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်၊ ကျွန်တော်မြင်ရတဲ့ မြင်ကွင်းတွေကြည့်ရလို့ရှိရင် ရုရှားနိုင်ငံက တိုးတက်မှုရှိတဲ့ နိုင်ငံတစ်ခုပါ၊ ရုရှားနိုင်ငံထူးခြားချက်က မြောက်ပိုင်းမှာရှိပြီးတော့ ရာသီဥတုအေးမြတဲ့ ဒေသတွေမှာရှိတဲ့ တိုင်းပြည်တစ်ခုဖြစ်တယ်၊ နောက်ကမ္ဘာ့အရှေ့နဲ့ အနောက်နဲ့ တည်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်၊ ဒါကြောင့် ရုရှားနိုင်ငံဟာ ကမ္ဘာမှာ ဒီသဘာဝအနေအထားအရလည်း အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်တော့ ရှုမြင်ပါတယ်၊ ဆက်လက်ပြီးတော့လည်း ရုရှားနိုင်ငံဟာ ကမ္ဘာရဲ့အရေးပါတဲ့ကဏ္ဍတွေမှာလည်း ရှိနေလိမ့်ဦးမယ်ဆိုတာ ကျွန်တော့်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။

မေး။ ။ အခုလိုမျိုး ရုရှားနိုင်ငံနဲ့ပတ်သက်ပြီးတော့ ပြောပြလာတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်အနေနဲ့လည်း မြန်မာနိုင်ငံကို အကြိမ်ပေါင်းမြောက်မြားစွာ ရောက်ဖူးပါတယ်၊ မြန်မာနိုင်ငံကလည်း အလွန်ကိုသာယာလှပတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို ပြည်ပခရီးသွားတွေက ပြီးခဲ့တဲ့နှစ်ကဆိုရင် ၁ သန်းကျော် ဝင်ရောက်တယ်လို့ ကျွန်တော်တို့သိရှိရပါတယ်၊ အဆွေတော်ဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံကို အထူးသဖြင့် ရုရှားနိုင်ငံက ခရီးသွားတွေ အများဆုံးလာရောက်ဖို့အတွက်နဲ့ပြီးလို့ရှိရင် ရုရှားနိုင်ငံသား ခရီးသွားတွေ မြန်မာနိုင်ငံရဲ့ အလှအပတွေနဲ့ သဘာဝအလှတရားတွေကို ထိတွေ့ခံစားနိုင်ဖို့အတွက် ဘာတွေလုပ်သင့်လဲ၊ ဘယ်လိုအစီအမံတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ၊ အကြမ်းဖျင်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကတော့ နိုင်ငံတကာက နိုင်ငံတိုင်း၊ နိုင်ငံတိုင်း စိတ်ဝင်စားတဲ့လုပ်ငန်းရပ်ဖြစ်ပါတယ်၊ သူကလည်း အဓိကဝင်ငွေရတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကိုး၊ မြန်မာနိုင်ငံမှာလည်း ထိုက်သင့်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေလာကြပါတယ်၊ သို့သော်လည်းပဲ တိုင်းပြည်ရဲ့အခြေအနေအရပေါ့လေ နိုင်ငံရေးအခြေအနေလည်း ပါပါတယ်၊ နိုင်ငံရေးအခြေအနေလုပ်တဲ့အခါမှာ လာသင့်လာထိုက်တဲ့ပမာဏအထိမရခဲ့တာကို ကျွန်တော်တို့တွေ့ပါတယ်၊ ရုရှားနိုင်ငံနဲ့ ပတ်သက်ရင်လည်း ရုရှားခရီးသွားတွေလာနိုင်ဖို့အတွက် ဒီဘက်မှာလည်း ကျွန်တော်တို့ ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတာတွေရှိတယ်၊ ဥပမာအားဖြင့် ဗီဇာကင်းလွတ်ခွင့်တွေပေးထားတာ ကျွန်တော်တို့ရှိတယ်၊ နောက်လေယာဉ်တွေ တိုက်ရိုက်စီးနိုင်အောင် ရန်ကုန် - မန္တလေး - နေပြည်တော်တင်မကဘူး၊ တခြားနေရာတွေမှာ ရုရှားကလာတဲ့ ခရီးသွားလေယာဉ်တွေ တိုက်ရိုက်ဆင်းလို့ရအောင် လေယာဉ်ကွင်းတွေ ပြင်ဆင်တာတို့၊ ခရီးသွားလုပ်ငန်းတွေ၊ လမ်းတွေ ကျွန်တော်တို့ ပြင်ဆင်ပေးတာတို့ ဒါလည်း ကျွန်တော်လုပ်ထားတာရှိပါတယ်၊ မြန်မာနိုင်ငံမှာ လေ့လာစရာနေရာတွေတော့ အများကြီး ရှိပါတယ်၊ မြန်မာနိုင်ငံတောင်ပိုင်းကနေ မြောက်ပိုင်းအထိ လေ့လာစရာနေရာတွေ အများကြီးရှိပါတယ်၊ အဲဒီတော့ ပြောရမယ်ဆိုလို့ရှိရင်တော့ မတူညီတဲ့အသွင်အပြင်လက္ခဏာတွေ၊ ယဉ်ကျေးမှုတွေ၊ သဘာဝအလှတရားတွေပေါ့၊ ဒါတွေ ကျွန်တော်တို့ အများကြီးရှိပါတယ်၊ ဒါတွေ ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ရပါတယ်၊ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ အားသာချက်တစ်ခုက ဘာလဲဆိုတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့ ရုရှားနိုင်ငံမှာ သွားရောက်ပညာသင်ခဲ့တဲ့ မြန်မာ ကျွန်တော်တို့အရာရှိတွေ အများကြီးရှိပါတယ်၊ သူတို့ကနေ ပြန့်ပွားလာတဲ့အသိတွေ၊ အသိတွေက ရုရှားနိုင်ငံပေါ်မှာ ယုံကြည်မှု၊ ခင်တွယ်မှုပေါ့၊ ဒါတွေလည်း အများကြီးရှိတာပေါ့၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး နားလည်တဲ့သူတွေ တော်တော်များများရှိတဲ့အတွက်ကြောင့် ဒါတွေက မြန်မာနိုင်ငံနဲ့ ရုရှားနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးမှာလည်း များစွာအထောက်အကူပြုမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ တစ်ဖက်ကလည်း ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက်လည်း ရုရှားခရီးသွားအဖွဲ့နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအနေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း ကျွန်တော်တို့လုပ်နေသလို မြန်မာနိုင်ငံကနေပြီးတော့ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI ကနေ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကို တစ်ပတ်ကိုနှစ်ကြိမ် ကျွန်တော်တို့ ခရီးသွားလုပ်ငန်း လေယာဉ်ခရီးစဉ်ဆွဲနေတာရှိပါတယ်၊ ခရီးသွားလုပ်ငန်းတွေ များလာတာနဲ့အမျှ လေယာဉ်ခရီးစဉ်များတိုးချဲ့ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

မေး ။ ။ ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ ရန်ကုန်-မန္တလေး-နေပြည်တော်နဲ့ တခြားနေရာတွေက မြို့တွေရောက်ခဲ့ပါတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ဝန်ကြီးချုပ်ကို မေးချင်တာက ရုရှားနိုင်ငံက နိုင်ငံခြားခရီးသွားတွေအတွက် မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက်လည်ပတ်သင့်တယ်ဆိုတာကို အကြံပြုပေးစေလို ပါတယ်။

ဖြေ။ ။ ကျွန်တော် အခုနပြောတာပေါ့နော်၊ မြန်မာနိုင်ငံရဲ့ တောင်ဘက်ကနေပြီးတော့ မြောက်ဘက်အထိ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် မတူညီတဲ့ဒေသတွေ၊ အသွင်အပြင်လက္ခဏာတွေ အများကြီးရှိတယ်၊ တောင်ဘက်ဆိုရင် ပင်လယ်ကမ်းရိုးတန်းဒေသတွေ များစွာရှိတယ်၊ အဲဒီမှာ ထင်ရှားတာကတော့ ငပလီတို့၊ ဧရာဝတီတိုင်းမှာရှိတယ်ပေါ့နော်၊ ပင်လယ်ကမ်းခြေတွေရှိပါတယ်၊ နောက်တစ်ခုကတော့ မြန်မာပြည်ဟာ အလယ်ပိုင်းသွားလို့ရှိရင်တော့ ယဉ်ကျေးမှုနှင့်ပတ်သက်တဲ့ ရှေးဟောင်းမြို့တော်တွေ စေတီပုထိုးတွေလည်း များစွာရှိတယ်၊ မြောက်ပိုင်းတက်သွားရင်တော့ မြင့်မားတဲ့တောင်တန်းကြီးတွေ၊ အေးမြတဲ့ရာသီဥတုတွေနဲ့ ကျွန်တော်တို့ တွေ့ရတာတွေရှိတယ်၊ ဒါကတော့ မြေအနေအထားအရတွေ့ရတဲ့ အနေအထားမျိုးပေါ့၊ ယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ၊ ကျွန်တော်တို့ ရာသီဥတုနဲ့ပတ်သက်တာတွေ၊ ကွဲပြားခြားနားမှုတွေ များစွာရှိတယ်၊ ကျွန်တော်တို့ ဒါလေးရှိတယ်၊ ဥပမာအားဖြင့် တောင်ပိုင်းမှာဆိုရင် မိုးများတာပေါ့၊ အလယ်ပိုင်းဆို နေတော်တော်လေးပူတယ်၊ မြောက်ပိုင်းဆိုရင်တော့ အေးမြရာသီဥတုရှိတယ်၊ နောက်တစ်ခါ အဲဒီဒေသတွေမှာပဲ၊ ဥပမာအားဖြင့် အင်းလေးကန်လိုဟာမျိုး ယဉ်ကျေးမှုအမွေအနှစ်တွေ ကျွန်တော်တို့ရှိတယ်၊ ကမ္ဘာမှာရှားပါးတဲ့ဟာ အဲဒီနေရာမှာဆိုလို့ရှိရင် ကျွန်တော်တို့က ခြေထောက်နဲ့ လှေကိုလှော်တဲ့ဟာပေါ့၊ ကမ္ဘာမှာတစ်နေရာပဲရှိတယ်၊ အင်းလေးကန်မှာ၊ ကျွန်တော်တို့ရှိတယ်၊ ဒါပေမယ့် လေ့လာမယ်ဆိုရင် ကြည့်လို့ရတာတွေ ကျွန်တော်တို့ရှိပါတယ်၊ စောစောက အဆွေတော်ပြောတဲ့ ရန်ကုန်တို့၊ နေပြည်တော်တို့ ဒီမှာလည်း အထင်ကရထင်ရှားတဲ့ ဘုရားကြီးတွေရှိသလို အခုနေပြည်တော်မှာ နောက်ဆုံးတည်ခဲ့တဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးရှိတယ်၊ ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး ကျောက်ဆစ်ရုပ်ပွားတော်ကြီးဖြစ်ပါတယ်၊ အလေးချိန်အကြီးမားဆုံး စံချိန်ချိုးထားတဲ့ဟာပေါ့၊ ဒါတွေက ရုရှားနိုင်ငံက ခရီးသွားလာချင်တဲ့ ဧည့်သည်များလာပြီး ကြည့်ရှုမယ်ဆိုရင်လည်း လေ့လာဖွယ်ရာကောင်းတဲ့နေရာတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ပတ်သက်လို့ ပြောသွားတာ ကျွန်တော်ကြားသိရပါတယ်၊ အဲဒီနေရာမှာ အဆွေတော်ရဲ့ မွေးရပ်မြေ ထားဝယ်မြို့ ရှိတယ်လို့ သိရှိရပါတယ်၊ ထားဝယ်မြို့အနေနဲ့ ဘယ်လိုမျိုး ထူးခြားမှုမျိုးရှိပါသလဲ၊ ဘယ်လိုမျိုး လှပမှုမျိုး ရှိပါသလဲ။

ဖြေ ။ ။ တောင်ပိုင်းဒေသမှာပေါ့ တောင်ပိုင်းဒေသမှာတော့ ကျွန်းတွေ အများကြီးရှိတယ်၊ ကျွန်းတွေရဲ့သဘာဝအလှတွေ၊ ရေအောက်သဘာဝအလှတွေ အများကြီးရှိပါတယ်၊ အဲဒါတွေကြည့်မယ်ဆို ကျွန်တော်တို့ကြည့်လို့ရပါတယ်၊ နောက်ပင်လယ်ကမ်းခြေပေါ့၊ ထားဝယ်ဒေသမှာဆို မောင်းမကန်ပင်လယ်ကမ်းခြေက နာမည်ကြီးပါတယ်၊ နောက်တစ်ခါ အနာဂတ်အတွက် အမြော်အမြင်ရှိတာကတော့ ဘာလဲဆိုတော့ Deep Sea Port ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်လို့ရတဲ့အနေအထားရှိတယ်၊ အဲဒါကတော့ တန်ချိန် ၂ သိန်းနဲ့အထက် သင်္ဘောတွေ၊ ကျွန်တော်တို့ရပ်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကျွန်တော် တို့ လုပ်နေတာရှိပါတယ်၊ အဲဒါလည်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်၊ ဒါကတော့ တောင်ပိုင်းဒေသမှာ တွေ့ရတာ၊ တစ်အချက်ကတော့ ကျွန်တော်တို့ ကျွန်းတွေရှိတယ်၊ နောက်တစ်ခါ ပင်လယ်ကမ်းခြေရှိတယ်၊ နောက်- အဲဒီမှာလည်း ပုလဲထုတ်လုပ်မှုလုပ်ငန်းတွေရှိတယ်၊ ကမ္ဘာမှာအကောင်းဆုံးဆိုတဲ့ ပုလဲတွေ အဲဒီဒေသမှာ ထွက်တယ်၊ နှစ်စဉ်နှစ်တိုင်းလည်း ကျွန်တော်တို့ ဒီပုလဲရောင်းချပွဲတွေ ကျွန်တော်တို့ လုပ်ပါတယ်၊ ကမ္ဘာမှာ အကောင်းဆုံး ကျွန်တော်ပြောလို့ပြောတာမဟုတ်ဘူး၊ ကျွန်တော်တို့ မြန်မာနိုင်ငံကထွက်တဲ့ ပုလဲကတော့ ကမ္ဘာမှာ အကောင်းဆုံးအဆင့်ရှိတဲ့ ပုလဲတွေ၊ သဘာဝပုလဲပေါ့၊ မွေးပုလဲတွေ ကျွန်တော်တို့ ရှိပါတယ်၊ နောက်တစ်ခါ ရေအောက် သယံဇာတလုပ်ငန်းတွေအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကြည့်စရာတွေ အများကြီးရှိတယ်၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ခင်ဗျားကိုလည်း ကျွန်တော် Documentary တစ်ခု ကျွန်တော်ပေးလိုက်ပါမယ်။

မေး ။ ။ အခုလိုမျိုး အဆွေတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် အချိန်တွေအများကြီးပေးပြီးတော့ နိုင်ငံရဲ့တာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်ပါတယ်၊ ဒါပေမယ့်လည်း လူတိုင်းမှာတော့ အားလပ်ချိန်ဆိုတာ ရှိရမယ်လို့ ယုံကြည်ပါတယ်၊ ခုနက ကျွန်တော်တို့ ဝင်ရောက်တွေ့ဆုံနှုတ်ဆက်စဉ် ကျွန်တော့်ကို လက်ဆွဲတဲ့အချိန်မှာ အဆွေတော်ရဲ့ အင်အားသန်မာမှုကို ကျွန်တော် ခံစားမိပါတယ်၊ နောက်ပြီးတော့ အဆွေတော်ရဲ့ အားကစားဝတ်စုံနဲ့ ဓာတ်ပုံတွေလည်း ကျွန်တော်မြင်ဖူးပါတယ်၊ ဒါကြောင့် ကျွန်တော် သိချင်တာက အဆွေတော်အနေနဲ့ အားလပ်ချိန်တွေမှာ ဘယ်လိုမျိုးအကျိုးရှိအောင် အသုံးချလဲဆိုတာ ပြောပြပေးစေလိုပါတယ်။

ဖြေ ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရော တာဝန်ယူထားတဲ့အတွက်ကြောင့် အားလပ်ချိန်တော့ ကျွန်တော်နည်းတာတော့အမှန်ပါပဲ၊ သို့သော်လည်းပဲ ကျွန်တော် ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့၊ နေ့စဉ်နဲ့ဆိုရင်တော့ မနက်ပိုင်း ကျွန်တော်လမ်းလျှောက်တာ ကျွန်တော်လုပ်ပါတယ်၊ အချိန်ပေးနိုင်တယ်ဆိုရင် ကျွန်တော် စနေ၊ တနင်္ဂနွေဆိုရင် ဂေါက်ရိုက်တယ်၊ ဂေါက်လည်းကစားပါတယ်၊ နောက်တစ်ခါ ကျွန်တော် စာဖတ်တာပေါ့၊ စာဖတ်တယ်၊ ရတဲ့အချိန်လေးမှာ အကြောင်းအရာတစ်ခုရရ၊ နှစ်ခုရရ ကျွန်တော်ကြိုးစားပြီးတော့ ဖတ်ပါတယ်၊ ၁၀ မိနစ်၊ ၁၅ မိနစ်၊ နာရီဝက်စသည်ဖြင့် ဒီလိုအချိန်လေးတွေယူပါတယ်၊ နောက်တစ်ခုက ဘာလဲဆိုတော့ ကြည့်သင့်ကြည့်ထိုက်တဲ့ လေ့လာသင့်တဲ့ဟာတွေ ကျွန်တော်ကြည့်ပြီး မှတ်ချက်တွေ မှတ်တာပေါ့၊ အဲဒါတွေနဲ့ ကျွန်တော့်ရဲ့ အသိပညာရအောင်လည်း ကြိုးစားတာတွေရှိပါတယ်၊ ခုနက အားကစားမှာ လမ်းလျှောက်တာတို့၊ ဂေါက်ရိုက်တာတို့  ကျွန်တော်လုပ်ပါတယ်၊ စိတ်လက်လန်းဆန်းမှု ကျွန်တော်တို့ ဖြစ်တာပေါ့၊ နေ့စဉ်နဲ့အမျှတော့ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားလုပ်ပါတယ်၊ နောက်တစ်ခုကတော့ ရတဲ့အချိန်လေးမှာ မိသားစုနဲ့ရအောင် တွေ့ဆုံပြီးတော့မှ နွေးထွေးတဲ့ဆက်ဆံမှုရအောင် အမြဲတမ်းကြိုးစားတယ်။

မေး ။ ။ အဆွေတော်အနေနဲ့ ဒါမိသားစုနဲ့ နွေးနွေးထွေးထွေး အချိန်ပေးဆက်ဆံတယ်ဆိုတဲ့အကြောင်းကို သိရပြီးတဲ့နောက်မှာ ကျွန်တော်တို့ နောက်ထပ်မေးခွန်းကတော့ အဆွေတော်ဟာ ခင်ပွန်းကောင်းတစ်ယောက်လည်းဖြစ်သလို ဖခင်ကောင်းတစ်ယောက်လည်းဖြစ်တယ်လို့ သိရှိရပါတယ်၊ မိမိရဲ့သားသမီးကို အဆွေတော်အနေနဲ့ ဘဝမှာ ဘယ်လိုသင်ခန်းစာတွေက အရေးကြီးလဲ၊ ဘယ်ဟာမျိုးတွေကို လက်ဆင့်ကမ်းအမွေပေးမလဲဆိုတာလေးကို အကျဉ်းရုံး ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ ။ အရေးကြီးတာကတော့ ကလေးတွေ၊ မိသားစုတွေကိုပေါ့၊ သားသမီးတွေကတော့ အသိပညာ၊ အတတ်ပညာရှိပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ လူတွေဖြစ်ဖို့လိုတယ်၊ ဒါ သူ့ရဲ့ တစ်ဦးချင်းရဲ့ ကာရိုက်တာပေါ့၊ နောက်တစ်ခုကတော့ စိတ်နေစိတ်ထားတွေပေါ့၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာရှိတယ်၊ မကောင်းမှုရှောင် ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားပေါ့ – ဒါလေး ကျွန်တော် တို့ ပြောကြတာပေါ့၊ မကောင်းတဲ့ဟာတွေမလုပ်နဲ့ ကောင်းတဲ့ဟာတွေ လုပ်ပေါ့၊ စိတ်ကိုသန့်သန့်ရှင်းရှင်းထားပေါ့၊ ဒါတွေမိသားစုမှာ အမြဲတမ်းရှိအောင် ကျွန်တော့် သားသမီးတွေပေါ့၊ ဒါတွေ အမြဲတမ်းဆုံးမပေးတာလည်းရှိပါတယ်၊ သူတို့ကတော့ ကျွန်တော်က နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အတွက်ကြောင့် တပ်မတော်သားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က နယ်တွေသွားနေရတာတွေရှိတာပေါ့၊ အပြင်သွားနေရတာ ရှိတာပေါ့၊ မိသားစုနဲ့အနီးကပ်နေဖို့ဆိုတာ အချိန်ကတော့ သိပ်တော့မရှိခဲ့ဘူး၊ သူတို့ကတော့ ကိုယ့်ပညာကိုယ်ကြိုးစား၊ သို့သော် အမေကနေ ထိန်းပေးထားတာဆိုတော့ အမေက ထိန်းပေးထားတာရှိတယ်၊ နောက်တစ်ခုကတော့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ခြင်းပေါ့၊ ဒီစိတ်ဓာတ်ကို ကျွန်တော်က လုပ်ထားတယ်၊ နောက်တစ်ခုကတော့ သူတို့ရဲ့အသိပညာဆိုတာလည်း အတွေ့အကြုံကနေရတာ၊ အတွေ့အကြုံကနေပြီး အသိပညာပိုရှိအောင်လုပ်ကြတာပေါ့၊ သူများအတွေ့အကြုံကို ရအောင်ယူရတာလည်းရှိတာပေါ့၊ ကိုယ့်အတွေ့အကြုံတင်မဟုတ်ဘဲ မိဘအတွေ့အကြုံနဲ့ မရသေးဘူး၊ မိဘပြောတဲ့အတွေ့အကြုံနဲ့ မရဘူး၊ သူတို့ကနေ သူတို့ဆက်ဆံရတဲ့ လူတွေကနေပြီးတော့ အတွေ့အကြုံတွေရှိတယ်၊ ဒါတွေကိုထိတွေ့ဆက်ဆံခြင်းအားဖြင့် လေ့လာခြင်းအားဖြင့်ရတဲ့အတွေ့အကြုံ၊ သူတို့ရဲ့ ဘဝတိုးတက်ဖို့အတွက် အသုံးချနိုင်ဖို့အတွက် ဒါအမြဲတမ်းသူတို့ကိုလည်း ကျွန်တော်ပြောတာပေါ့၊ သူတို့ ဒါတွေနဲ့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတာကိုလည်း ကျွန်တော်တွေ့ပါတယ်။

မေး ။ ။ ခုနက အဆွေတော် ဗုဒ္ဓနဲ့ပတ်သက်တဲ့အကြောင်းကို ပြောသွားတဲ့အတွက် ကျွန်တော် ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ မေးခွန်းမေးချင်ပါတယ်၊ ကျွန်တော်သိသလောက်တော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူအများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်၊ အဲလိုပဲ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဲ့ သာသနာတော်ဟာ စည်ပင်ထွန်းကားနေတာကို တွေ့ရှိရပါတယ်၊ အခုကျွန်တော်တို့ ရန်ကုန်မြို့မှာရှိတဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးဟာ ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်ထားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်၊ ရွှေတိဂုံစေတီတော်ကြီးကို အခေါက်ပေါင်းများစွာသွားပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ဖူးမြော်ကြည်ညိုပါတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်သိချင်တာကတော့ အဆွေတော်ရဲ့ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်ကို အနည်းငယ်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ကမ္ဘာမှာတော့ ကိုးကွယ်တဲ့ဘာသာတွေ အများကြီးရှိပါတယ်၊ ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာစသည်ဖြင့်ရှိတာပေါ့၊ ဒီကိုးကွယ်ရာ ဘာသာ အလိုက် တူညီတဲ့အကြောင်းအရာအချက်တွေမှာလည်း တည်ငြိမ်အေးချမ်း၊ ငြိမ်းချမ်းရေးပေါ့၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကိုပဲ ဦးတည်ပြီး သွားကြတာတွေ့တယ်၊ သို့သော် ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားဟောတဲ့ တရားထဲမှာတော့ ထူးခြားတာတစ်ခုရှိတယ်၊ အဲဒါကတော့ ဓမ္မနဲ့ပတ်သက်ပြီး ပြောပြတာရှိပါတယ်၊ ဓမ္မ၊ ဓမ္မဆိုတာကတော့ သီလ၊ သမာဓိ၊ ပညာလို့ ကျွန်တော်တို့ပြောတာပေါ့၊ တခြားဘာသာတွေမှာ ကျွန်တော်တို့ မတွေ့ဘူး၊ သို့သော် မြတ်စွာဘုရားဟောတဲ့အထဲမှာ ဓမ္မဆိုတဲ့ တရားလေးတစ်ခုရှိတယ်၊ တစ်အချက်ကတော့ သီလဆိုတာတော့ ကိုယ်/နှုတ်ပေါ့၊ ကိုယ်နဲ့နှုတ်နဲ့၊ နှုတ်ကနေ ကြမ်းတမ်းတဲ့ စကားပြောတာတို့၊ အမူအရာအားဖြင့် လုပ်တာတွေကို ကျွန်တော်တို့မလုပ်ဖို့ မြတ်စွာဘုရားကနေပြီးတော့ သီလနဲ့နေကြဖို့ဆိုတာ ကျွန်တော်တို့ပြောတာပါ၊ သမာဓိ - သမာဓိဆိုတာစိတ်နဲ့ပတ်သက်တာ၊ ကောင်းတဲ့စိတ်ကိုမွေးတာ၊ မကောင်းတဲ့အကြံအစည် ဘာမှမလုပ်နဲ့၊ ကောင်းတဲ့အကြံအစည်ပဲလုပ်ပြီး စိတ်ကိုဖြူစင်တဲ့စိတ်ကိုထားပေါ့၊ သီလ၊ သမာဓိရယ် မြတ်စွာဘုရားကဟောခဲ့တာပေါ့၊ ပညာနဲ့ပတ်သက်လို့ ပညာဆိုတာကတော့ နက်ရှိုင်းစွာသိအောင် ဆောင်ရွက်ခြင်းပါပဲ၊ နက်ရှိုင်းစွာသိတဲ့သူတွေက ပညာရှင်တွေဖြစ်ကြတယ်၊ ပညာတတ်တယ်ဆိုတာ ပညာတတ်တဲ့အတိမ်အနက်အပေါ် မူတည်ပြီးတော့ သူသည် ပညာရှင်အဆင့်ထိ ဖြစ်လာကြတာ ဒါ့ကြောင့် ဒီသုံးချက်ကတော့ ဗုဒ္ဓဘာသာ - ဗုဒ္ဓမြတ်စွာဘုရားရဲ့ ထူးခြားတဲ့တရားတော်ထဲမှာ ပါတာပေါ့၊ ဒါကြောင့် ဒီအဆုံးအမတွေကတော့ ကျွန်တော်ထင်တယ်၊ ဘယ်လူမျိုးမဆိုပေါ့၊ လိုက်နာသင့်တဲ့တရားလို့ ကျွန်တော်တော့ ယူဆပါတယ်၊ ဒါကြောင့် ဒီထူးခြားတာလေးကတော့ ဗုဒ္ဓဘာသာအပိုင်းက ကျွန်တော်တို့အနေနဲ့ကတော့ တန်ဖိုးအင်မတန်ထားပါတယ်၊ ဗုဒ္ဓဟောတဲ့အထဲမှာ အမြင့်ဆုံးလို့ ကျွန်တော်တို့ ယူဆပါတယ်။

မေး ။ ။ အခုလိုမျိုး ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ရှင်းပြပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်တော်မသိသေးတဲ့အကြောင်းအရာတွေ သိရှိသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ကျွန်တော်တို့အင်တာဗျူးအစီအစဉ်ရဲ့ အမည်ကတော့ Formula of Power ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်ကနေ နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အဓိကကျတဲ့သံဃာတွေ ဘုန်းကြီးတွေနဲ့ပတ်သက်ပြီး အင်တာဗျူးတွေ အများကြီးလုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ အင်တာဗျူးပေါင်းကလည်း ၄၀၀ ကျော်ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့အစဉ်အလာအရ မေးခွန်းအနေနဲ့ မေးချင်တာကတော့ အဆွေတော်ဝန်ကြီးချုပ် Power ကို ဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့် ပါသလဲ။ Power နဲ့ပတ်သက်ပြီး အဆွေတော်ဝန်ကြီးချုပ်ရဲ့အမြင် သိချင်ပါတယ်။

ဖြေ ။ ။ Power ဆိုတာက အင်အားတစ်ခုကို တည်ဆောက်တာ၊ အင်အားတစ်ခုရှိအောင် လုပ်တာပေါ့၊ ဟိုးရှေးခေတ်ကတည်းက ကြည့်လို့ရှိရင်လည်း အင်အားနည်းတဲ့သူတွေက တစ်ဖက် လူကို လာလွှမ်းမိုးနိုင်အောင် အင်အားတည်ဆောက်ရင်း တည်ဆောက်ရင်းနဲ့ တစ်ဦးချင်းကနေ အုပ်စုလိုက်တွေ၊ အုပ်စုလိုက်ကနေပြီးတော့ နိုင်ငံအလိုက်တွေ၊ ဒေသလိုက်တွေ ဒီလိုဖြစ်လာခဲ့တာတွေရှိတယ်။ ဒါကတော့ အင်အားတည်ဆောက်ခြင်းရဲ့အပိုင်းပဲ၊ အင်အားမှာလည်း ကျွန်တော့် အမြင်လေးတစ်ခုရှိတယ်။ အဲဒါအင်အားဆိုတာမှာ ဘယ်ဟာကိုအင်အားလို့ ကျွန်တော်တို့ပြောတာလဲ။ နိုင်ငံရေးအင်အားလား၊ စီးပွားရေးအင်အားလား၊ ဒါမှမဟုတ်လို့ရှိရင် သူ့ရဲ့ ကာကွယ်ရေးအင်အားလား စွမ်းအားတွေပေါ့၊ အင်အား-စွမ်းအားအတူတူပါပဲ။ နိုင်ငံရေးအင်အားဆိုတာကတော့ အတွင်းထဲမှာရှိတဲ့အားတွေကို ကျွန်တော်တို့ ဆိုလိုတာပေါ့၊ နိုင်ငံအားကောင်းရင် အဲဒီတိုင်းပြည်ကတော့ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်အင်အားခိုင်မာမှုရှိတယ်ဆိုတာ ဖော်ပြတယ်၊ နိုင်ငံရေးအား၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နိုင်ငံရေးသဘောထားတွေ တူညီမှုရှိမှာမဟုတ်တဲ့အတွက်ကြောင့် အပြည့်အဝတော့ရမှာမဟုတ်ဘူး၊ သို့သော် ပြည်တွင်းမှာဆိုနိုင်ငံရဲ့အင်အားက တူညီတဲ့သဘောထားရှိတဲ့အတွက် နိုင်ငံရေးအင်အားတောင့်တင်းမှုတွေရှိတယ်။ နောက်တစ်ခုကတော့ စီးပွားရေး၊ စီးပွားရေးအားကောင်းတယ်ဆိုရင် သူကတော့ ချမ်းသာတယ်လို့ ပြောကြတယ်။ ချမ်းသာလို့ရှိရင်တော့ သူ့ရဲ့ တစ်ဦးချင်းမှာလည်း ချမ်းသာတယ်လို့ဆိုရင် သူ့ရဲ့ Power ကို ရအောင် သူအသုံးချနိုင်တယ်၊ ငွေကြေးအသုံးချနိုင်တာရှိတယ်။ ဒေသတွင်းဆို ဒေသတွင်းအလျောက်၊ နိုင်ငံဆို နိုင်ငံအလျောက်ပေါ့၊ နိုင်ငံ တစ်နိုင်ငံကလည်း ငွေကြေးချမ်းသာတယ်ဆိုလို့ရှိရင် သူ့ရဲ့အင်အားကို အသုံးချနိုင်တာ ကျွန်တော်တွေ့တယ်၊ ဒီလိုပဲ ကာကွယ်ရေးအင်အားဆိုလို့ရှိရင် စစ်ရေးအင်အားတောင့်တင်းလို့ရှိရင် ဥပမာအားဖြင့် အဖွဲ့အစည်းတစ်ခုက လက်နက်၊ ခဲယမ်းမီးကျောက် အင်အားတောင့်တင်းတယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေက သူ့ကိုမထိရဲဘူး၊ မလုပ်ရဲဘူး ဒါကသဘာဝပဲ၊ အဲဒီတော့ နိုင်ငံတစ်ခုကလည်း ကာကွယ်ရေးအင်အား၊ စွမ်းအားတောင့်နေလို့ရှိရင် ဒေသတွင်းမှာတော့ သူသည် အာဏာရှိတယ်။ ကမ္ဘာမှာကြည့်လိုက်ပါ၊ ကမ္ဘာမှာကြည့်လို့ရှိရင် ငွေကြေးချမ်းသာတဲ့ တိုင်းပြည်တွေဟာလည်း ငွေကြေးအင်အားနည်းပါးတဲ့ တိုင်းပြည်တွေကို ဩဇာလွှမ်းမိုးမှုရှိတယ်။ ဒီလိုပဲ စစ်ရေးအင်အားတောင့်တင်းတဲ့ တိုင်းပြည်တွေကလည်း စစ်ရေးအင်အားနဲ့ တခြားနိုင်ငံတွေကို ဖိအားပေးနိုင်တယ်။ ဒါကြောင့် ဒါဒီသုံးခုကတော့ ကျွန်တော်တို့အနေနဲ့ ဒီအား ၃ ခုကို အားနဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်ခု အင်အားရှိချင်ရင် လူတစ်ယောက် အားရှိပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အားရှိအောင်လုပ်ဖို့၊ ကိုယ့်အားကဘာလဲ၊ ကိုယ့်အားကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုတည်ဆောက်မလဲ ဒီလိုသွားရမှာဖြစ်တယ်။

(ရုရှား) ။ ။ ကျေးဇူးအများကြီးတင်ပါတယ်၊ အခုလိုမျိုး ဆွေးနွေးပေးတဲ့အတွက်၊ အခုလိုမျိုး ဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

(ဝန်ကြီးချုပ်) ။ ။ ကောင်းပါပြီ ကောင်းပါပြီ။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန