အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိသည်။
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံနှင့်သဟဇာတဖြစ်နိုင်မည့် ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဗိုလ်မှူးကြီး ဝဏ္ဏအောင်
အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ
ဒီနေ့ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲက လေ့လာရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ရှင်းလင်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပါ အချို့ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးနဲ့ ရွေးကောက်ပွဲနဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် ပြင်ပလမ်းကြောင်းက ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။
တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြမှာဖြစ်ပါတယ်။ အခုလိုဆွေးနွေးပွဲတွေက ရရှိလာမယ့် သဘောတူညီချက်တွေကို လွှတ်တော်အတွင်းမှာ ပြန်လည်ဆွေးနွေးကြရင် လွယ်ကူမြန်ဆန်စွာ သဘောတူညီနိုင်ကြမှာ ဖြစ်ပါတယ်။
ညှိနှိုင်းရေးကော်မတီအနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်ဆောင်ရွက်ပြီး ဘုံသဘောတူညီချက်တွေရရှိအောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာအောင်မြတ်ဦး
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အခုလို နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ NSPC က ဆောင်ရွက် ပေးတဲ့ဆွေးနွေးပွဲတွေ၊ အခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာတွေကို သွားရောက်လေ့လာရတာတွေက ကျွန်တော်တို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ မသိတာတွေများများသိလာ ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့အတွေးတွေ ပိုပြီးမြင့်လာဖို့လိုပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေ အများကြီးရပါတယ်။ ဒါကြောင့် ဒီလိုတွေ့ဆုံဆွေးနွေးပွဲတွေကို ကြိုဆိုပါတယ်။ တည်ငြိမ်အေးချမ်းမှုက ရပ်ကွက်တစ်ခုပဲဖြစ်ဖြစ်၊ ဒေသတစ်ခုပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲဖြစ်ဖြစ်မဖြစ်မနေ လိုအပ်ပါတယ်။ တည်ငြိမ်မှုမရှိရင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအကုန်ခက်ခဲပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိရင် ဖွံ့ဖြိုးတိုးတက်ရေးကလည်း လုပ်ဆောင်လို့မရပါဘူး။ ဒါကြောင့် အဘက်ဘက်က ဝိုင်းဝန်းစဉ်းစားကြပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပါတယ်။
ဦးကိုကိုကြီး
ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးခေါင်းစဉ်နဲ့ ရွေးကောက်ပွဲနဲ့ လုံခြုံရေးအစီအမံများဆိုတဲ့ ခေါင်းစဉ်တွေကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက ဝိုင်းဝန်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့အခြေအနေအရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေကနေ ရလဒ်ကောင်းတွေရဖို့ အရေးကြီးပါတယ်။ ပြည်သူတွေကြားထဲမှာရော အခုပဋိပက္ခမှာ ပါဝင်နေတဲ့သူတွေကြားထဲမှာပါ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှုတွေကနေ ရလဒ်ကောင်းတွေ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒါကို လမ်းစပွင့်သွားဖို့ ရည်ရွယ်ပါတယ်။
အိန္ဒိယက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဖိတ်ကြားတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကနိုင်ငံမှာ အမြင့်ဆုံးဥပဒေပါ။ အစိုးရတစ်ရပ်က ဘယ်လိုအုပ်ချုပ်ရမယ်။ အခွင့်အာဏာ ဘယ်လောက်ရှိတယ်ဆိုတာ ဖွဲ့စည်းပုံက သတ်မှတ်ပေးထားတယ်။ ဖွဲ့စည်းပုံဘောင်ထဲကနေ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဆွေးနွေးညှိနှိုင်းတာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းတွေနဲ့ ဆောင်ရွက်တာတွေကို အိန္ဒိယနိုင်ငံရဲ့ အတွေ့အကြုံတွေကို မျှဝေတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက မတူကွဲပြားမှုတွေများတဲ့နိုင်ငံမှာ နိုင်ငံရေးနည်းလမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနည်းလမ်းနဲ့ ဖြေရှင်းတဲ့ အတွေ့အကြုံကို လေ့လာခွင့်ရခဲ့ပါတယ်။ ဖက်ဒရယ်စနစ်ဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ဖက်ဒရယ်ပုံစံက ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးအထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ၊ ရခိုင့်ဦးဆောင်ပါတီ
ဒီနေ့တွေ့ဆုံပွဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ခေါင်းစဉ်အောက်မှာ ဘယ်လိုပြည်ထောင်စုမျိုး ကို တည်ဆောက်မှာလဲဆိုတဲ့အချက်နဲ့ ရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်တဲ့ အပိုင်းကိုဆွေးနွေးသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်း၊ တရုတ်နိုင်ငံရဲ့နမူနာတွေကိုလည်း ကြည့်ဖို့လိုပါတယ်။ တွေ့ဆုံပွဲရဲ့ ရလဒ်ကတော့ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် အောင်ဘယ်လို ပုံဖော်မှာလဲဆိုတဲ့ရည်မှန်းချက်နဲ့ ဆိုင်ပါတယ်။
ဦးထက်အောင်ကျော်
ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ဒီနေ့တွေ့ဆုံပွဲမှာ အိန္ဒိယခရီးစဉ်မှာ လေ့လာခဲ့ရတဲ့ အိန္ဒိယနိုင်ငံရဲ့ဒေသန္တရ အုပ်ချုပ်ရေးစနစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ကို ဘယ်လိုထူထောင်မလဲဆိုတဲ့အချက်၊ ရွေးကောက်ပွဲနဲ့ လုံခြုံရေးအစီအမံစတဲ့ ခေါင်းစဉ်သုံးခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီဖြစ်တဲ့အတွက် မဲဆန္ဒနယ်ကျင်းပမယ့်အပေါ်မူတည်ပြီး ရာနှုန်းပြည့်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားထားပါတယ်။
ဦးခေါတိန့်
အတွင်းရေးမှူး၊ ဒီမိုကရေစီပါတီသစ်(ကချင်)
ရွေးကောက်ပွဲမှာ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ငန်းစဉ်ပါဝင်ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ရွေးကောက်ပွဲကျင်းပပေးပြီး တက်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်သွားဖို့ ရွေးကောက်ပွဲကမဖြစ်မနေ ကျင်းပရမယ်။ အခု နိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတယ်။ ပြည်သူလူထုအားလုံးကလည်း ဒီဒုက္ခတွေကို ခါးသီးစွာခံနေရတယ်။ ပြည်သူတွေရဲ့ဆန္ဒက ငြိမ်းချမ်းချင်တယ်။ ပြည်သူအားလုံးက ရွေးကောက်ပွဲကျင်းပဖို့ ဆန္ဒရှိကြတယ်။ လက်ရှိအခြေအနေက နယ်မြေလုံခြုံ တည်ငြိမ်ရေးအတွက် အခက်အခဲတွေရှိတယ်။ တစ်ဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အချို့တွေဆိုရင် ရွေးကောက်ပွဲလုံးဝ မကျင်းပရဘူးလို့ ပြောဆိုနေကြတာတွေရှိတယ်။ နိုင်ငံရေးအရ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ပျောက်ကွယ်သွားမယ့်အနေအထားရှိပါတယ်။ အဓိကက ပြည်သူ လူထုဆန္ဒမဲပေးနိုင်ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒေါ်စောယုမာ
ဥက္ကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ
ဒီနေ့တွေ့ဆုံပွဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ အိန္ဒိယခရီးစဉ်ပါဝင်ခဲ့တဲ့ ပါတီတွေက လေ့လာမှတ်သားခဲ့ရတာတွေကို မျှဝေပေးတာဖြစ်ပါတယ်။ မသိသေးတဲ့သူတွေ လည်း သိရတယ်။ သိပြီးသားလည်း ထပ်မံ သိရတဲ့အတွက် ဗဟုသုတတွေရရှိပါတယ်။ ဖက်ဒရယ်ကို တည်ဆောက်မယ်ဆိုရင် ဖက်ဒရယ်နိုင်ငံတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဖြစ်ဖို့လိုပါတယ်။ နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါ ငြိမ်းချမ်းဖို့က အဓိကအရေးကြီးပါတယ်။ ငြိမ်းချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ပါတီက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးကို အဓိကထားပြီး လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ပါတီရဲ့ရည်ရွယ်ချက်ကတော့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီး ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ အားလုံး ငြိမ်းချမ်းဖို့ အရေးကြီးပါတယ်။ ငြိမ်းချမ်းမှသာ အရာအားလုံးကိုလုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုအားလုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။