ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ( ၆ ) လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၁-၈-၂၀၂၁)

       တိုင်းရင်းသားပြည်သူအားလုံးရဲ့ စုပေါင်းညီညွတ်မှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်ရမယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး အောင်မြင်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ်က စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ဆိုတာကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အသိပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်ကတည်းက ပြည်သူတွေလိုလားခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို တပ်မတော်အစိုးရအနေနဲ့ အခြေခံကစပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြည်သူကရွေးချယ်ခဲ့တာဖြစ်ပါတယ်ဗျာ။ ဆိုတော့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာ မှာလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲက အဲဒီစနစ်ရဲ့ “အသက်” ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လို ဒီမိုကရေစီပြန်လည် တည်ဆောက်စနိုင်ငံမှာဆို ပိုပြီးအရေးကြီးပါလိမ့်မယ်။  ပြီးရင် ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲစနစ်တွေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကသာ ကျွန်တော်တို့ပြည်သူလူထုရဲ့ရည်မှန်းချက်ကို အောင်မြင်စေမှာ ဖြစ်ပါတယ်။

       နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်စတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်နဲ့တည်ဆောက်ရပါတယ်။ ဒီမဏ္ဍိုင်ကြီး ၃ ရပ်ဟာလည်း တစ်ခုနဲ့တစ်ခု ထိန်းညှိကြပ်မတ်ခြင်း (Check and Balance) ဆိုတဲ့အလုပ်ကို ပီပြင်စွာ ဆောင်ရွက်နိုင်မှ ပြည်သူလူထုပိုင်တဲ့ ဒီမိုကရေစီ (of the people)၊ ပြည်သူလူထုအတွက် ဒီမိုကရေစီ (for the people) ၊ ပြည်သူလူထုကရွေးချယ်တဲ့ ဒီမိုကရေစီ (by the people) ဆိုတာဖြစ်လာမှာ ဖြစ်ပါတယ်။

      ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် ဆောင်ရွက် ပေးကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံပါ တယ်။