ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံကို အလည်အပတ်ခရီးလာရောက်တဲ့အတွက် ကြိုဆိုပါတယ်။ နှစ်နိုင်ငံအကြားမှာ စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးလည်းရှိပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုကို အဓိကထားဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကစပြီး ဆိုဗီယက်ပြည်ထောင်စုကနိုင်ငံများအနက် ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့ပါတယ်။ နောင်ဆိုဗီယက်ပြည်ထောင်စုက မြန်မာနိုင်ငံကို အကူအညီတွေပေးခဲ့ပါတယ်။ ပြီးတော့ ပညာရှင်များကိုလည်း ကူညီပေးခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ကျန်းမာရေးနယ်ပယ်၌ အရေးကြီးတဲ့စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ရုရှားနိုင်ငံက မြန်မာနိုင်ငံကို အားပေးကူညီလျက်ရှိပြီး မြန်မာစက်မှုစီးပွားရေး အခန်းကဏ္ဍမှာလည်း အကူအညီပေးပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းရေးအခြေအနေကိစ္စရပ်များ ကောင်းမွန်စေဖို့အတွက်ကိုလည်း ထောက်ခံအားပေးနေပြီးတော့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ပြောင်းလဲအတည်ပြုခဲ့ပါတယ်။ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမှာ ကျွန်တော်တို့ ဆတက်ထမ်းပိုးဖွံ့ဖြိုးတိုးတက်စေဖို့ပါရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ၄၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ပြီး ယခင်က သန်း ၂၀၀၀ ခန့် ရှိပါတယ်။ ကျွန်တော်တို့ အပြန်အလှန်ကုန်သွယ်ရေးကို တိုးတက်စေဖို့ အဆင်သင့်ရှိပါတယ်။ ချေးငွေနဲ့ဘဏ္ဍာရေးနယ်ပယ်မှာလည်း ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ကျွန်တော်တို့ နှစ်နိုင်ငံရဲ့အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ကလည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်နေပါတယ်။ မကြာခင်က ကုန်သွယ်ရေးကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့ပါတယ်။ စွမ်းအင်အခန်းကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ အခြားနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ မိမိတို့အနေနဲ့ အသင့်ရှိပါတယ်။ အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ တိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစား အဏုမြူဓာတ်အားပေးစက်ရုံဆောက်လုပ်ရေးအတွက် သဘောတူညီခဲ့ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးအတွက် လိုအပ်တဲ့လျှပ်စစ်ဓာတ်အား ပေါပေါများများပေးနိုင်ပါမယ်။ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်အချို့ရှိခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ စက်မှုနှင့် အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ကျွန်တော်တို့ ပူးတွဲစီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ရုရှားနိုင်ငံအကူအညီနဲ့ မြန်မာနိုင်ငံမှာ ဂြိုဟ်တုကရရှိထားတဲ့အချက်အလက်များ လေ့လာရေးစင်တာကိုဖွဲ့စည်းထားပါတယ်။ အဆွေတော်ဝန်ကြီးချုပ်အနေနဲ့လည်း ရုရှားနိုင်ငံ ဒုံးပျံနှင့်အာကာသဗဟိုဌာနကို လေ့လာခဲ့ပါတယ်။ ရုရှားနိုင်ငံက အာကာသနယ်ပယ်မှာ အောင်မြင်မှုနဲ့ပတ်သက်ပြီး ဗဟုသုတများစွာ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနယ်ပယ်နဲ့ လူသားချင်းစာနာမှုနယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ပါမယ်။ မြန်မာနိုင်ငံမှာ ရုရှားယဉ်ကျေးမှုဗဟိုဌာနကို ဖွင့်ဖို့ရှိပြီးတော့ ရန်ကုန်မြို့မှာ ပထမဆုံး အော်သိုဒေါ့ခရစ်ယာန် ရုရှားဘုရားရှိခိုးကျောင်းတည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ ရုရှားနိုင်ငံမှာလည်း မြန်မာနိုင်ငံယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဗဟိုဌာနနှစ်ခုရှိပါတယ်။
မြန်မာနိုင်ငံသူ/နိုင်ငံသားများ ရုရှားဘာသာစကားကိုသင်ယူဖို့အတွက် မြန်မာနိုင်ငံမှ ခေါင်းဆောင်များက အကူအညီပေးတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ ရုရှားဘာသာစကားကို မြန်မာနိုင်ငံမှာ နာမည်ကြီးတက္ကသိုလ်နှစ်ခုဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်မှာလည်း ရုရှားဘာသာစကားကို သင်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရုရှားဘာသာစကားကို ယခုထက်ပိုမိုသင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်။ အခုရုရှားတက္ကသိုလ်မှာ မြန်မာနိုင်ငံမှ သင်တန်းသားသင်တန်းသူဦးရေ ၃၀၀ ခန့် တက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်။ ရုရှားနိုင်ငံ တက္ကသိုလ်အသီးသီးကနေ ပညာရပ်များသင်ယူတတ်မြောက်ခဲ့တဲ့ မြန်မာနိုင်ငံမှ သင်တန်းသားသင်တန်းသူ စုစုပေါင်းဆိုပါက ဦးရေ တစ်သောင်းခန့်ရှိခဲ့ပြီဖြစ်ပါတယ်။ မေလ ၉ ရက်နေ့မှာ (၈၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မော်စကိုမှာကျင်းပမှာဖြစ်ပြီးတော့ အဆွေတော်ဝန်ကြီးချုပ်ကို အခမ်းအနားကို ပါဝင်တက်ရောက်နိုင်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ မြန်မာနိုင်ငံက ကိုယ်စားပြုတပ်ဖွဲ့ကိုလည်း ရင်ပြင်နီချီတက်ပွဲမှာ ပါဝင်ချီတက်စေလိုပါတယ်။ နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးလိုပြီးတော့ နိုင်ငံတကာပြဿနာအများစုနဲ့ပတ်သက်ပြီး ရုရှား-မြန်မာ ရပ်တည်ချက်တွေက ကိုက်ညီပါတယ်။ တူညီပါတယ်။ နိုင်ငံတကာမျက်နှာစာမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေရှိပြီးတော့ အရှေ့ပစိဖိတ်ဒေသများ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ရုရှားနဲ့မြန်မာနိုင်ငံတို့ လုံခြုံရေးနယ်ပယ်မှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်များကို အတူတူပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆွေတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့ပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးပွဲများ၊ ဆွေးနွေးမှုများ အောင်မြင်မှုရရှိခဲ့ပါတယ်။ ရရှိထားတဲ့ရလဒ်တွေကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အသီးသီးမှာ ဆတက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ မိမိရဲ့ဆွေးနွေးချက်များကို စိတ်ရှည်လက်ရှည် နားထောင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
လေးစားအပ်ပါတဲ့ အဆွေတော် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ နိုင်ငံသမ္မတကြီး မစ္စတာဗလာဒီမာပူတင်နှင့် တက်ရောက်လာကြတဲ့ နှစ်ဖက်ကဧည့်သည်တော်များခင်ဗျာ။ ကျွန်တော်က သမ္မတကြီးမစ္စတာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကိုချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့အရေးပါပြီးယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုတွေနဲ့ အခြေခံတည်ဆောက်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ကျွန်တော်တို့အနေနဲ့ တန်ဖိုးထားပါကြောင်း အလေးအနက်ထားပြောကြားလိုပါတယ်။ ၁၉၄၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သံတမန်ဆက်ဆံရေးဟာ နှစ်ပေါင်း (၇၇) နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုဟာလည်း ပိုမိုနက်ရှိုင်းလာပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း ပိုမိုအောင်မြင်တိုးတက်လာတာကိုလည်း ဝမ်းမြောက်ဖွယ်ရာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ချစ်ကြည်ရေးခရီးစဉ်မှာ အဆွေတော်သမ္မတကြီး မစ္စတာပူတင်နဲ့ နှစ်နိုင်ငံရဲ့ နိုင်ငံတကာအခြေအနေအရပ်ရပ်ကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပါတယ်။ အလားတူ ရုရှားနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mr. Mikhail Vladimirovich Mishustim နဲ့ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့လည်း တွေ့ဆုံပြီးတော့မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယနေ့တွေ့ဆုံပွဲမှာလည်း ကျွန်တော်တို့နှစ်ဦးဟာ နှစ်ဖက်သဘောတူညီ ချက်များစွာကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ပါတယ်။ အထူးသဖြင့် သမ္မတကြီးအနေဖြင့်လည်း အသေးစိတ်အားဖြင့် ရှင်းပြပြီးဖြစ်ပါတယ်။ နှစ်ဖက်ယုံကြည်စိတ်ချစွာ ဆွေးနွေးမှုများကြောင့် သဘောတူညီချက် (၁၀) ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ခရီးစဉ်အတွင်းမှာ စိန့်ပီတာစဘတ်မြို့နဲ့ နိုဗာစီဘစ်ရ်စ်ခ်မြို့တို့မှာ မြန်မာကောင်စစ်ဝန်ရုံးများကိုလည်း တရားဝင်ဖွင့်လှစ်သွားမှာဖြစ်တာကြောင့် နှစ်ဖက်အကြား ဆွေးနွေးဖလှယ်မှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ ယခုခရီးစဉ်ကနေတစ်ဆင့် ကျွန်တော်တို့နှစ်နိုင်ငံအကြားမှာ ချစ်ကြည်ရင်းနှီးမှုဟာ ပိုမိုနက်ရှိုင်းစေပြီးတော့မှ နှစ်ဖက်အကြားမှာ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ လျှပ်စစ်စွမ်းအား၊ စက်မှုနဲ့ စွမ်းအင်ကဏ္ဍတို့အပါအဝင် အကျိုးတူကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေလည်း မကြာခင်ကာလအတွင်းမှာ ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူလူထုကနေပြီးတော့မှ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးရည်မှန်းချက်များပြည့်မီဖို့ ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာနိုင်ငံအပေါ်မှာ စဉ်ဆက်မပြတ်ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ကျွန်တော်ပြောကြားလိုပါတယ်။ နောင်အနာဂတ်မှာလည်း ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ အပြည်ပြည်ဆိုင်ရာမျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားလိုပါတယ်။
အဆွေတော်သမ္မတကြီးခင်ဗျာ – မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်မြင့်မားစေဖို့အတွက် ကျွန်တော့်အနေနဲ့ အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်လောင်းဆန္ဒပြုပါတယ်။ ကျွန်တော်တို့ချစ်ကြည်ရေးခရီးစဉ်ကို အစစအရာရာ ပြည့်စုံအောင်ဆောင်ရွက်ပေးမှုများ၊ နွေးထွေးစွာကြိုဆိုမှုများအတွက်ကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းနဲ့ အဆွေတော်သမ္မတကြီးကို အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်နိုင်ဖို့အတွက်ကိုလည်း ဖိတ်ကြားအပ်ပါတယ်။
မှီငြမ်း။ moi.gov.mm