မွန်ပြည်နယ်၊ ကျိုက်တိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၊ ကင်မွန်ချောင်း တောင်တက်ကားဂိတ်ရှိ ဘုရားဖူးပြည်သူလူထုအား အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ သဘောထားထုတ်ပြန်ချက်
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၁၀:၄၅ နာရီခန့်တွင် KNU/KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထို မြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီး လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်စွာ ပစ်ခတ်ခဲ့သည့်အတွက် ဘုရားဖူးပြည်သူအမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
၂။ KNU/KNLA အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ရာ လက်ရှိကာလတွင် တပ်မတော်နှင့် သဘောထားချင်းမတိုက်ဆိုင်သည့်တိုင်အောင် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိရာ ယခုကဲ့သို့ သီတင်းကျွတ်ကာလ ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများ မော်တော်ယာဉ်စီးရန် စောင့်ဆိုင်းနေသည့် ကင်မွန်းချောင်း တောင်တက်ကားဂိတ်သို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်ခဲ့ခြင်းအား အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
၃။ NCAသဘောတူစာချူပ် အခန်း(၃)ပါ အရပ်သားများကို အကာအကွယ်ပေးခြင်းကဏ္ဍတွင် လည်း ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးတို့ကို လိုအပ်သလို ပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ သတ်ဖြတ်ခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူလူထု၏ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ ဆိုသည့်လိုက်နာရမည့်အချက်များကိုလည်း ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး လက်နက်မဲ့ ပြည်သူများကို ရက်စက်စွာ အကြမ်းဖက်ပြစ်မှုကျူးလွန်ခဲ့သူများကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူရမည် ဖြစ်သည်။
၄။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်ရှိ ဘုရားဖူးပြည်သူ များအား အကြမ်းဖက်သမားများက အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့လာရောက်ခဲ့သည့် နေရာဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာသည် KNU/KNLA တပ်မဟာ(၁)က လွှမ်းမိုးသည့် နေရာဖြစ်သည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက် PDF များကို စစ်သင်တန်း ပေးခြင်း၊ အကြမ်းဖက်သင်တန်းပေးခြင်းပြုလုပ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ပံ့ပိုးပေး နေသည့် KNU/KNLA အဖွဲ့၌ အဓိကတာဝန်ရှိသည်။ ဘုရားဖူးပြည်သူများ၊ ဒေသခံပြည်သူများ၏ ပြောကြားချက်နှင့် သက်သေခံချက်များအရလည်း ၎င်းတို့၌ အဓိကတာဝန်ရှိကြောင်းပေါ်လွင်သည်။
၅။ သို့ဖြစ်ပါ၍ အပြစ်မဲ့ဘုရားဖူးပြည်သူများအား ရက်စက်စွာအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူအမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိအောင် ပြုမူလုပ်ဆောင် ခဲ့သည့် NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် KNU/KNLA တပ်မဟာ(၁)မှ တပ်ဖွဲ့ဝင်များအား KNU/KNLA အဖွဲ့အနေဖြင့် အမြန်ဆုံးစုံစမ်းစစ်ဆေး ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုများကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ