နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး (၁၃-၂-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ၁၃-၂-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ၌ ဇန်နဝါရီပထမပတ်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီးနောက် နိုင်ငံရေးပါတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဦးစွာပြင်ဆင်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့်ဥပဒေပြင်ဆင်မှုများအား ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း ပါတီများအနေဖြင့်လည်း ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုရှိရမည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း။

ပါတီဝင်များ၏ဝန်းရံမှုများ ခိုင်မာရန်လို

ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးကို ကိုယ်စားပြုသည့်ပါတီ၊ ဒေသကိုကိုယ်စားပြုသည့်ပါတီ၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံကိုယ်စားပြုသည့်ပါတီဟူ၍ရှိကြောင်း၊ ပါတီများသည် ခိုင်ခိုင်မာမာဖြစ်ရန်လိုပြီးပါတီတွင်း ဒီမိုကရေစီတည်ဆောက်ရန်လည်းလိုကြောင်း၊ ပါတီကို ဦးဆောင်သူမရှိသဖြင့် ပါတီယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီဖျက်သိမ်းရခြင်းများ မဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလိုကြောင်း၊ ထို့ကြောင့်ခိုင်မာသည့် ပါတီတည်ဆောက်မှုဖြစ်ရန်လိုပြီး ပါတီဝင်များ၏ဝန်းရံမှုများ ခိုင်မာရန်လိုကြောင်း၊ မိမိတို့ပါတီအလိုက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် စည်းလုံးညီညွတ်မှု လက္ခဏာသည်လည်း ခံ့ခံ့ညားညားရှိရန် လိုကြောင်း။

ပါတီများဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဥပဒေအရလုပ်နိုင်ကိုင်နိုင်သည့်အခြေအနေတွင် ရှိစေရေးလိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ပေးပြီးဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေးအရ၊ လုံခြုံရေးအရ လုပ်နိုင်ကိုင်နိုင်သည့် အနေအထားတွင်ရှိရန်လည်း လိုမည်ဖြစ်ကြောင်း၊ အချို့သောမြို့နယ်များ၌ လုံခြုံရေးအရပါတီလှုပ်ရှားမှုများဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့လုပ်နိုင်သည့်အခြေအနေတွင်ရှိသည့် ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန်လိုကြောင်း၊ ပါတီဖွဲ့စည်းထားသည့် မြို့နယ်များ၊ ဖွဲ့စည်းရန်ရည်ရွယ်ထားသည့်မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိကအရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့်ပါတီအရေးကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံ့အရေးကိုလည်း စဉ်းစားဆောင်ရွက်သည့် အလေ့အကျင့်ကို ဖော်ဆောင်ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိနိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက ပါဝင်ဆောင်ရွက်ရန် အချက်သုံးခုရှိကြောင်း။

စီးပွားရေးတိုးတက်အောင် ကြိုးပမ်း

နိုင်ငံ၏ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးဖြစ်သည့်အတွက် ပါတီများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၆ သန်းအနက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သစ်တောကဏ္ဍ ဆောင်ရွက်သူ ၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ လက်မှုပညာနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်သူ ၁၄ ဒသမ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်သူ ၁၀ ဒသမ ၄ ရာခိုင်နှုန်း၊ အခြေခံအလုပ်သမား ဆောင်ရွက်သူ ၁၁ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းသည် ယင်းကဏ္ဍကြီး ၄ ရပ်ကို သာ အခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကဏ္ဍကြီး ၄ ရပ် တိုးတက်စေရေး၊ ပိုမိုအားကောင်းလာစေရေး ပါတီများအနေဖြင့် ပါတီနိုင်ငံရေးဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းက ပါတီဝင်များဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ့အရေးအဖြစ်ခံယူ၍ ပါတီများအနေဖြင့် ဆောင်ရွက်ကြရန်တိုက်တွန်း ပြောကြားလိုကြောင်း။

ပညာရေးနှင့်ပတ်သက်ပါကလည်း မိမိတို့နိုင်ငံတွင် အားနည်းချက်များစွာ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်နိုင်ငံတော်ကို ပညာတတ်လူသားအရင်းအမြစ်များဖြင့် တည်ဆောက်နိုင်ရေးအတွက်လည်း ပါတီများအလိုက် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လက်ရှိအချိန်၌လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် အချို့သောနယ်မြေများ၌ ကျောင်းနေအရွယ်ကလေးငယ်များစွာ၏ ပညာရေးများစွာထိခိုက်နစ်နာနေရကြောင်း၊ ပညာရေးတွင် အားနည်းချက်များရှိခဲ့ပါက နောင်အနာဂတ်နိုင်ငံတော်အတွက် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပြီး အတွေးအခေါ်၊ အသိအမြင်နှင့် စည်းကမ်းလိုက်နာမှုအပိုင်းတို့၌ ကွာဟမှုများဖြစ်ပေါ် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ကောင်းမွန်သည့်လမ်းကြောင်းပေါ်မှ မြှင့်တင်ပေးနိုင်ရေး၊ လမ်းညွှန်ပေးနိုင်ရေးဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ပါတီများအနေဖြင့်လည်း နိုင်ငံ့အရေး ဆောင်ရွက်ရာတွင် စီးပွားရေးအရ၊ ပညာရေးအရ မြှင့်တင်မှုအခန်းကဏ္ဍ၌ ပါဝင်လာစေရေး တိုက်တွန်းပြောကြားရခြင်းဖြစ်ကြောင်း။

ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်

တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ်ဖြင့် လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။

လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍တွက်ချက် ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လိုကြောင်း၊ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်

ထို့ပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟုမဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင် နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို

တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက်စေရေး အုပ်ချုပ်သူအစိုးရတစ်ခုတည်းမရဘဲ နိုင်ငံရေးပါတီများ၊ တိုင်းသူပြည်သားများအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံကိုကိုယ်စားပြုမည့်သူများကို နိုင်ငံရေးပါတီများမှသာ ရွေးချယ်ရမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများနှင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဒေသနှင့်နိုင်ငံ့အကျိုးအတွက် ဆွေးနွေးကြရန်နှင့် လိုအပ်သည်များကို အကြံပြုကြရန်ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပြောကြား

ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ပါတီရုံးများဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရန် လိုအပ်မှုနှင့်ထောက်ခံမှု၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ပါတီများအနေဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားကဏ္ဍအသီးသီးတွင် ပါဝင်အားဖြည့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုက ပါတီများမှတ်ပုံတင်ခြင်း ဆိုင်ရာများနှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် ပါတီများ၏ တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးက ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေဆိုင်ရာကိစ္စ၊ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာကိစ္စများနှင့် ပါတီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှု ဆိုင်ရာများနှင့်ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြသွားကြကြောင်း၊ နိုင်ငံရေးပါတီများသည် ဥပဒေပြုရေးကဏ္ဍများအတွက် လွှတ်တော်များတွင် ပါဝင်ဆောင်ရွက်ကြကြောင်း၊ ဥပဒေပြုရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ပါတီခေါင်းဆောင်များအနေဖြင့် ဥပဒေကို ပိုမိုနားလည်သိရှိရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆန္ဒမဲပေးရာတွင် ကြိုက်နှစ်သက်သည့်ပါတီကို မဲပေး၍ရသော်လည်း ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း။

ပါတီတွင်းနှင့် ပါတီများစည်းလုံးညီညွတ်ရေးသည်လည်း အရေးကြီးကြောင်း၊ ယခုအတည်ပြုပြီးသော ပါတီများသည် တရားဝင်ခွင့်ပြုထားသည့် နိုင်ငံရေးဦးဆောင်ပါတီများဖြစ်ကြောင်း၊ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန်လိုအပ်ပြီး ထိခိုက်စေမည့်ကိစ္စရပ်များ မပြုလုပ်ရန်လိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေးအားကောင်းအောင် ဆောင်ရွက်

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းအားကိုဖော်ဆောင်ပေးရန်အတွက် နိုင်ငံရေးပါတီများသည်လည်း ပါဝင်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထင်မြင်ချက်များ များစွာပေးကြကြောင်း၊ ယင်းအတွက် ပြည်သူများ အသိပညာအားကောင်းစေရေး ပညာရေးအားကောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိပညာအားကောင်းပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ မွေးထုတ်ပေးနိုင်ရေးအချိန်ပေး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်နေသည်များရှိကြောင်း၊ တိုင်းရင်းသားအားလုံး ပြည်သူများအားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှိရန်လိုကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ဒို့တာဝန်အရေးသုံးပါးကို အလေးထားမည်ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများနှင့် အသိဉာဏ်အား နည်းပါးမှုများကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့်ညီညွတ်ခြင်းအင်အားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေမည့်လုပ်ရပ်များ မလုပ်ဆောင်မိစေရေး သတိထားဆောင်ရွက်ကြစေလိုကြောင်း။

ပါတီများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက်ရာတွင် ဥပဒေနှင့်သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းသည့်စိတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းသည့်ရလဒ်များရရှိမည်ဖြစ်ပြီး မကောင်းသည့်စိတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက မကောင်းသည့်ရလဒ်များ ရရှိမည်ဖြစ်ကြောင်း၊ ဥပဒေပြုမဏ္ဍိုင်တွင် ဆောင်ရွက်ရမည့် ပါတီများအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲကို ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ 

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန