မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၁-၆-၂၀၂၁)

  တပ်မတော်သည် ပြည်သူကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် တတိယအကြိမ်နှစ်ပတ်လည်နေ့ အခမ်းအနား၌ သန့်ရှင်းသည့် ဒီမိုကရေစီ၊ ရိုးသားသည့် ဒီမိုကရေစီစနစ်ကို သွားချင်သည်ဟု ပြောကြားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

     ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရမရိုးမသား ဆောင်ရွက်၍မရကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းချိန်တွင် ရွေးကောက်ပွဲသည် အဓိကအရေးကြီးကြောင်း၊မိမိတို့အနေဖြင့် မဲစာရင်း မှားယွင်းမှုများကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များအား ခေတ္တတာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားသည်။