နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူခဲ့သည့် အချိန်ကစပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်အတွက် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးဦးတည်ချက် နံပါတ်(၁)တွင် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး”ဟု ချမှတ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်း ဖြစ်ပေါ်လာရေးအတွက် တပ်မတော်အနေနှင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်ကို အလေးအနက်ထားပြောကြားလိုကြောင်း၊ ထိုသို့ စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် တပ်မတော်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ မျှော်မှန်းသည့်ပန်းတိုင်ကို အချိန်တို အတွင်း အောင်အောင်မြင်မြင် ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံးငြိမ်းချမ်းမှ မိမိတို့တိုင်းရင်းသားများ မျှော်မှန်းသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံသားတိုင်းတွင် ပြည်ထောင်စုစိတ်ဓာတ်ထားရေး မွေးမြူသွားကြရန် အလွန်အရေးကြီးကြောင်း၊ “ပြည်ထောင်စုစိတ်ဓာတ်” ဆိုသည်မှာ ပြည်ထောင်စုကြီး တစ်ခုလုံးကို မိသားစုတစ်စုတည်း၊ အိမ်ထောင်စုတစ်ခုတည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထား သည့် သဘောထားခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသား အချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီလိုခြင်း၊ အခက်အခဲတွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်းစာနာထောက်ထားခြင်းနှင့် နားလည်သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စု စိတ်ဓာတ်၏ ကောင်းမြတ်သည့် အခြေခံ ကောင်းများဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အထူးအလေးထားမှာကြားလိုကြောင်း။