စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်း လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ပင်ဖြစ်သည်။ထို့ကြောင့် မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းရင်းသားညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိ ပါသည်။
နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုမရှိပါက ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါသည်။ ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကချင်ပြည်နယ်နေ့အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူ အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။