နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၁) တွင်ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၃-၈ -၂၀၂၁)

      မိမိတို့အနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့်သာ နိုင်ငံတော်၏တာဝန်ကိုယူခဲ့ရခြင်း ဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အမျိုးမျိုးပြောကြားနေမှုများရှိပြီး ဒီမိုကရေစီကျင့်စဉ်အရ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ဝေဖန် ပိုင်ခွင့်ရှိသော်လည်း ခိုင်လုံသည့်အကြောင်းအရာနှင့် အကြောင်းပြချက်များ ရှိရမည်ဖြစ်ကြောင်း၊ သို့သော်မျက်စိစုံမှိတ်၍ မိမိပြောချင်ရာပြောနေမည်ဆိုပါက ဒီမိုကရေစီ၏ အနှစ်သာရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

    တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးဟု ပြောသည်များရှိကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းရင်းသားအရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချို့သည် ဒီမိုကရေစီအခွင့်အရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီကိုအခြေခံ၍ ဖြစ်ပေါ်လာ ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရသည် အများဆန္ဒအရ ဆောင်ရွက်ခြင်း ဖြစ်ပြီး သာတူညီ မျှဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အဓိကတိုင်းရင်းသားလူမျိုး ၈ မျိုး၊ တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုးခန့် နေထိုင်ကြခြင်းဖြစ်သဖြင့် အများဆန္ဒကို ကြည့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အခွင့်အရေးကို တောင်းဆိုရာတွင် အဆိုပါဒီမိုကရေစီကျင့်စဉ်အား လိုက်နာရန်လိုကြောင်း၊မိမိအစုအဖွဲ့အတွင်း၊ နယ်မြေအတွင်း ဒီမိုကရေစီကျင့်စဉ်ရှိရန်လိုကြောင်း၊ ဒီမိုကရေစီကျင့်စဉ်အား နိုင်ငံသားတိုင်း၊တိုင်းရင်းသားတိုင်းသိရှိပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် လိုက်နာမှုမရှိဘဲ အချင်းချင်း ပဋိပက္ခဖြစ်မှုများရှိပြီး အကြောင်းမဲ့ သတ်ဖြတ်မှုများရှိကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာရန်လိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့နယ်မြေအတွင်း ဒီမိုကရေစီအလေ့အထများဖြစ်သည့် ဥပဒေလေးစားလိုက်နာခြင်း၊ စည်းကမ်းလေးစားလိုက်နာခြင်းနှင့် လူ၏တန်ဖိုးကို တန်ဖိုးထားခြင်းများလိုက်နာဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနှင့် လျော်ညီသည့် ကျင့်ကြံ၊ ပြောဆို၊ လုပ်ကိုင်မှုများရှိရန်လိုကြောင်း။