မိမိတို့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထား ဆောင်ရွက်လျက်ရှိပြီး ပထမအချက်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်ချက်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယ အချက်အနေနဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန်အတွက် အဓိကပါဝင်သူများဖြစ်သည့် နိုင်ငံရေးပါတီများ စည်းစနစ်တကျရှိစေရေး၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ထိရောက်စွာသယ်ပိုး နိုင်စေရေးအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းပေးသည့်အပြင် လုပ်ငန်းဆောင်တာများကိုလည်း စစ်ဆေးပေးမှု များ ဆောင်ရွက်နေကြောင်း။
နိုင်ငံရေးပါတီဆိုသည်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ထောင်ခွင့် ပြုထားသော အဖွဲ့အစည်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း။