အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄)တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁-၁-၂၀၂၄)

တည်ဆဲဥပဒေများကို လေးစားလိုက်နာ

             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းနိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံသားတိုင်း၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင်လည်း ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်တို့ နှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံနှင့်သဟဇာတဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းသာ နေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ မရှိပါကြောင်း၊ လူမျိုးပေါင်းစုံ ပျံ့နှံ့နေထိုင်နေကြ ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဖက်ဒရယ်ဆိုင်ရာလုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁၊ ၂၊ ၃၊ ၅) ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသတို့ အတွက် ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း။