ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၉-၁-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ

၁။       အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်ကောင်းစေရန်အတွက် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ဦးဆောင်သည့် နိုင်ငံရေးပါတီ၊ ထိန်းကြောင်းပေးသည့် လွှတ်တော်များရှိပြီး မူဝါဒများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သည် အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများဖြစ်ကြောင်း။
၂။       မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်စနစ်ကို နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီစွာ ကျင့်သုံးသည့်ပုံစံဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားစီရင်ရေး၊ အုပ်ချုပ် ရေးနှင့် ဥပဒေပြုရေးအာဏာများ ခွဲဝေပေးထားသည်ကို ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ၎င်းတို့အားပေးထားသည့် လုပ်ပိုင်ခွင့်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှု မရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအနေဖြင့် အားမလိုအားမရမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း။
၃။         ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် အစိုးရတစ်ခုနှင့်တစ်ခု အကောင် အထည်ဖော်ဆောင်ရွက်မှုများ မတူညီမှုများရှိသဖြင့် လိုအပ်ချက်များရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်တွင် တတ်နိုင်သမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ညီတူညီမျှ တိုးတက်မှုရှိအောင် ဆောင်ရွက်စေခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် များ ချမှတ်ဆောင်ရွက်ခြင်းတွင် အဆိုပါအချက်များ ပါရှိပြီးဖြစ်ကြောင်း၊ အမျိုးသားစီးပွားရေး စီမံကိန်းတွင် နှစ်အလိုက် ဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ဖော်ပြထားကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင် ပြည်ထောင်စုအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းများ ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် အဓိကကျကြောင်း။