ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁- ၇-၂၀၂၃ )

၁။       နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ် ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ် ဖြစ်သော တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေး တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ် ပါကြောင်း၊

၂။       ရှေ့လုပ်ငန်းစဉ် ၅ ရပ် အနက် တတိယအချက်ဖြစ်သည့် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့် အချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြောကြားလိုပါကြောင်း၊ မိမိတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်း နေခြင်းဖြစ်ပြီး တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီစနစ်တို့ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်လာသော မည်သည့် အပြုအမှုမျိုးဆိုမဆို ဥပဒေနှင့် အညီ ကာကွယ်တားဆီးသွားရမည်ပင်ဖြစ်ပါကြောင်း၊

၃။       ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရမည်ဖြစ်ခြင်းကြောင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည် ဖြစ်ပါကြောင်း၊

၄။       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ဦးတည်ချက်(၁၂) ရပ်ကိုရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်တွင် ဆန္ဒမဲပေးရွေးချယ်ခြင်းသည် အဓိက အကျဆုံးကဏ္ဍဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူအားလုံးကို အေးချမ်းလုံခြုံစွာ မဲပေးနိုင်ခွင့်ရှိရေး ဆောင်ရွက်ရမည်မှာ အစိုးရတာဝန်ဖြစ်သကဲ့သို့ မဲပေးခြင်း၊ မဲမပေးကြခြင်းမှာ ပြည်သူတစ်ဦး တစ်ယောက်ချင်း၏  ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါ ကြောင်း။