ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့အား ၁၉၆၇ ခုနှစ်၊ (လှုပ်ရှားမှုမရှိ)နှင့် ၁၉၇၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(Arakan Liberation Party -ALP) ကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်တွင် ခိုင်ပြည်သိမ်း ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဒုတိယအကြိမ် တည်ထောင်မှုကို ၁၉၇၂-၇၄ အတွင်းပြုလုပ်ခဲ့ပြီး အဓိက ဦးဆောင်ပါဝင်ခဲ့သူများမှာ ခိုင်မိုးလင်း၊ ခိုင်စိုးနိုင်အောင် နှင့် ခိုင်ရဲခိုင်တို့ ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်များအတွင်း ပါတီကို ဥက္ကဋ္ဌ ဦးကျော်လှိုင်၊ ဒုတိယဥက္ကဋ္ဌ ခိုင်နီလင်းနှင့် အတွင်းရေးမှူး ခိုင်အာဏာနီတို့က ဦးဆောင်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၂ အထိ ဥက္ကဋ္ဌ အဖြစ် ခိုင်ရဲခိုင်က တာဝန်ယူခဲ့သည်။
ပါတီ၏ လက်ရှိဥက္ကဋ္ဌမှာ စောမြရာဇာလင်း ဖြစ်ပြီး အတွင်းရေးမှူးများမှာ စောစုနန္ဒီအောင်၊ ခိုင်သူရိန်စိုးတင့်နှင့် ခိုင်လှမြင့်တို့ဖြစ်ကြသည်။ ပါတီတွင် ဗဟိုအလုပ် အမှု ဆောင် (၇)ဦး၊ ဗဟိုကော်မတီ(၁၈)ဦး စုစုပေါင်း ဗဟို ၂၅ ဦးဖြင့် ပါတီကို ဦးဆောင်လျက် ရှိနေသည်။
ALP ၏ အဓိကလှုပ်ရှားနယ်မြေကို ပြည်တွင်းအဖြစ်သတ်မှတ်ထားရှိကာ ALP နယ်စပ်ဒေသများတွင် အဖွဲ့ငယ်များ ပြန့်ကြဲလှုပ်ရှားလျက်ရှိနေဆဲဖြစ်သည်
၂၀၁၂ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ပြည်နယ်အဆင့် Bilateral လက်မှတ်ရေးထိုးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ALP ၏ ဆက်ဆံရေးရုံးနှင့် အခြားသော ဌာနဆိုင်ရာ ရုံးများကို ကျောက်တော်၊ ပလက်ဝနှင့် စစ်တွေတို့တွင် ဖွင့်လှစ်ထားရှိပြီး လက်ရှိ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ နိုင်ငံတော်ငြိမ်းချမ်းသာယာရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် အစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေသည်။