ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အဖွဲ့အား ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက် တွင် စတင်တည်ထောင်ခဲ့ပါသည်။ အဖွဲ့အစည်းအား စတင်ဖွဲ့စည်းစဉ်က ခေါင်းဆောင်များမှာ ဗိုလ်မှူးချုပ် ခွန်တိဆောင်၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးကြီးခွန်သူရိန်၊ ခွန်မြင့်ထွန်းတို့ဖြစ်ကြသည်။ ယခုလက်ရှိ ခေါင်းဆောင် များမှာ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်၊ ဒုတိယဥက္ကဋ္ဌ(၁)ခွန်ထွန်းတင်၊ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်ခွန်ကျော်ထင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးခွန်မင်းသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) နန်းယဉ်ယဉ်စိုးတို့ ဖြစ်ကြသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏အခြေပြုဒေသမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီး၊ ကဒူးလေးဒေသဖြစ်ပြီး လှုပ်ရှားနယ်မြေများမှာ မောက်မယ်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ လွယ်လင်မြို့နယ် တောင်ဖက်ခြမ်းဒေသတို့ဖြစ်သည်။ စည်းရုံးရေး နယ်မြေမှာ ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုးများနေထိုင်သော ဒေသများဖြစ်သည့် ပအိုဝ်း အမျိုးသားနယ်မြေ ဖြစ်သည်။ ဌာနချုပ်မှာ မောက်မယ်မြို့နယ်၊ ကဒူးကြီဒေသရှိ ဗန်းမတ်ဖြစ်သည်။ PNLO အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပြည်နယ်အဆင့် Bilateral လက်မှတ်ရေးထိုးမှုအား ၂၅.၈.၂၀၁၂ ရက်တွင် လည်းကောင်း၊ ပြည်ထောင်စုအဆင့် Bilateral လက်မှတ်ရေးထိုးမှုအား ၂၃.၃.၂၀၂၃ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ PNLO အနေဖြင့် လက်ရှိတွင် အစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် လျက်ရှိပါသည်။
